Sunday, August 23, 2009

သတင်းမှတ်စု ( ၃၃ )

သြဂုတ်လ ၁၇ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

ဆရာကြီး ဦးဝင်းတင် ခွဲစိတ်ကုသမှု ခံယူ

မဇ္စျိမ (ချင်းမိုင်)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ရန်ကုန်ရှိ ဆေးရုံတရုံ၌ ယမန်နေ့က အောင်မြင်စွာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အသက် ၈၀ အရွယ် သတင်းစာဆရာဟောင်း ဦးဝင်းတင်သည် နှလုံးခုန်နုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ခဲ့ပြီး၊ ၁၆ ရက်နေ့ ညနေတွင် နှလုံးခွဲစိတ်ကာ စက်ထည့်သွင်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ်
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင် (၇) နှစ်ချမှတ်ခံရသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောလည်း ထောင်ဒဏ်က ကင်းလွတ်ပြီး ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆမ လက်မှတ် ရသော်လည်း ဆရာဝန်များ အလုပ်ရရန် မရေရာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဆေးတက္ကသိုလ် ဘွဲ့ရသူများကို မွမ်းမံသင်တန်း တလတက်ပြီးနောက် ဆေးကုသခွင့် လက်မှတ် (ဆမ) ထုတ်ပေးမည် ဖြစ်သော်လည်း အလုပ်ရရန် မလွယ်ကူကြောင်း သိရသည်။

ဆေးတက္ကသိုလ် ဘွဲ့ရပြီးသူများကို ယခင်က အစိုးရဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်မှသာ ဆေးကုသခွင့် လက်မှတ်ပေးခဲ့ရာမှ မွမ်းမံသင်တန်း တလ တက်ရောက်ရုံဖြင့် လက်မှတ်ပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် လအတွင်း ကြေညာလိုက်သော်လည်း အလုပ်ခန့်ထားရန်ကိုမူ ထုတ်ပြန်ပေးခြင်း မရှိသဖြင့် အလုပ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ဘွဲ့ရ ထက်ဝက်ခန့် နီးပါး အလုပ် အလုပ်ခန့်ထားရန် ကျန်ရှိနေသေးသည်။ ထိုသူများကို မွမ်းမံသင်တန်း တလ တက်ပြီး ဆမ လက်မှတ်ပေးမည် ဖြစ်သော်လည်း တရားဝင် အလုပ်ခန့်ထားရန် မသေချာခြင်းကြောင့် ဆေးကျောင်းသားများ စိုးရိမ်လာကြခြင်း ဖြစ်သည်။

ယခင်က အစိုးရ ဝန်ထမ်းအဖြစ် ၃ နှစ် မလုပ်ပါက ဆေးကုသခွင့် လက်မှတ် မရှိသဖြင့် တရားဝင် ဆေးကုသခွင့် မရှိရာမှ ယခု ဆမ လက်မှတ်ရပြီး အစိုးရ အလုပ်အကိုင် တရားဝင် ခန့်အပ်မခံရသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အပြင်ဆေးခန်းများ ဖွင့်ခွင့် ရရှိလာမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံဃာတော်များ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

ရန်ကုန်တွင် သံဃာအရေးအခင်း စတင်မည်ဟူသော သတင်းများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေပြီး လုံခြုံရေးများ ထပ်မံတိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။
ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ချထားသည်မှာ အဆိုပါသတင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာအေးဘုရားရှေ့ ဂိတ်ပေါက်တွင် တာဝန်ကျရဲတပ်သားတဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း ကျောင်းတိုက်များရှိ သံဃာတော်များကို အစိုးရဆန့်ကျင်မှုလုပ်ငန်းများတွင် ပါဝင်ပါက သံဃာများကို လူဝတ်လဲစေပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်မည်ဟု မြို့နယ်အာဏာပိုင်များကတဆင့် အကြောင်းကြားထားကြောင်း မယ်လမု ဘုရားအနီး ကျောင်းတိုက်တခု၏ ဆရာတော်တပါးက မိန့်ကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပြေးညီ စည်းကမ်းထားရန် စာပေစိစစ်ရေးကို တောင်းဆို

ယခုလ (၁၄) ရက်တွင် စာပေစိစစ်ရေးရုံး၌ စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးတင့်ဆွေနှင့် တွေ့ဆုံရာတွင် ပုဂ္ဂလိက ဂျာနယ်တာဝန်ခံ အယ်ဒီတာများက စာပေစိစစ်ရေးအဖွဲ့အနေဖြင့် သတင်း၊ ဆောင်းပါးတို့ကို စိစစ်ခွင့်ပြုချက်ပေးရာတွင် တပြေးညီ စည်းကမ်းသတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဂျာနယ်များက စာပေစိစစ်ရေးသို့ သတင်းနှင့်ဆောင်းပါးများ တင်ပြရာတွင် သတ်မှတ်ချက်မရှိဘဲ လုပ်ချင်သလိုလုပ်နေကြောင်း၊ ဥပမာ သတင်းတပုဒ်ထဲကိုပင် ဂျာနယ်အချို့တွင် ဖော်ပြခွင့်ပြုပြီး ဂျာနယ်အချို့တွင် ပိတ်ပင်သည့် လုပ်ရပ်များကို ထောက်ပြ ပြောဆိုကြကြောင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
နအဖစစ်အစိုးရသည် ပုဂ္ဂလိက ဂျာနယ်များ၏ တင်ပြသမျှ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကြောင်းပြချက်မပေးဘဲ ပိတ်ပင်မှုများရှိကြောင်း၊ ခွင့်မပြုဘဲ ပိတ်ပင်သည့် အကြောင်းအရာများမှာလည်း နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေး၊ အားကစား၊ ဘာသာပြန်၊ ကာတွန်း တို့ဖြစ်ကြောင်း၊ ဗိုလ်မှူးတင့်ဆွေ စာပေစိစစ်ရေးမှူးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဂျာနယ်များအပေါ် ခွဲခြားဆက်ဆံမှု များပြားလာကြောင်း အယ်ဒီတာများက ပြောသည်။

စာပေစိစစ်မှု နှောင့်နှေးအချိန်ကြာမှုနှင့်ပတ်သက်၍လည်း ပြည်တွင်းဂျာနယ်တာဝန်ခံ အယ်ဒီတာများက တင်ပြကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၁၈ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်

မဇ္ဈိမ (ချင်းမိုင်)။ ။ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

ယခု အစီအစဉ်အား တပ်မဟာ (၆) နယ်မြေအခြေစိုက် တပ်ရင်း ၃ ခုမှ အခြားတပ်ရင်းတခုဖြစ်သော တပ်ရင်းအမှတ် ၁၈ နှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း တပ်မဟာ (၆) တပ်မဟာမှူးထံသို့ တင်ပြထားသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ တင်ပြလာလျှင် သုံးသပ်ပြီး သင့်တော်ပါက ဦးဆောင် အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း KNU ဒုဥက္ကဌက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်ပါက
မြို့ခံအာဏာပိုင်များအား အရေးယူမည်

ပြည်တွင်းတွင် သံဃာတော်လှုပ်ရှားမှု ပြန်လည်စတင်တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နယ်မြို့များတွင် နအဖ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု တစုံတရာ ပေါ်ပေါက်လာက မြို့ခံအာဏာပိုင်အဖွဲ့အစည်းများအား ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့အရေးယူမည့်အကြောင်းကို ပြီးခဲ့သည့် သြဂုတ် (၁၅) ရက်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက မော်လမြိုင်မြို့၌ မြို့နယ်အာဏာပိုင်တို့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ ဒုတိယ ရဲမှူးတဦးက ခေတ်ပြိုင်သို့ ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တားမြစ်စားသုံးဆီများ အရောင်းတွင်နေဆဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ပမှ တင်သွင်းသော စားသုံးဆီ လေးမျိုးကို တရားဝင် ပိတ်ပင်လိုက်သော်လည်း ဈေးနှုန်း သက်သာမှုကြောင့် ဈေးကွက် အတွင်း ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံနှင့် မလေးရှားမှ တင်သွင်းသည့် စားသုံးရန် မသင့်သည့် ဆီ အမှတ်တံဆိပ် ၄ မျိုးကို နိုင်ငံပိုင် သတင်းစာများမှ တဆင့် အသိပေး ထုတ်ပြန်ခဲ့သော်လည်း ဈေးကွက်က ဆက်လက်သုံးစွဲနေခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံတွင် စစ်တောင်းမြစ်ရေကြီး

ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ (၁,၁၇၂) စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် (၁,၀၇၀) ထက် (၁၀၂) စင်တီမီတာ (၃) ပေခွဲခန့် ကျော်လွန်နေကာ နောက် (၇၂) နာရီအထိ စိုးရိမ်ရေအမှတ်ထက်တွင် ရှိနေဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စစ်တောင်းမြစ်ရေမြင့်တက်လျက်ရှိကာ သြဂုတ် (၈) ရက်တွင် တောင်ငူမြို့လူနေရပ်ကွက်များအတွင်း ရေလွှမ်းမိုးမှုခံခဲ့ရပြီး သြဂုတ် (၁၀) ရက်တွင်လည်း ဖြူးမြို့နယ်အတွင်းရှိ လူနေအိမ်အချို့ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ မြို့နယ်စည်း နောက်တိုး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ချင်းမိုင် ။ ။ အင်းစိန်ထောင်ထဲတွင် ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ်ကျနေသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယု အပါအဝင် အမှုတွဲတူ ၁၀ ဦးအနက်အချို့ကို ထောင်တွင်းတရားရုံးက ယခုလ ၁၄ ရက်နေ့တွင် နောက်တိုးထောင်ဒဏ်၂ နှစ်စီ ချမှတ်လိုက်ပြန်သည်။

၂ဝဝ၇ ခု သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အမှုတွဲတခုထဲအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် စွဲချက်တင်ထားသည့် ပုဒ်မတချို့ဖြင့် ပြစ်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပြီးနောက် ယခုတဖန် တာဝန်ဝတ္တတရား နှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ထပ်မံ၍ ပြစ်ဒဏ်ချခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၁၉ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

နိုင်ငံရေးအကျဉ်းသားများနှင့် စရဖ တွေ့ဆုံ


အင်းစိန်ထောင်အပါအဝင် နယ်ထောင်အသီးသီးတွင် အကျဉ်းချထားခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် အချို့ကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်များက ပုံမှန်သွားရောက်တွေ့ဆုံနေကြောင်း စုံစမ်းသိရှိရသည်။ ၎င်းအနေဖြင့် အထက်ညွှန်ကြားချက်အရ အချို့နိုင်ငံရေး အကျဉ်းသားများကို (၂) ခေါက်၊ အချို့ကို (၃) ခေါက် တွေ့ဆုံမေးမြန်းပြီးပြီဖြစ်ကြောင်း၊ ထောင်တွင်းတွေ့ဆုံမေးမြန်းရာ၌ အခြား ထောင်တာဝန်ကျများပင်လျှင် အနားတွင် ရှိမနေစေဘဲ နိုင်ငံရေးအကျဉ်းသားများနှင့် တဦးချင်း၊ တချိန်မှာ တယောက်ကိုသာ တွေ့ဆုံမေးမြန်းကြောင်း ရှင်းပြသည်။ ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို စရဖအဖွဲ့ဝင်များက ထောင်ထဲဝင်ပြီး မေးမြန်းနေသည့်ကိစ္စ အကျဉ်းသားမိသားစုဝင် များကလည်း စိတ်ဝင်စားနေကြပြီး ၎င်းတို့၏မိသားစုဝင်များ မကြာမီ ပြန်လွတ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အဖြူရောင်ကင်ပိန်း အဆုံးသတ်

ချင်းမိုင် ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယခုလ ၁၅ ရက်နေ့မှ စတင်ခဲ့သော အန်အယ်ဒီ ပါတီဝင်များ၏ အဖြူရောင် ကင်ပိန်းသည် ယနေ့တွင် အပြီးသတ်လိုက်ပြီ ဖြစ်သည်။

၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ကင်ပိန်းလှုပ်ရှားမှုအား ယနေ့တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ပဲခူး၊ တွံတေး၊ ရေနံချောင်း၊ မန္တလေးနှင့် မြင်းခြံမြို့နယ်များမှ ပါတီခေါင်းဆောင်များက ပြောဆိုကြခြင်း ဖြစ်သည်။ ယခုလ ၁၁ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်တွင်းတရားရုံးက ပြစ်ဒဏ် ချခဲ့ပြီးနောက် အန်အယ်ဒီ ပါတီဝင်များ ဦးဆောင်သည့် အဖြူရောင်ကင်ပိန်းသည် ယခုမြို့နယ်များအပြင် အခြားသော မြို့နယ်ဒေသများတွင်လည်း လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံတောင်းဆိုမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး စုပေါင်းတောင်းဆိုရန်အတွက် အာဆီယံထိပ်ပိုင်းအရာရှိများသည် သြဂုတ် (၂၀) နှင့် (၂၁) ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ပြုလုပ်မည့် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးအတွက် အာဆီယံနိုင်ငံများ၏ စုပေါင်းသဘောတူညီချက်တရပ် ပေါ်ထွက်နိုင်ရန် ထိုင်းနိုင်ငံက ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပိရွမ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ်ကလည်း အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်နှင့် သြဂုတ် (၁၇) ရက်၌ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချမှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ အာဆီယံထိပ်တန်း အရာရှိများ ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြသည်။

မစ္စတာဝက်ဘ်နှင့်တွေ့ဆုံရာတွင် မစ္စတာအဖိဆစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးမူကို အခိုင်အမာပြောဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုဖြင့် မြန်မာနိုင်ငံပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ၎င်းအနေဖြင့် မယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။
ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ထိုင်းကနေ ထွက်ခွာသွားပြီ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ခိုးဝင်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရသူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ ယနေ့နံနက်တွင် အမေရိကားသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ဂျွန်ဝီလျံ ယက်တောသည် UA 890 လေကြောင်းဖြင့် ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှ ထွက်ခွာသွားသည်ဟု ယင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိ ဗိုလ်မှူးကြီး Pongdej Chaiprawet က အေအက်ပီ သတင်းဌာနကို ပြောသည်။

သူသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လေယာဉ်ပြောင်း၍ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလီစ်မြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၀ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဦးဝင်းတင် ဆေးရုံမှဆင်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်သည် အာရှတော်ဝင် ဆေးရုံ၌ (၃) ရက်ကြာ ဆေးကုသခံယူခဲ့ပြီး ယနေ့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

နှလုံးခုန်နှုန်း လျော့ကျလာသည့် ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် သြဂုတ် (၁၅) ရက် ညပိုင်းတွင် အာရှတော်ဝင်ဆေးခန်းသို့ တက်ရောက်ခဲ့ရပြီး နှလုံးခုန်စက်ထည့်သွင်းတပ်ဆင်ထားရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အကျိုးတူ လယ်ယာမြေစနစ်ကြောင့် လယ်သမားများ လယ်ယာ ဆုံးရှုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ လယ်ယာစနစ် လုပ်ကိုင်နေသော ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ တောင်သူလယ်သမား ဦးရေ ၁၆၀၀ ကျော်သည် လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း အန်အယ်ဒီဗဟို တောင်သူလယ်သမားလုပ်ငန်းအဖွဲ့က ပြောသည်။

ပြီးခဲ့သည့်နှစ်က စိုက်ပျိုးရေးအထူးဇုန်အဖြစ် သတ်မှတ်ပြီး လယ်ဧက ၃ သောင်းကျော်တွင် ပုဂ္ဂလိက ကုမ္ပဏီ ၁၀ ခုကျော်နှင့် အကျိုးတူ လယ်ယာစနစ် စတင်လုပ်ကိုင်ခဲ့ရာ ယခုနှစ်တွင် ကုမ္ပဏီများက လယ်ပိုင်ရှင်များကို ပေါက်ဈေး တဧက ၄-၅ သိန်းရှိသော်လည်း တဧက ၂ သောင်းနှုန်းဖြင့်သာ ပေးချေ၍ လယ်မြေများကို သိမ်းယူလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

(၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာမှန်မှန်မတွေ့နိုင်

နယ်ဝေးထောင်များသို့ အပို့ခံထားရသော (၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာတွေ့နိုင်မှု အခက်အခဲ များစွာရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပဲကုန်သည်ကြီးများ အကြွေးမှု ၇၉ မှု ရင်ဆိုင်နေရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲဈေးကွက် ပျက်ခဲ့မှုကြောင့် ပြီးခဲ့သည့်နှစ်က အကြွေးတင်ခဲ့သည့် မြန်မာ့ပဲဈေးကွက်ကို ချုပ်ကိုင်ထားခဲ့သူ ပဲကုန်သည်ကြီး ၇ ဦး အနက် ၆ ဦးအား အကြွေးရလိုသူ ၇၉ ဦးက တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ငွေကြေး အကြပ်အတည်းကာလနှင့် တိုက်ဆိုင်၍ ကမ္ဘာ့ပဲဈေး ထက်ဝက်ခန့် ရုတ်တရက် ထိုးကျသွားရာမှ အဓိက ပဲဝယ်ရောင်း ကုန်သည်ကြီး ၇ ဦးသည် ပေးရန် အကြွေးများစွာ ရှိနေသည်ကို အကြွေးရလိုသူ ကုန်သည်များက သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှတဆင့် တရားစွဲဆိုကြခြင်း ဖြစ်သည်။ ကုန်သည် စက်မှု အသင်း၏ ဖျန်ဖြေရေး ကော်မတီက ပဲကုန်သည်များ၏ ရရန်နှင့် ပေးရန် ရှိသည်များကို တာဝန်ယူ ဖြေရှင်းပေးနေခြင်းကို ယခုလအတွင်း ရပ်ဆိုင်းလိုက်ပြီး ရရန်ရှိသူ ပဲကုန်သည်များကို သက်ဆိုင်ရာ မြို့နယ်များအလိုက် တရားစွဲ၍ တောင်းဆိုကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မေတ္တာကျေးရွာ ရွာသားအချို့
အိမ်ရာများ စွန့်ခွာထွက်ပြေးနေကြ


ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ ညောင်ငူကျေးရွာအနီး စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့သော မေတ္တာကျေးရွာတွင် နေထိုင်ခွင့်ရရှိသည့် နာဂစ်လေဘေးဒုက္ခသည်အချို့သည် မိမိတို့ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေကြသည်။

အချို့က အိမ်ရာပြန်အပ်ပြီး အချို့က အိမ်ရာများကို သော့ခတ်ကာ မူလနေရပ်များသို့ ဒေသအာဏာပိုင်များမသိအောင် မသိမသာရွှေ့ပြောင်းနေကြသည်။

မေတ္တာကျေးရွာတွင် နေအိမ်ရရှိသူများသည် ဒေသ၏ (ဘောက်) ကျပန်းအလုပ်သမားများဖြစ်ပြီး ယခင်ဇာတိကျေးရွာ၏ လုပ်ငန်းခွင်များနှင့်ဝေးကွာခြင်း၊ စိုက်ပျိုးရန် မြေနေရာလွတ်မရှိခြင်း၊ သက်ဆိုင်ရာမှ အလုပ်အကိုင်အခွင့်အလမ်းများ မပေးနိုင်ခြင်းတို့ကြောင့် နေစရာရှိသော်လည်း စားစရာမရှိဖြစ်ကာ ယခုကဲ့သို့ ရွှေ့ပြောင်းကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မေတ္တာကျေးရွာ၌ နေထိုင်ခွင့်စာရင်းဝင်သူများသည် မယူမနေရ အဆိုပါအိမ်ရာများတွင် နေထိုင်ကြရပြီး နေရေး စားရေးအခက်အခဲများကို ပြင်ပသို့ သတင်းပေါက်ကြားပါက ဖမ်းဆီးမည်ဟု သတင်းလွှင့်ထားခြင်းကြောင့် ရွာခံတို့မှာ အကြောက်လွန်နေကြသည်။ ယခင်လုပ်ငန်းခွင်ရှိရာ ကျေးရွာများနှင့် မေတ္တာကျေးရွာသည် (၃၀၄) မိုင် ဝေးကွာနေခြင်းကြောင့် ယခုကဲ့သို့ အိမ်ရာစွန့်ခွာထွက်ပြေးရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ မေတ္တာကျေးရွာနှင့် ရွာချင်းကပ်ကျေးရွာများမှာ ဆယ်ဂဏန်းမျှသာရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဆရာကံချွန် ကွယ်လွန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကာတွန်း ကံချွန် (အသက် ၆၄ နှစ်) သည် မန္တလေးနေအိမ်တွင် အသည်းကင်ဆာဖြင့် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို မနက်ဖြန် နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၂၁ ရက်
ရက်သတ္တပတ် ၃၃၊ ၂၀၀၉
မြန်မာသတင်း

မြန်မာပြည်တောင်ပိုင်းတွင် ဖောက်ခွဲမှု ဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ပူးပေါင်း၍ မြန်မာပြည် တောင်ပိုင်းဒေသများတွင် ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်လာနိုင်၍ သတိထားစောင့်ကြည့်ကြရန် စစ်အစိုးရအာဏာပိုင်များက စာဖြန့်ဝေကာ ကျေးရွာဥက္ကဋ္ဌတို့အား အသိပေးထားသည်။

အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူက ယင်းဖောက်ခွဲရေးလုပ်ငန်းအတွက် သင်တန်းသား (၆၀) ကျော်အား လေ့ကျင့်ပေးလျက်ရှိကြောင်းလည်း ပါရှိသည်။

မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၏ ပြည်ပခရီးစဉ်နှင့်ပတ်သက်၍ ပုတ်ခတ်ရေးသားထားပြီး ၎င်းက အခြား အတိုက်အခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကေအန်ယူ ထိန်းချုပ်ရာ နယ်စပ်တနေရာတွင် ဖောက်ခွဲရေးအတွက် သင်တန်းပေးနေသည်ဟု စွပ်စွဲထားသည်။

ယင်းစာနှင့်ပတ်သက်၍ အခြေအမြစ်မရှိကြောင်း ပါတီသိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ စာလိုက်ဖြန့်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရာဇဝတ်မှုများ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကင်ပိန်းလှုပ်ရှားသူများ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေး ကောင်စီအနေဖြင့် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးရမည့်အချိန် ကျရောက်နေပြီဟု ကင်ပိန်းလှုပ်ရှားသူများက ပြောဆိုလိုက်ကြသည်။

မကြာသေးခင်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်လိုက်ခြင်း၊ တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် တိုင်းရင်းသား လူနည်းစုများအား မျိုးတုံးသတ်ဖြတ်နေခြင်းတို့ဖြင့် စစ်အစိုးရသည် သူတို့၏ ရက်စက်မှု၊ ခေါင်းမာမှုတို့ကို ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်ကာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခဲ့သည်ဟု ကင်ပိန်းလှုပ်ရှားသည့် အဖွဲ့ ၃ ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ ၃ ဖွဲ့အနက်မှ တဖွဲ့ဖြစ်သည့် စင်ပြိုင်အာဆီယံအဖွဲ့ (Altsean Burma) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူးဖြစ်သူ ဒက်ဘီစတော့ဟတ် (Debbie Stothard) က ထိုသို့ စုံစမ်းရေးကော်မရှင်တရပ်ကို လုံခြုံရေးကောင်စီက ဖွဲ့စည်းပါရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်

ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အပါအဝင် ကျောက်စိမ်းတွင်းဒေသရှိ ဒေသခံလူထုအကြား ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ အာဏာသက်ရောက်မှု မရှိစေရန် ဖားကန့်စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေးတင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြုတပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်းကိစ္စရပ်များအား ဝင်ရောက်ဖြေရှင်းမှုများ ရှိနေသည့်အပေါ် ဖားကန့်စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်းအတုလုပ်ခြင်း၊ ခိုးဆိုးလုယက်မှုနှင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် တိုင်ကြားချက်များကို ဒေသအတွင်းအခြေစိုက်သည့် ကေအိုင်အေတပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟုဆိုကာ တိုင်ကြားရန် ဖားကန့်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ်ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာအတော်များများတွင် ကေအိုင်အိုအဖွဲ့က ဆယ်စုနှစ်အတော်ကြာ စီမံခန့်ခွဲအုပ်ချုပ်နေခဲ့ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာလမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်းမှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လမ်းလျှောက်ဆန္ဒပြသူများ လွတ်မြောက်လာ

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၇ ခု စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း လိုင်းကားခများ ဈေးတက်သဖြင့် လမ်းလျှောက် သဖြင့် ထောင်ကျခဲ့သူ NLD အဖွဲ့ဝင် ၃ ဦး ယနေ့ လွှတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာကြသည်။

ရန်ကုန်တိုင်း ဒဂုံတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးအမျိုးသမီး တာဝန်ခံ ဒေါ်ခင်အေး (၆၅ နှစ်) မကွေးတိုင်း သရက်ထောင်မှ ယနေ့ လွတ်မြောက်လာသည်။ သူ၏ အမှုတွဲများဖြစ်သည့် ဦးစိုးကြွယ် (၆၈)နှစ် သည် ကချင်ပြည်နယ် မြစ်ကြီးနားထောင်၊ ဒေါ်မြင့်သိန်းသည် မန္တလေးတိုင်း မြင်းခြံထောင်တို့မှ ယနေ့ အသီးသီး လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ သွားရောက်ကန့်ကွက်

စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန်ကလောင်အမည်ဖြင့် မြန်မာသစ်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည့် သူ၏ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက်သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို မြန်မာသစ်မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ကာစမှ နောက်ဆုံးကွယ်လွန်ချိန်အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးတွင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော်ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာသစ်မဂ္ဂဇင်းမှ အယ်ဒီတာတယောက်နှင့်အတူ စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

No comments: