Saturday, September 19, 2009

သတင်းမှတ်စု ( ၃၇ )

စင်တင်ဘာ ၁၄ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပါတီရုံးများ ဖွင့်ခွင့်မရသော်လည်း အန်အယ်လ်ဒီ စည်းရုံးရေးဆင်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နယ်ရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် မရသေးသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

၂၀၀၃ ခု မေလတွင် စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်ထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီရုံးခွဲများကို ဒေသအာဏာပိုင်အသီးသီးက ပိတ်ပစ်ခဲ့သည်။

သို့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များတွင် လူငယ်အထောက်အကူပြုအဖွဲ့များ ပြန်လည်ဖွဲ့စည်းလျက်ရှိသည်ဟု အန်အယ်လ်ဒီဗဟိုလူငယ်မှ ကိုမြင့်ဌေးက ပြောသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ကချင်ပြည်နယ်၌ ပြည်နယ်စည်းရုံးရေးအဖွဲ့နှင့် မြို့နယ်စည်းရုံးရေးအဖွဲ့တို့၏ အစည်းအဝေးများ ကျင်းပခွင့်ပေးခဲ့သော်လည်း အမျိုးသမီးနှင့် လူငယ်အထောက်အကူပြုဖွဲ့စည်းရေးကို အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အာဏာ ၄၀ ရာခိုင်နှုန်း ခွဲပေးရန် စစ်အစိုးရကို တကျော့ပြန် ဦးဝင်းနိုင် အဆိုပြု

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၌ အုပ်ချုပ်ရေး အာဏာ၏ ၄၀ ရာခိုင်နှုန်းကို ခွဲဝေပေးရန် ဝါရင့် နိုင်ငံရေးသမား အမျိုးသားရေး ဦးဝင်းနိုင်က တောင်းဆိုလိုက်သည်။

‘၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ် ဆွေးနွေးပွဲ’ အမည်ရ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဒေါ်လ်ဖင် စားသောက်ဆိုင်၌ ယနေ့ ကျင်းပရာ ပြည်တွင်းပြည်ပမှ သတင်းထောက် ၃၀ ဦးခန့် ရှေ့မှောက်တွင် သူက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးခဲ့သူ နောက်တဦးဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကမူ ဦးဝင်းနိုင်၏ အဆိုပြုချက်အပေါ် သဘောမတူကြောင်း ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါ နိုင်ငံရေးသမားကြီး နှစ်ဦး၏ သဘောထားအမြင်များ ခင်းကျင်း ပြသခဲ့မှုအပေါ် အားရကျေနပ်ကြောင်း တက်ရောက်ခဲ့သူ တချို့က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား


စက်တင်ဘာတလလုံးကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီးဖြစ်ကာ ယခုအခါ နအဖအာဏာပိုင်များက လုံခြုံရေးများကို နေရာမလပ် ချထားလျက်ရှိကြောင်း ရန်ကုန်မြိုခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အပါအ၀င် အခြားအိမ်ရာများတွင် လျှပ်စစ်မီးများ ဖြတ်တောက်အမှောင်ချကာ လုံခြုံရေးရဲများ ကင်းပုန်းလှည့်နေကြကြောင်း ကမာရွတ်မြို့နယ်တွင်း နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်ရှိ အထင်ကရနေရာများဖြစ်သော ဘူတာကြီးဝန်းကျင်၊ ဆူးလေလမ်းမ၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း စသည်တို့တွင် လုံခြုံရေးချထားမှုများ အရေအတွက် ပိုများလာကြောင်း မျက်မြင်များက ပြောသည်။

ယခုရက်ပိုင်းတွင် လုံခြုံရေး ပိုမိုချထားသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းပုံစံဖြင့် မမြင်ကြတော့ကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တဆိုင်၏ မန်နေဂျာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စင်တင်ဘာ ၁၅ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

အထက်မြန်မာပြည် မြို့အချို့တွင် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုများကို အထက်မြန်မာပြည် မြို့နယ်တို့တွင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အန်အယ်လ်ဒီပါတီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။
ရေနံချောင်း အန်အယ်လ်ဒီပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသည့်မြို့ခံများ ပူးပေါင်းကာ အဖြူရောင်ဝတ်စုံများဖြင့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီဝင်များ၏ လှုပ်ရှားမှုများကို အာဏာပိုင်များက အနှောင့်အယှက် မပေးခဲ့သော်လည်း စောင့်ကြည့်မှုများ ရှိကြောင်း၊ ၀တ်ပြုဆုတောင်းမည့် အန်အယ်လ်ဒီပါတီဝင်များ မ၀င်နိုင်စေရန် မြို့နယ်တွင်းရှိ တန်ခိုးကြီးဘုရားများကို အင်္ဂါနေ့တွင် သော့ခတ်ထားလေ့ရှိကြောင်း သိရသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မြင်းခြံ မြို့နယ်တို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း၌လည်း ၀တ်ပြုဆုတောင်းမှုများ၊ ဓာတ်ပုံဖြန့်ဝေလှုပ်ရှားမှုများ၊ အ၀ါရောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ကြားနာခွင့် မရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အန်အယ်ဒီ လူငယ်လုပ်ငန်းအဖွဲ့ ၆၉ မြို့နယ်တွင် ပြီးစီးဟုဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်နှင့် အမျိုးသမီးထု စုစည်းမှုရှိစေရန် နယ်ဆင်း၍ ပြန်လည် ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ ၆ လခန့်အကြာတွင် မြို့နယ် ၆၉ မြို့နယ်တွင် လူငယ်လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟု သိရသည်။

ဗဟိုလူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့က ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၆၉ မြို့နယ်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြို့နယ်လူဦးရေအလိုက် မြို့နယ်လူငယ်အဖွဲ့တွင် ဦးဆောင်သူ ၅ ဦးမှ ၁၄ ဦးအထိ ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုလူငယ်များအား ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဆွေးနွေးသင်ကြားမှုများ ကွင်းဆင်း၍ ပြုလုပ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဝန်ကြီးချုပ် ကုလအထွေထွေ ညီလာခံသို့ တက်ရောက်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နယူးယောက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အဖွဲ့ဝင် ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပြီး ၁၄ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သော အဆင့်မြင့်ဆုံး မြန်မာကိုယ်စားလှယ် ဖြစ်လာမည်။ ၁၉၉၅ ခုနှစ်က ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေး တက်ရောက် ခဲ့ဖူးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၆ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု
သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား


ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီးကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်ရန် ကျောင်းသားအဖွဲ့များ တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် လှုပ်ရှားမှုမျိုး ထပ်မံ ပေါ်ပေါက်လာပါက ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်းရန် ပြည်တွင်းရှိ ကျောင်းသားအဖွဲ့ နှစ်ဖွဲ့က တိုက်တွန်း လိုက်သည်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

ကျောင်းသားနှစ်ဖွဲ့က ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာတော်များအပေါ်အာဏာပိုင်များက ဖမ်းဆီး နှိပ်စက်ရုံသာမက ဆက်လက်၍ ထိုသို့လုပ်ဆောင်နေသဖြင့် ရပ်တန်းက ရပ်ရန်၊ သံဃာတော်များအပေါ် အမှားအယွင်း များအတွက် ပြန်လည် တောင်းပန်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

အာဏာပိုင်များက ယခုလို ဆက်လက်လုပ်ကိုင်ပါက သီးခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် သူတို့နှင့် ပူးပေါင်းရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

ကြေညာချက်ကို ရန်ကုန်၊ မန္တလေး၊ မတ္ထီလာ၊ မကွေး၊ မြင်းခြံ၊ တောင်ကြီး၊ စစ်ကိုင်း၊စစ်တွေ၊ မော်လမြိုင် အစရှိသည့် မြို့များ၌ လူစည်ကားသော နေရာများတွင် လိုက်လံဝေငှနေပြီး၊ ရန်ကုန်ရှိ တာမွေဈေး၊ နန္ဒဝင်ဈေး၊ အင်းစိန်ဈေး၊
မြေနီကုန်း (မနက်ပိုင်းဈေး)၊ မြောက်ဥက္ကာလာပ အစရှိသောမြို့များတွင်လိုက်ဝေနေသည်ဟု ကိုဇာနည်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၇ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
အစည်းအဝေးကျင်းပမည်


ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၏ ရှေ့လုပ်ငန်းစဉ်များအတွက် မနက်ဖြန်တွင် အန်အယ်လ်ဒီရုံးချုပ်၌ အစည်းအဝေးတရပ်ပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် အစည်းအဝေးသို့ အကျဉ်းကျနေသော ပါတီခေါင်းဆောင်များနှင့် ကျန်းမာရေးမကောင်းသည့် ပါတီခေါင်းဆောင်များမှလွဲ၍ ကျန်ပါတီခေါင်းဆောင်များ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးသုဝေ နှင့် ဦးဝင်းနိုင်ကို အာဏာပိုင်က သတိပေး

ချင်းမိုင် (မဇ္ဈိမ)။ ။ ပူပူနွေးနွေး နိုင်ငံရေးပါတီတခုဖြစ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်သူတဦးဖြစ်သည့် ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့အား ကြိုတင်အကြောင်းမကြားဘဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သဖြင့် အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးလိုက်သည်။


ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆို၍ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်း ဖြစ်သည်။

၅ ဦးထက်ကျော်၍ စုဝေးမည်ဆိုလျှင် ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အမိန့်ကြိုတင် ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။ ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်

နယူးဒေလီ။ ။ နိုင်ငံတဝှန်းရှိ အကျဉ်းသား ၇၁၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟူ၍ စစ်အစိုးရ သတင်းဌာနများက ယနေ့ ညပိုင်းတွင် ကြေညာလိုက်သည်။

မြဝတီ ရုပ်မြင်သံကြား အစီအစဉ်မှ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ပြသသည့် ကိုရီးယား ဇာတ်လမ်းတွဲ ပြသနေချိန်အတွင်း အောက်ခြေရှိ စာတန်းပြေး နေရာတွင် အကျဉ်းချုံးဖော်ပြခဲ့သလို၊ မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းအစီအစဉ်တွင် ထပ်မံ၍ ထုတ်ဖော်ကြေညာလိုက်ခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အတွင်း ပြန်လွတ်လာခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာရန် မျှော်လင့်နေကြောင်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်

ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ ဖမ်းဆီးခံရသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတင်ပြထားပြီး ယခုအခါ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော်ရှိနေပြီဟုလည်း ဖော်ပြထားသည်။ ယမန်နေ့က ထုတ်ပြန်လိုက်သည့် “မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” အစီရင်ခံစာတွင် စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်းခံနေရသည့် နာမည်ကြီး လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုမင်းကိုနိုင်၊ မစုစုနွေးနှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဆရာတော်အရှင်ဂမ္ဘီရတို့ အပါအ၀င် အဖမ်းဆီးခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တင်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြင်းခြံမှ တက်ကြွလှုပ်ရှားသူ ၅ ဦး အဖမ်းခံရ

ချင်းမိုင်(မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြင်းခြံမြို့မှ လှုပ်ရှားတက်ကြွသူ ၅ ဦးအား မန္တလေးတိုင်း အထူးရဲသတင်း တပ်ဖွဲ့က ယခုလ ၁၅ ရက်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။

အသက် ၃၀ ကျော် အရွယ်များဖြစ်သည့် ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုစိုးရာဇာဖြူ၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီနှင့် ဦးကြည်ဝင်းတို့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စင်တင်ဘာ ၁၈ ရက်
ရက်သတ္တပတ် ၃၆၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံ အောက်တိုဘာ ၂ ရက် အမိန့်ချမည်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။
(မဇ္မျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်

စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။

ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
-------------------
သတင်းထောက် ၂ ဦး လွတ်မြောက်လာ

ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်ဒုက္ခသည်များ အရေး သတင်းယူခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး နှင့်အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့်တို့ အင်းစိန်ထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက် လာသည်။

သူတို့နှစ်ဦးစလုံးအား နိုင်ငံတော် ဆူပူမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး Weekly Eleven အယ်ဒီတာ ဟောင်း ကိုကျော်ကျော်သန့် (၃၀ နှစ်) ကို ၇ နှစ်၊ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (၂၄ နှစ်) ကို ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။
( ခေတ်ပြိုင် + မဇ္ဈိမသတင်းများမှ ကောက်နှုတ်ချက် )

1 comment:

Nge Naing said...

သတင်းမှတ်စု လာဖတ်သွားပါတယ်။ အခုတလော အလုပ်များလို့ ခါတိုင်းဖတ်နေကျ သတင်းတောင် ပုံမှန်မဖတ်နိုင် ဖြစ်ပြီး ဒီမှာ စုပြီး တင်ပြထားတဲ့ သတင်းအကျဉ်းချုပ်ကိုပဲ လာဖတ်လိုက်တယ်။