Saturday, August 1, 2009

သတင်းမှတ်စု ( ၃၀ )

ဇူလိုင် ၂၇ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း


ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ထပ်မံရုံးချိန်း အစိုးရရှေ့နေများ လျှောက်လဲချက်မပြီး


ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့တရားခွင်တွင် အစိုးရရှေ့နေများက လျှောက်လဲချက် ပေးခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိသဖြင့် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲနေသော အင်းစိန်အထူးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး အမှုတွဲပါ (၃) ဦး အတွက် အပြီးသတ်လျှောက်လဲချက်များကို သက်ဆိုင်ရာရှေ့နေများက လျှောက်လဲခဲ့ကြသည်။

ယနေ့တရားခွင်တွင် အမှုတွဲပါ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်ကလည်းကောင်း၊ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောအတွက် ရှေ့နေ ဦးခင်မောင်ဦး ကလည်းကောင်း အပြီးသတ်လျှောက်လဲချက်များ ပေးခဲ့ပြီး မွန်းတည့် (၁၂) နာရီခန့်တွင် တရားခွင်ရပ်နားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း နအဖစစ်အစိုးရ၏ ဇူလိုင်လ (၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် အမှုတင်စစ်ဆေးနေ ကြောင်း ဖော်ပြထားခြင်းမှာ တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စစ်ဆေးစီရင်ပေးပါရန် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ (၁) နာရီခွဲခန့်တွင် တရားခွင်ကို ပြန်လည်စတင်ရာ အစိုးရရှေ့နေများက လျှောက်လဲချက် တင်သွင်းခဲ့သော်လည်း ပြီးဆုံးခြင်းမရှိသဖြင့် မနက်ဖြန်နံနက် (၁၀) နာရီသို့ ထပ်မံချိန်းဆိုသည်။
့( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုအမှု တရားခွင်သို့ မြန်မာ့အလင်းသာ ဝင်ရောက်ခွင့်ရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အပြီးသတ် လျှောက်လဲသည့် ဒုတိယမြောက် ယနေ့ တရားခွင်သို့ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းဌာနတခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာမှ သတင်းထောက်များမှအပ ပုဂ္ဂလိက စာနယ်ဇင်းသမားများ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း တရားခွင်သို့ ယခင်အပတ် သောကြာနေ့က လာရောက်ခွင့် ရရှိခဲ့သည့် သံရုံး ၅ ရုံး မပါဝင်ဘဲ ကျန်သည့် သံရုံးအချို့မှ သံတမန်များ တက်ရောက်ခွင့်ရခဲ့ပြီး၊ မြန်မာစစ်အစိုးရ၏ သတင်းဌာန မြန်မာ့အလင်းကိုသာ တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လူထုအုံကြွမှုတိုက်ပွဲသာ အဓိကကျဟု လူ့ဘောင်သစ်ပါတီက ပြောကြား

နအဖစစ်အုပ်စုဖြုတ်ချရေးအတွက် လူထုအုံကြွမှုတိုက်ပွဲသာလျှင် အဓိကကျသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ အထူးအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးကြပြီးသည့်နောက် ထုတ်ပြန်သည့်ကြေညာချက်နှင့်ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။
ယနေ့တည်ရှိနေသည့် အခြေအနေတွင် ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်ထားခြင်းမရှိပါက ရှေ့အနာဂတ်တွင် စိမ်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဒီမိုကရေစီရေးကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုက်ပွဲများအားလုံးကို ပြင်ဆင်သွားရေးမှာ အရေးကြီးကိစ္စတရပ်ဖြစ်သည်ဟုလည်း ဦးခင်မောင်တင့်က ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီအထူးအစည်းဝေးကို ယခုလ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ပတွင်ရှိသည့်ပါတီဝင်များနှင့် ဆက်စပ်ရေးအပြင် ပါတီဝင်မျိုးဆက်သစ် စည်းရုံးသိမ်းသွင်း လေ့ကျင့်တည်ဆောက်ရေးအတွက် အစည်းဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်

မဇ္ဈိမ (ချင်းမိုင်)။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI က အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမှန်တရားနှင့် လွတ်လပ်စွာ ယုံကြည်ခွင့်ကို ကိုယ်စားပြုသူ တဦးအဖြစ် ယနေ့ ဂုဏ်ပြုဆု ပေးအပ်လိုက်သည်။

AI ၏ အမြင့်ဆုံးဆုတခုဖြစ်သော Ambassador of Conscience ဆုကို ၂၀၀၉ ခုအတွက် ပေးအပ်ခြင်းဖြစ်သည်။

AI အထွေထွေအတွင်းရေးမှူး Irene Khan က အကျဉ်းကျနေသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာအတွက် အားကျဖွယ်၊ အတုယူဖွယ် ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြောသည်။

ဆုကို ၂၀၀၃ ခုနှစ်တွင် စတင်ပေးအပ်လာခြင်းဖြစ်ပြီး၊ ယင်းနှစ်အတွက် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလဗ် ဟာဗေးက ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မေရီရောဘင်ဆန်နှင့် ဂွာတီမာလာနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Hilda Morales Trujillo ၊
U2 အဖွဲ့က ၂၀၀၅၊ ၂၀၀၆ ခုနှစ်အတွက် တောင်အာဖရိက လူဖြူလူမဲ တိုက်ဖျက်ရေးခေါင်းဆောင် နယ်ဆန်မန်ဒဲလား၊ ၂၀၀၈ ခုနှစ်အတွက် ဂီတပညာရှင် Peter Gabriel ကို ပေးအပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ


မြန်မာပြည်တွင်းတွင် နည်းအမျိုးမျိုးဖြင့် ဖမ်းယူရိုက်ကူးထားသည့် ညစ်ညမ်းဗီဒီယိုအခွေများ လူငယ်များအကြား ပျံ့နှံ့နေပြီး ဈေးကွက်တွင်း ရောင်းအားကောင်းနေကြောင်း သိရသည်။

အဆိုပါ ညစ်ညမ်းခွေများသည် မည်သည့်နေရာတို့၌ ရိုက်ကူးထားသည်ကို မသိရသော်လည်း ရန်ကုန်မြို့တွင်း လမ်းဘေးရှိ ခိုးကူးခွေ ရောင်းချသည့်နေရာများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ဟု ဗဟန်းမြို့နယ်မှ ကျောင်းဆရာတဦးကပြောသည်။ IPod၊ MP4 သို့ တိုက်ရိုက်ကူးသွားနိုင်ရန် အဆိုပါညစ်ညမ်းခွေ ရောင်းချသူအချို့တွင် ကွန်ပျူတာလည်းရှိကြောင်း သိရသည်။

IPod၊ MP3၊ MP4 ကဲ့သို့ ခေတ်ပေါ်ပစ္စည်းအသေးစားများကို အလွယ်တကူ ဝယ်ယူအသုံးချနိုင်သဖြင့် ကျောင်းသားလူငယ် အများစုမှာ မအပ်စပ်သည့် အခြင်းအရာများကို ကျောင်းသို့ သယ်ဆောင်လာသောကြောင့် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါကျောင်းဆရာက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် နာမည်ကြီး မြန်မာအမျိုးသမီးအဆိုရှင်တဦးနှင့် ရုပ်ချင်းဆင်သော မိန်းကလေးတဦးဖြင့် ရိုက်ကူးထားသည့် ညစ်ညမ်းခွေမှာ လူငယ်များအကြားတွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း အဆိုပါပြည်တွင်းဖြစ် ညစ်ညမ်းခွေများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တစောင်မှ လူငယ်သတင်းထောက်တဦးက ပြောသည်။

လမ်းဘေးဈေးဆိုင်များတွင် ညစ်ညမ်းခွေများ တွင်ကျယ်စွာ ရောင်းချနေသော်လည်း အာဏာပိုင်တို့က ဖမ်းဆီးအရေးယူသည်ကို မကြားမိသေးကြောင်း ထိုလူငယ်က ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++

သံတမန်ကားများ အင်းစိန်ထောင် တရားခွင်မှ ပြန်လည်ထွက်ခွာ

မဇ္ဈိမ (ချင်းမိုင်)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းနေသည့်အနက် ယနေ့ ဒုတိယမြောက် တရားခွင်သို့ လာရောက်ကြသည့် သံတမန်ကား ၅ စီးခန့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ထောင်အတွင်းသို့ နံနက် ၁၀ နာရီမှ စတင်ကာ သံတမန်များ ဝင်ခွင့်ရခဲ့ပြီး နေ့လည် ၁၂ နာရီ မထိုးမီတွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာမူ ထောင်ထဲမှ ပြန်လည် ထွက်ခွာလာခြင်း မရှိသေးကြောင်း အင်းစိန်ထောင်ရှေ့ ရောက်ရှိနေသူများ အပြောအရ သိရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့တွင် အပြီးသတ် လျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက စတင်တင်သွင်းရာ၊ တရားခွင်သို့ ၅ နိုင်ငံထက်မနည်း နိုင်ငံခြား သံတမန်များ ဝင်ရောက်ခွင့် ပြုခဲ့သေးသည်။ အဆိုပါ တရားခွင်တွင် ရှေ့နေ ဦးကြည်ဝင်းက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အတွက် လျှောက်လဲချက် ပေးခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့အတွက် ရှေ့နေဦးလှမျိုးမြင့်က အပြီးသတ် လျှောက်လဲမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဂျွန်ယက်တော၏ အမှုအတွက် သူ၏ ရှေ့နေ ဦးခင်မောင်ဦးက လျှောက်လဲမည်။
(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး စာရွက်များ ဖြန့်ကြဲ

ဒေါ်အောင်ဆန်းစုကြည်အမှုပါ စွပ်စွဲခံများအတွက် အပြီးသတ် လျှောက်လဲရက်ပေးနေသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုစာ များ ရန်ကုန်မြို့၌ ယနေ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့လူစည်ကားရာနေရာများဖြစ်သည့် လမ်းမတော်သံဈေး၊ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် လှည်းတန်း တို့တွင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) အဖွဲ့ဝင်များ က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုစာများကို ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

မျိုးဆက်သစ်လူငယ်အစည်းအရုံးမှ ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်များတွင် FREE BURMA၊ FREE AUNG SAN SU KYI နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ဆိုသော စာသားများရေးသားထားပြီး ကားမှတ်တိုင်များတွင် ဖြန့်ဝေခြင်း၊ ယာဉ်ရပ်နားစခန်းများမှ ကြဲချခြင်းများ ပြုလုပ်ခဲ့ကြသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၂၈ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။ သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

(မဇ္ဈိမ သတင်းမှ ကောက်နှုတ်ချက်)
+++++

မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား


မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။
ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။
မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။

မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအဟောင်းများ အသစ်နှင့် လဲပေးတော့မည်


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများအကြား လှည့်လည်သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေစက္ကူအသစ်များဖြင့် လဲလှယ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲက ကြေညာလိုက်သည်။
သို့သော် မည်သည့် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ကိုမူ သတင်းအတွင်း၌ ရှင်းလင်းဖော်ပြထားခြင်း မရှိပေ။

လာမည့်လ ၃ ရက်နေ့မှ စတင်၍ အဆိုပါနေရာများ၌ပင် ငွေစက္ကူ ၁ဝ ကျပ်တန်မှ ကျပ် ၂ဝဝ တန်အထိကို တန်ဘိုးတူချင်း အဟောင်းနှင့် အသစ် လဲပေးရန် စီစဉ်ထားသည်ဟုလည်း ဖတ်ရှုရသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီများနှင့် မြိုကတော်စည်ပင်သာယာရေးကော်မတီများ၏ ဈေးဌာနများသို့လည်း “တန်ဘိုးငယ်” ငွေစက္ကူ ကို အပတ်စဉ် တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း ယနေ့မြန်မာ့အလင်းက ရေးသားသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ရောင်းဝယ်ခြင်း၊ ဈေးသုံးခြင်းတို့၌ ငွေပြန်မအမ်းနိုင်သဖြင့် သကြားလုံး၊ ဆေးလိတ်နှင့် ချိုချင်ထုတ်များဖြင့်သာ ကြားခံသုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာအစိုးရ တောင်းဆိုမှုကြောင့် ထိုင်းဝန်ကြီးချုပ်ခရီးစဉ် ရွှေ့ဆိုင်း

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ၀စ်ချာချီဝ၏ သောကြာနေ့ မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို မြန်မာစစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ယနေ့ ထုတ်ပြန်ပြောကြားသည်။

ထိုသို့ ရက်ရွှေ့ဆိုင်းရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏အမှု စီရင်ချက်ချတော့မည်ဖြစ်သောကြောင့်ဟု အကြောင်းပြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အရေးကြီးသည့်ကိစ္စ လုပ်ဆောင်ရန်ရှိသည့်အတွက် ယင်းသို့ရက်ရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရသူ ပင်နစ်တန် ၀တ်ထနာရာဂွန်က သတင်းထောက်များကို ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်သည် လာမည့်သြဂုတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင် ၂၉ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကကကြည်းက တရုတ်ခရီးသွားများ ပြည်ဝင်ခွင့် ထိန်းချုပ်

ရွှေလီ (မဇျွိမ) ။ ။ မြန်မာနိုင်ငံသို့ နယ်စပ်မှတဆင့် လာရောက်လည်ပတ်မည့် တရုတ် နိုင်ငံသားများသည် ကာကွယ်ရေး ဦးစီးဌာန (ကြည်း) - ကကကြည်း၏ ခွင့်ပြုချက်ဖြင့်သာ ပြည်ဝင်ခွင့် ရရှိတော့သည်။

ယခုလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာပြည်တွင်း ခရီးသွားမည့် တရုတ်နိုင်ငံသားများသည် ကကကြည်းသို့ အကြောင်းကြားကာ ခွင့်ပြုချက် ယူရသည်။

တရုတ်နိုင်ငံသားများသည် မြန်မာနယ်စပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) မှတဆင့် နေပြည်တော်ရှိ ကကကြည်းထံသို့ စာရင်းပေးပို့ ပြသရပြီးနောက် ခွင့်ပြုချက်ရမှသာ ဝင်ရောက်ခွင့် ရရှိမည်။ ယခင်ကမူ နှစ်နိုင်ငံ နယ်စပ်ရှိ ခရီးသွားစင်တာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သွားလာနိုင်ခဲ့သည်။

ပြည်ဝင်ခွင့် တင်းကျပ်လာခြင်းမှာ အလည်အပတ် ခရီးသွားဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သွားသည့် တရုတ်နိုင်ငံသားအချို့သည် တားမြစ်နယ်မြေများကို သွားလာမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်ကုန်သည်များနှင့် နီးစပ်သူက ဆိုသည်။
(မဇျွိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်း ရောင်းချထား

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။ ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကော့သောင်းနယ်စပ် ညအချိန် ကူးဖြတ်မှု ပိတ်ပင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကော့သောင်းရှိ နယ်စပ် ရွာလေးရွာတွင် ညအချိန် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ကူးသန်းသွားလာမှု့ ပိတ်ပင်လိုက်သည်။

ဖော့တုတ်၊ မာဒမ်း၊ ခမောက်ကြီး၊ အေးချမ်းသာရွာများတွင် ညနေ ၆ နာရီနောက်ပိုင်း ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကူးခွင့်မရှိဟု တင်္နသာရီတိုင်း ကော့သောင်းခရိုင်မှုးက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအရ အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရနှောင်းသို့ ကူးလိုပါက ကျေးရွာအာဏာပိုင် ထောက်ခံစာ လိုသည်။

ဒေသခံများမှာ နယ်စပ်မြစ် ပါရှန် ကို ဖြတ်၍ တဖက်နိုင်ငံ ထိုင်းနယ်စပ်မြို့ ရနောင်းသို့ ကူးသန်းသွားလာမှု ပြုလေ့ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၃၀ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

အတိုက်အခံရှေ့နေကို အာဏာပိုင်များ နှောင့်ယှက်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်မှ ပြန်လွတ်လာပြီးနောက် ဝမ်းရေးအတွက် အောင်ဘာလေထီ ရောင်းချမှု မလုပ်နိုင်အောင် အာဏာပိုင်များက နှောင့်ယှက်ထားသည်ဟု ပဲခူးမြို့မှ ရှေ့နေ ကိုညီညီထွေးက ပြောသည်။

အကျဉ်းချပြီး ရှေ့နေလိုင်စင်ပါ အသိမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ကိုညီညီထွေးသည် အောင်ဘာလေထီ လက်လီ ရောင်းချနေရာ ထီဆိုင်များ အနေဖြင့် သူ့ကို အကြွေးမပေးရန်နှင့် ထီရောင်းကား မငှားရမ်းရန် ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်မှုများ ရှိနေသည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းသူ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားခွင်တွင် ခုခံကာကွယ်ပေးနေရင်း ရုံးတော်ကို မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၆လ ချခံခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်သူ (၁၀) ဦးရှိပြီ

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါဝေဒရှင် (၁၀) ဦးရှိပြီဟု ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းမီဒီယာများက ဖော်ပြသည်။

(၁၀) ဦးမြောက် ရောဂါဖြစ်ပွားသူမှာ ဇူလိုင် (၂၀) ရက်တွင် MI-512 ဖြင့် ရောက်ရှိလာသူ အသက် (၅၇) နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြောက်ပိုင်းတိုင်းမှူးနှင့် ဘာသာရေးခေါင်းဆောင်များ ကချင်တပ်အရေး ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရနှင့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့အကြား နယ်ခြားစောင့်တပ်အရေး သဘောကွဲလွဲမှုအပေါ် ညှိနှိုင်းရန်အတွက် မြောက်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကချင်ခရစ်ယာန် ဂိုဏ်းပေါင်းစုံတို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။

မြစ်ကြီးနား အောင်နန်းရိပ်သာရပ်ကွက်ရှိ ကာသိုလိပ် St. Columban ဘုရားရှိခိုးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပွဲ ကျင်းပရာ ဗိုလ်ချုပ်စိုးဝင်းနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ (Myitkyina Christian Council - MCC) ခေါင်းဆောင်များ၊ ကေအိုင်အို ဒုဥက္ကဋ္ဌ-၂ ဒေါက်တာတူးဂျာတို့ ပါဝင်ကာ ၃ နာရီကြာ တွေ့ဆုံခဲ့ကြသည်။

မြောက်ပိုင်းတိုင်းမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကိုကိုင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းမရှိသော ငြိမ်းချမ်းရေးအဖွဲ့များ၏ စစ်တပ်များသည် တရားဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

နအဖက ကချင်အထူးဒေသ (၂) ကေအိုင်အို၏ စစ်တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော် ကိုယ်စားလှယ်များ အုပ်ချုပ်မှုတွင် ပါဝင်စွက်ဖက်မည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်းပြောင်းကာ အင်အားကိုလည်း လျော့ချစေလိုသည်။ သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လက်ရှိအင်အားအတိုင်းထားရှိလိုသော ကချင်ဒေသ၏အကြီးမားဆုံးအဖွဲ့က “ကချင်ဒေသ လုံခြုံရေးတပ်“ (Kachin Regional Guard Force - KRGF) အဖြစ်သာ လုပ်လိုကြောင်း တုံ့ပြန်ထားသည့်နောက် ယခု တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး

ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။ အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၃၁ ရက်
ရက်သတ္တပတ် ၃၀၊ ၂၀၀၉
မြန်မာသတင်း

အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်လာ

ချင်းမိုင် (မဇ္ဈိမ)။ ။ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ကြရသူများ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ စစ်ဆေးရုံသို့ သွားရောက်လေ့လာ


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယနေ့ရောက်ရှိလာကာ လိုင်ဇာဟိုတယ်တွင် ကေအိုင်အိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

အင်အား (၁ဝဝ) ဝန်းကျင်ရှိ နအဖစစ်သားများက လုံခြုံရေးအဖြစ် လိုက်ပါလာသည့် ဗိုလ်ချုပ်စိုးဝင်းသည် ယနေ့ နံနက် (၁ဝ) နာရီခန့်တွင် ကေအိုင်အို ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာရှိ ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ခဲ့သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။ ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗီဇာပိတ် စာရင်းဝင်သူများကို စိစစ်ရန် ဝန်ကြီးဌာန ညွှန်ကြား

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှတဆင့် Arrival Visa ခေါ် ဆိုက်ရောက်ဗီဇာ လျှောက်သည့် နိုင်ငံခြားသား ခရီးသွားများအနက် ဗီဇာပိတ်ပင် စာရင်းဝင်သူများ ပါဝင်ခြင်း ရှိမရှိ စိစစ်သွားရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

လဝက ၏ ဗီဇာ ပိတ်ပင်ခံရသူများ ဖြစ်နေပါက Arrival Visa ရရှိနိုင်မည် မဟုတ်သဖြင့် ခရီးသွား ကုမ္ပဏီများက လဝက ထုတ်ပေးထားသည့် Arrival Visa ပုံစံ ၃ စုံအနက် လျှောက်လွှာတစုံကို ရန်ကုန်ရှိ လဝက ရုံးသို့ ၆ ရက် ကြိုတင်၍ ပေးပို့်ရမည်ဖြစ်ကြောင်း ညွန်ကြားစာတွင် ဖော်ပြထားသည်။

Arrival Visa လျှောက်သည့် ခရီးသွားများကို စိစစ်ခြင်းမှာ အဓိကအားဖြင့် နိုင်ငံရေးနှင့် ကင်းရှင်းသူ ဟုတ်မဟုတ် စစ်ဆေးခြင်းသာဖြစ်ကြောင်း Arrival Visa ဝန်ဆောင်မှုပေးနေသည့် ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားကုမ္ပဏီ တခု၏ ဦးဆောင်ညွှန်ကြားရေးမှူး မဇ္စျိမကို ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက်ကို သြဂုတ် (၁၁) ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

အင်းစိန်အထူးတရားရုံးတွင် ယနေ့နံနက် (၁၀) နာရီတွင် ရုံးချိန်းစတင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လာသူများ ယခင်ရက်များကထက် ပိုမိုများပြားခဲ့ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

No comments: