Sunday, August 9, 2009

သတင်းမှတ်စု ( ၃၁ )

သြဂုတ် ၃ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး (၁၁) ဦး အတွင်းလူနာအဖြစ် ကုသနေရ

ယနေ့နံနက် (၄) နာရီခန့်က ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသော စိန်ရွှေမိုး တထပ်သင်္ဘောတွင် စက်သုံးဆီ ပေါက်ကွဲမှုတခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်းလူနာအဖြစ် ရန်ကုန် ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။

အဆိုပါသင်္ဘောမှာ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်အနီးရှိ ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ဒဏ်ရာရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

စိန်ရွှေမိုးသင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေစက္ကူအကြွေများ လဲလှယ်သူ မရှိ

ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူအကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက်လဲလှယ်သူ အလွန်နည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။

ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်းများမှာ သာမန်ပြည်သူများလက်ထဲတွင် အမြောက်အမြားရှိနေကြခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဆယ်ရွက်လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေးဆရာစီးပွားရေးပညာရှင်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းအစိုးရက နယ်စပ်ထောက်ပံ့ အုပ်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်လို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ဂိတ်များ အထူးသဖြင့် မြန်မာနိုင်ငံ မြဝတီနှင့်တဖက်ကမ်း မဲဆောက်တွင် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန ဒု-ဝန်ကြီး Alongkorn Polbut သည် ထိုင်းနယ်စပ် စီးပွားရေုးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် မဲဆောက်နှင့် မြဝတီမြို့များသို့ ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့များက သွားရောက်လည်ပတ်ခဲ့သည်။

သူ၏ ဝန်ကြီးဌာနက `အုပ်ချုပ်ထောက်ပံ့ ဗဟိုချက်မ စီမံကိန်း´ “Logistics Hubs Project” ကို ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဒုဝန်ကြီး Alongkorn က ပြောကြားသွားသည်။ ဤလုပ်ငန်းသည် အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် အကောင်အထည်ဖော်မည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အတွက်ပါ အထောက်အကူပြုမည်ဟု ဆိုသည်။ စီမံကိန်းအတွက် ထိုင်းစီးပွားရေး လုပ်ငန်းများမှ မြန်မာနိုင်ငံရှိ အလုပ်သမားများကို ငှားရမ်းရာတွင် မှတ်ပုံတင်ခနှင့် အခွန်နှုန်း အထူးသက်သာသော နှုန်းထားဖြင့် ရရှိရေးတို့ကဲ့သို့သော ဥပဒေအရ အထူးအခွင့်အရေးတို့ကိုပါ ရရှိမည်ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ကန်ပိုက်တီးတွင် ဖွင့်လှစ်


သြဂုတ် (၁) ရက်နေ့က ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်လိုက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအခြေချကာ စတင် တာဝန် ထမ်းဆောင်နေသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသည့် ဦးစီးအရာရှိများနှင့်အတူ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် သြဂုတ် (၁) ရက်နေ့ မနက်အစောပိုင်းက ကန်ပိုက်တီးသို့ သွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မိုင် (၆ဝ) နီးပါး ရှည်လျားသည့် ကန်ပိုက်တီး-ဝိုင်းမော်လမ်းကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုရန် တရုတ်ဘက်မှ ကုမ္ပဏီတခုက ၂ဝဝ၆ ခုနှစ်တွင် ပြုပြင်ဖောက်လုပ်ခဲ့ရာ လမ်းကောင်းမွန်နေသော်လည်း ကုန်သွယ်ရေးအတွက် အရေးမပါလှသောကြောင့် အသွားအလာနည်းပါးကြောင်း အဆိုပါ မြစ်ကြီးနားမြို့ခံက ပြောသည်။

ကုန်သွယ်ရေးအရ အချက်အချာမကျသည့် ကန်ပိုက်တီးကျေးရွာတွင် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်လိုက်ခြင်းမှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ဖြတ်သန်းရသည့် လိုင်ဇာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ရုပ်သိမ်းချင်ပုံရသည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KNU တပ်မဟာ ၆ ကို ပူးပေါင်းတပ် ထိုးစစ်ဆင်မည်


မဇ္ဈိမ (ချင်းမိုင်)။ ။ နအဖစစ်တပ်နှင့် DKBA ပူးပေါင်းတပ်များသည် KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန်အတွက် နယ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်များ အပါအဝင် တပ်မဟာ ၆ အခြေစိုက် လှုပ်ရှားနယ်မြေအတွင်း နအဖ တပ်မ ၂၂ နှင့် ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်း၊ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်သား ၁၂၀ တို့နှင်အတူ ဝင်ရောက်လာကာ ထိုးစစ်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးတွင်းနှင့် လျော်ညီသည့် အနေအထားများဖြင့် လွန်ခဲ့သည့် တလခန့်ကပင် KNU က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်မုန်တိုင်းသင့်ဒေသ ရေသန့်ဖူလုံတော့မည်

နာဂစ်လေမုန်တိုင်းသင့်ဒေသတွင် လာမည့်ခြောက်သွေ့ရာသီအတွင်း ရေကောင်းရေသန့် အလုံအလောက် ရရှိနိုင်တော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး IRIN သတင်းတွင် ဖော်ပြသည်။

နိုင်ငံတကာကယ်ဆယ်ရေးဧဂျင်စီများ၊ အာဏာပိုင်များနှင့် ဒေသဆိုင်ရာတို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ရေကောင်းရေသန့် ရရှိမှုအခြေအနေ တိုးတက်လာနေသည်ဟု သိရသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ညစ်ညမ်းနေသောရေကန်များအား ပြန်လည်ပြုပြင်ခြင်းနှင့် ရေကန်အသစ်များ တူးဖော်ခြင်းတို့ကြောင့် လေဘေးဒုက္ခသည်များအနေဖြင့် ရေအလုံအလောက်ရရှိတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့မှ ရေနှင့်ကျန်းမာရေးဆိုင်ရာအရာရှိ Waldemar Pickardt က ပြောသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့မှ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်တို့တွင် ရေကန်ပေါင်း (၄၀) တူးဖော်ခဲ့ပြီး မုန်တိုင်းဒဏ်အဆိုးဆုံးခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်း ရေကန်ပေါင်း (၅၀) ကျော် တူးဖော်နေဆဲဖြစ် သည်ဟု သတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘောလုံး ကလပ်များ ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ခွင့်ရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပုဂ္ဂလိက ဘောလုံးအသင်းများကို တသင်းလျှင် အမေရိကန် ဒေါ်လာ ၇ သောင်းတန် ကားပါမစ် လျှောက်ထားခွင့်ပြုမည်ဟု ဘောလုံးအဖွဲ့ချုပ်က ပြောသည်။

အသင်း တသင်းစီအလိုက် ဘောလုံးအသင်းများ အသုံးပြုရန် ကားတင်သွင်းခွင့် မလျှောက်ထားဘဲ ဘောလုံးအသင်းများ စုပေါင်း၍ လျှောက်ထားရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုထားသည်ဟု သိရသည်။

ယင်းအစီအစဉ်အရ ကလပ်အသင်း ၈ သင်းမှ ဘောလုံးအဖွဲ့ချုပ်သို့ သွင်းကုန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည့် ကား၂ စီးကို ကန်ဒေါ်လာ ၇ သောင်းထက် မပိုစေဘဲ အဆိုပြုရမည်။ ကား ၂ စီးကို ပြည်ပ ပေါက်ဈေးအတိုင်း တင်သွင်းခွင့်ရရန် အဖွဲ့ချုပ်က စီစဉ်ပေးမည် ဖြစ်သည်။ မည်သို့သော ကားအမျိးအစားကို တင်သွင်းခွင့်ပြုမည်ကို လောလောဆယ် သဲသဲကွဲကွဲ မသိရသေးသော်လည်း ဘတ်စ်တစင်းနှင့် စိတ်ကြိုက်ကား တစင်း ဖြစ်မည်ဟု အဖွဲ့ချုပ် အသိုင်းအဝိုင်းက ပြောကြသည်။

မြန်မာပြည်၏ ကားတင်သွင်းခွင့်ကို စစ်တပ်၏ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သော စီးပွားရေး ဦးပိုင်လိမိတက်က တင်သွင်းခွင့်ကို ချုပ်ကိုင်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၄ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ဝ ငြိမ်းချမ်းရေး အဖွဲ့နယ်မြေအနီးသို့ နအဖ တပ်ရင်း ၃ ခု လာရောက် တပ်စွဲထား

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဝဒေသမြောက်ပိုင်းရှိ ဟိုပန်မြို့နယ်၊ နမ့်တင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္ဒီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ရင်း ယခုလ (၂) ရက်မှစတင်၍ လာရောက်တပ်စွဲထားသည်၊၊

နအဖစစ်သားများ ဝမြောက်ပိုင်းဒေသအနီးသို့ လာရောက်တပ်စွဲလှုပ်ရှားမှုအပေါ် ဝတပ်ဖွဲ့စောင့်ကြည့်နေပြီး ယနေအချိန်အထိ အခြေအနေငြိမ်သက်နေသေးကြောင်း ဝတပ်မှူးတဦးက ပြောသည်။ ယခုကဲ့သို့ တပ်အင်အားများ ငြိမ်းအဖွဲ့နယ်မြေအနားတွင် လာရောက်လှုပ်ရှားလာမှုမှာ ငြိမ်းအဖွဲ့များအပေါ် ခြိမ်းခြောက် ဖိအားပေးနည်းတမျိုးသာဖြစ်ပြီး တိုက်ခိုက်ရန်အဆင့်အထိ မရောက်နိုင်သေးကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “တပ်တွေကို အဲဒီနားကိုပို့ပြီး ခြိမ်းခြောက်ဖိအားပေးတာသက်သက်ပါ။ ဒေသခံလူထုတွေ ကြောက်လန့်၊ အထိတ်တလန့်ဖြစ်ပြီး လူထုက စစ်မတိုက်ပါနဲ့တော့လို့ ပြောလာအောင် ဖိအားပေးတာမျိုးပါ။ အခု ဝနယ်ဘက်ကပ်လာတဲ့ တပ်ရင်းသုံးရင်းမှာ တရင်းက (၁၄၂) ယောက်၊ နောက်တခု (၁၄၆) ယောက်၊ နောက်တရင်းက (၁၅၃)၊ အားလုံးအင်အား (၄ဝဝ) ကျော်ပဲ။ ဝကိုတိုက်ဖို့ ဒီလောက်အင်အားလေးနဲ့ သွားလုပ်လို့မရပါဘူး။ အခုအချိန်မှာ သူတို့မတိုက်နိုင်သေးပါဘူး” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုထားသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦး လိုင်စင်မဲ့ကား တင်သွင်းမှုဖြင့် တရားစွဲခံနေရသည်။

အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုသန်းဦးသည် ထိုင်းနယ်စပ်မှ တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းသည်ဟု စွပ်စွဲခံရကာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခု နှစ်ဆန်းပိုင်းတွင် ကိုသန်းဦး မောင်းနှင်လာသည့် ကားဖြင့် မြောက်ဥက္ကလာပ မြို့ခံတဦးကို ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကာယကံရှင်နှင့် ညှိနှိုင်းကာ လျော်ကြေးငွေပေးကာ ကျေအေးခဲ့သော်လည်း ကားကိုမူ လိုင်စင်မဲ့ကား ဖြစ်နေသဖြင့် မြောက်ဥက္ကလာမြို့နယ်ရှိ ကျောက်ရေတွင်း ယာဉ်ကြော ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးတွင် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

နီးစပ်သူက ယခုလို ပြောဆိုသော်လည်း အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုအေးလွင်ကမူ ကားတိုက်မှုရော၊ တရားစွဲခံရမှုပါ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက်

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ပြီး မွန်အမျိုးသားတို့အတွက် မြင်သာသည့်အခွင့်အရေး တစုံတရာ မတွေ့ရသမျှ ၎င်း၏တပ်ဖွဲ့အား မည်သည့်အခါမျှ အသွင်ပြောင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်များအား ဇူလိုင် (၂၇) ရက်မှစ၍ ပါတီဗဟိုဌာနချုပ်တွင် (၆) ရက်ကြာ ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား လက်ရှိတည်နေရာအတိုင်း ဆက်လက်ထားရှိသွားမည်ဟုလည်း ထိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုသောအားဖြင့် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးအတိုင်း ဆက်လက်တည်မြဲစေလိုသော်လည်း အပစ်အခတ်ရပ်စဲရေးသည် နအဖအပေါ်တွင်သာ မူတည်ကြောင်း မွန်ပြည်သစ်ပါတီက သတိပေးထားသည်။

တပ်ဖွဲ့အသွင်ပြောင်းရန် အခြားအပစ်ရပ်အဖွဲ့များအား နအဖက စစ်ရေးအရ ဖိအားပေးမှုများ ရှိသော်လည်း မွန်ပြည်သစ်ပါတီအား ယခုအချိန်အထိ အလားတူ ဖိအားပေးမှုမျိုး မရှိသေးကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ငွေကြေး အရှုပ်တော်ပုံကြောင့် ရွေးကောက်ပွဲဝင်မည့် အဖွဲ့ကွဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖွဲ့အတွင်း ငွေကြေး အရှုပ်တော်ပုံကြောင့်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ပခုက္ကူမြို့နယ် တာဝန်ခံသည် အဖွဲ့မှ နုတ်ထွက်သွားပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အပါအဝင် အတိုက်အခံများက ပယ်ချထားသော အခြေခံဥပဒေကို ကျင့်သုံးမည့် ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းသာလျှင် နိုင်ငံရေး ထွက်ပေါက်ဟု ယူဆထားသူ အနည်းစုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်လည်း ပါဝင်သည်။

နုတ်ထွက်သူ တိုးလာနေသည့် အဖွဲ့၏ ပခုက္ကူခရိုင် - မြို့နယ် ဆိုင်းဘုတ် ၂ ခုကို ယခုအခါ ပြန်လည် ဖြုတ်ချလိုက်ကာ တသီးပုဂ္ဂလအဖြစ် ရပ်တည်သွားမည်ဟု ကိုမျိုးသန့်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် (ပခုက္ကူခရိုင်- မြို့နယ်) ၏ ဆိုင်းဘုတ် ၂ ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ကမှ တင်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ ဈေးရောင်းသူများ မကျေမနပ်ဖြစ်

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည့် စားသုံးဆီ (၇) မျိုးကို ကိုယ့်သဘောဖြင့်ကိုယ် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ကြေညာပြီး ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များ၊ ဈေးများနှင့် စူပါမားကက်တို့တွင် လိုက်လံဖမ်းဆီးသိမ်းဆည်းနေကြောင်း ဈေးရောင်းသူများက ပြောသည်။

ပြီးခဲ့သည့်လ (၂၅) ရက်ထုတ် အစိုးရသတင်းစာများတွင် စားသုံးဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး (၃-၄) ရက်အကြာတွင် ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့က ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုစွန်တစ်ကောင်၊ ပုစွန်နှစ်ကောင်တံဆိပ် စားဆီပုံးများကို ကျန်းမာရေးနှင့်မညီညွတ်ဟုဆိုကာ ရန်ကုန်မြို့ဈေးကွက်အချို့တွင် ၀င်ရောက်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်က ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စာနယ်ဇင်းသတင်းထောက်များနှင့် တွေ့ဆုံရာတွင် နောက်ထပ်စားဆီ တံဆိပ် (၇) မျိုးကို စားသုံးရန် မသင့်၍ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂,ဝဝဝ) ကျော်ရှိကာ နောက်ထပ်လည်း ဖမ်းဆီးရန် ရှိနေသေးသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လက်ဝါးကြီးအုပ် တင်သွင်းနေသည့် မလေးရှားကန်ဆီများသည် အဆင့်အတန်းနိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း အသည်းရောဂါကု ဆရာဝန် ဒေါက်တာခင်မောင်ဝင်းနှင့် ပြည်တွင်းဆရာဝန်များက ထောက်ပြကြသည်။

အဆိုပါဆီများကို ငွေမတတ်နိုင်သည့် ဆင်းရဲသားပြည်သူများက ဈေးပေါပေါဖြင့် ဝယ်ယူသုံးစွဲကြသည်။ ယခုကဲ့သို့ ဦးပိုင်ကသွင်းသည့် ညစ်ညမ်းနေသည့် ကန်ဆီများကို ဘာမှမပြောဘဲ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဘာမှ ကြေညာခြင်းမရှိသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေသည့် စားဆီများကို ရောင်းချမှုပိတ်ပင်ခြင်း၊ ဈေးများ၌ လိုက်လံခြိမ်းခြောက် သိမ်းဆည်းနေခြင်းတို့ကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်ပရောက် အတိုက်အခံအဖွဲ့များက ချဉ်းကပ်မှုအသစ်ကို တွန်းအားပေး တင်ပြမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပြည်သူကို ဆင်းရဲတွင်းထဲ ကျစေပြီး၊ တိုင်းပြည်ကို လုံးဝ ပျက်စီးစေခဲ့သည့် နိုင်ငံရေး အရှုပ်အထွေးမှ လွတ်မြောက်နိုင်ရေးအတွက် အဆိုပြုချက် အသစ်တရပ် ရှိနေပြီဟု မြန်မာအတိုက်အခံ အဖွဲ့များက ပြောဆိုလိုက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ယခုလ ၁၂-၁၃ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသား အဖွဲ့အစည်းများ စုံညီစွာ ပါဝင်မည့် မဟာမိတ် ၇ ဖွဲ့က သူတို့သည် `အမျိုးသား ပြန်လည်သင့်မြတ်ရေး အဆိုပြုချက်´ ဟု အမည်ပေးထားသည့် အဆိုပြုချက်ကို ဆွေးနွေး၍ အချောသတ် အတည်ပြုကြမည်ဖြစ်ပြီး၊ ဤစာတမ်းကို မြန်မာစစ်အစိုးရထံသို့ ပေးပို့မည်ဖြစ်သည်ဟု ပြောဆိုသည်။

ဤအစည်းအဝေး (ကွန်ဗင်းရှင်း) သည် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားလူမျိုးစုများ၊ ကျောင်းသားများ၊ အမျိုးသမီးအဖွဲ့များအပါအဝင် ကျယ်ပြန့်စုံလင်လှသော အတိုက်အခံအဖွဲ့များကို စုစည်းပေးနိုင်မည်ဖြစ်ကာ ပြည်ပရောက်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ယနေ့ ပြောသည်။ ကွန်ဖရင့်သို့ မဟာမိတ်အဖွဲ့ ၇ ဖွဲ့ဖြစ်ကြသော ထီးရိပ်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC)၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB)၊ တိုင်းရင်းသားလူငယ်များ ဆုံရပ် (NYF)၊ မြန်မာနိုင်ငံ ဒီမိုကရေစီဖိုရမ် (FDB) တို့ တက်ရောက်ကြမည်။

အဆိုပါ အဆိုပြုချက်စာတမ်းတွင် အရပ်သားကဏ္ဍထောက်ခံမှု၊ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ စစ်တပ်မှ ထွက်ခွင့်ပြုခြင်း၊ တိုင်းရင်းသား လူမျိုးများဆက်ဆံရေး၊ လူမှုအဆောက်အအုံ စသည့် အဓိကကျသော ပြဿနာ အမြောက်အမြားကို တင်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ

စားသုံးရန်အန္တရာယ်ရှိသည်ဟုဆိုကာ ထိုင်းဘက်မှတင်သွင်းသည့် စားသုံးဆီများကို မြန်မာဘက်မှတင်သွင်းခွင့် ပိတ်ပင်လိုက်သော်လည်း ထိုင်းဆီများကို မြန်မာကုန်သည်များက အာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန်တင်သွင်းလျက် ရှိသည်။ ယခုကဲ့သို့ ထိုင်းစားသုံးဆီများ ပိတ်ပင်ရခြင်းမှာ ရန်ကုန်မြို့တွင် ဦးပိုင်လီမိတက်မှ တင်သွင်းသည့် ကန်ဆီများ အရောင်းထိုင်း၍ ပိုလျှံနေသောကြောင့် ယခုကဲ့သို့ နယ်စပ်မှတင်သွင်းသည့်ဆီများကို ပြဿနာရှာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ မြန်မာဘက်မှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် ထိုင်းစားသုံးဆီများမှာ ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အောရော) ၏ ခွင့်ပြုချက်ဖြင့် လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်ရောင်းချနေသည့် စားသုံးဆီများဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော ဆေးရုံတင်ထားရ

မဇ္ဈိမ (ချင်းမိုင်)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ အမေရိကန် နိုင်ငံသား မစ္စတာယက်တော အင်းစိန်ထောင် အတွင်း၌ မူးလဲသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ထားရကြောင်း သိရသည်။

မစ္စတာယက်တော မူးလဲသဖြင့် ယမန်နေ့ညက ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ သက်ဆိုင်ရာက ပို့ထားရကြောင်း သူ၏ ရှေ့နေ ကလည်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၅ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ

ချင်းမိုင် ။ ။ ပဲခူးမြို့တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လှုံ့ဆော်စာများကို ယနေ့နံနက်ပိုင်းက ဖြန့်ကျဲခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

ယနေ့နံနက်အစောပိုင်းတွင် ရွှေမော်တော ဘုရားလမ်းမကြီးနှင့် သနပ္ပင်လမ်းမပေါ်၌ အဆိုပါ စာရွက်များ တွေ့ရှိခဲ့သည်ဟု အခြား မြို့ခံတဦးကလည်း ပြောသည်။

နောက်ပိုင်းတွင် ၎င်းစာရွက်များကို ရဲများက လိုက်လံရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ


သံလွင်မြစ်တလျှောက် ရေကာတာတည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံပြည်သူ တို့အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများကို ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အန်ဂျီအိုတို့ထံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများမှ ယမန်နေ့က ဘန်ကောက်တွင် ဆွေးနွေးတင်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများ၌ တည်ဆောက်မည့် သံလွင်မြစ်တလျှောက် ရေကာတာစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ရာတွင် ကျရောက်မည့် ဆိုးကျိုးသက်ရောက်မှုများကြောင့် ထိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ရပ်ဆိုင်းထားသင့်ကြောင်း တောင်းဆိုထားသည်။

အကယ်၍ တားဆီး၍ မရတော့လျှင်လည်း နေရာပြောင်းရွှေ့ခံရသည့် ပြည်သူများအတွက် ကျေနပ်လောက်သော ထောက်ပံ့မှုများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက ပန်ကြားထားသည်။

သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ ရလာမည့် လျှပ်စစ်စွမ်းအင်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံက အများဆုံးဝယ်ယူမည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မွန်ပြည်သစ်က ပါတီနှင့် တပ်မခွဲ

ချင်းမိုင်(မဇ္ဈိမ) ။ ။ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို လက်ခံမှာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP က ပြောဆိုလိုက်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံ ကြောင်း ယနေ့ကျရောက်သည့် (၆၂) ကြိမ်မြောက် “မွန်အမျိုးသား တော်လှန်ရေးနေ့” တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှ အဆို ပါ သဘောထားများအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်များကို မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်ဒလညီက နအဖ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယနေ့ တရားဝင် ပေးပို့လိုက်ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်အတွင်း၌ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကာ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရနှင့် နောင်တက်လာမည့် အစိုးရအား တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင်

နအဖစစ်အစိုးရ အာဏာပိုင်များက မြန်မာနိုင်ငံတဝန်းလုံး၌ ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေးများ လုပ်ဆောင်နေကြောင်း ဒေသအသီးသီးမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်တွင် သာမန်ပြည်သူများကို ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်းထမ်းအချို့ကိုသာ အကန့်အသတ်ဖြင့် စီးနင်းခွင့်ပြုထားပြီး ယခုနောက်ပိုင်း အဆိုပါ စီးနင်းခွင့် ရှိသူများကိုလည်း အမျိုးမျိုးကန့်သတ်လာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်တို့တွင် ဆိုင်ကယ်စီးနင်းခွင့် မရှိသော်လည်း မြို့လယ် စည်ပင်သာယာနယ်နိမိတ်နှင့် ဝေးကွာသည့်အတွက် ပြည်သူအများအပြား နယ်ကျော်ဆိုင်ကယ် စီးနင်းကြကာ အချို့က လိုင်စင်မဲ့ဆိုင်ကယ်များစီးကြပြီး အဆိုပါမြို့နယ်တို့တွင် ဌာနပေါင်းစုံပါ စစ်ဆေးရေးအဖွဲ့များက လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးဖမ်းဆီးနေကြကြောင်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေးက အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအပေါ် စာမူကြမ်း တင်ပြရာတွင် အချိန်ကန့်သတ်မှု ပြုလိုက်သည်။

ယခုလဆန်း တရက်နေ့မှစတင်ကာ အပတ်စဉ်ထုတ် ဂျာနယ်များ၏ စာမူကြမ်းများကို စီဒီဖြင့် တင်ပြရာတွင် နေ့လည် ၁၂ နာရီ နောက်ဆုံးထား တင်ပြရန် ညွှန်ကြားလာခဲ့သည်။

ရောင်းအားကောင်း အပတ်စဉ်ထုတ်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာတဦးကမူ ပုံစံသစ်ကို ကြိုဆိုလိုက်သည်။

“ဒီပုံစံမျိုးက ဖြစ်သင့်တာ ကြာလှပါပြီ။ ဂျာနယ်သမားတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ လောလောဆယ်တော့ ကြိုးစားလုပ်ရတာပေါ့ဗျာ။ ဘယ်တော့လောက် အဆင်မပြေ ဖြစ်လာမလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ဂျာနယ်တိုက်များ၏ စာမူကြမ်းများကို ယခင်က A3 ၊ A4 အရွယ်အစား စက္ကူများအသုံးပြုကာ စိစစ်ရေးတွင် တင်ပြခဲ့ရပြီး ပြီးခဲ့သည့်လမှ စတင်ကာ စာမူကြမ်းကို PDF ဖိုင်အသွင်ပြောင်း၍ စီဒီချပ်နှင့်အတူ စက္ကူစာမူကြမ်းဖြင့် ပူးတွဲတင်ပြခဲ့ကြသည်။

သို့သော် ယခုလဆန်းမှ စတင်ကာ စီဒီတခုတည်းဖြင့်သာ စိစစ်ရေးကို တင်ပြရန် ညွှန်ကြားခဲ့သည်။

ထို့အပြင် စာပေစိစစ်ခအတွက် ဂျာနယ်များအား ခွင့်ပြုထားသည့် စာမျက်နှာ အရေအတွက်အတိုင်း တမျက်နှာလျှင် ကျပ် ၂ဝဝ နှုန်းဖြင့် စိစစ်ရေးရုံးကို ပေးသွင်းရန်လည်း ညွှန်ကြားချက်တွင် ဖော်ပြရေးသားထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သြဂုတ်လ ၆ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း

မြန်မာစစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှု ရှိမရှိဆိုသည်ကို နိုင်ငံတကာအသိုင်းအ၀န်းက အသေအချာစောင့်ကြည့်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံပေါင်း (၁၄) နိုင်ငံနှင့် ဒေသတွင်းအုပ်စုတခု ပါဝင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့နှင့် နယူးယောက်၊ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့အစည်းအဝေးတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနာဂတ်တွင် အရေးကြီးသည့် အခြေခံကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအ၀န်း၏ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များ တိုက်တွန်းအားပေးမှုများကို မြန်မာအစိုးရအနေဖြင့် အပြုသဘောဖြင့် အချိန်မီတုံ့ပြန်သည်ကို မြန်မာ့မိတ်ဆွေနိုင်ငံများက မြင်လိုကြကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပာယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက်

နယူးဒေလီ (မဇ္စျိမ)။ ။ ဖက်ဒရယ်မူသည် စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ခြင်းဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ခြင်းအပေါ် ပင်လုံညီလာခံတွင် တက်ရောက်ခဲ့သူ ရှမ်းပြည် ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

မြန်မာ့အလင်း အယ်ဒီတာထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ရေးသား လိပ်မူထားသော စာမျက်နှာ ၃ မျက်နှာပါ ပြန်လည် ဖြေရှင်းရေး တောင်းဆိုစာ မိတ္တူကို မဇ္ဈိမက လက်ခံ ရရှိခဲ့သည်။ ဦးရွှေအုံးက စာရေးသူ ကိုသာယာ အနေဖြင့် ဖယ်ဒရယ်မူနှင့် ပတ်သက်၍ မသိနားမလည်ခြင်း မဖြစ်နိုင်ကြောင်းနှင့် သူ၏ အာဘော်ဖြစ်သော်လည်း နောက်ကွယ်တွင် တစုံတရာ ရှိနေကြောင်း ဦးရွှေအုံးက သုံးသပ်သည်။ ၈၆ နှစ်အရွယ် ဦးရွှေအုန်းသည် ၁၉၉၃ ခုနှစ်တွင် “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ဖူးသည်။ ထိုနှစ်တွင် သူသည် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စုမူ စာတမ်းကို တင်ပြခဲ့သဖြင့် အာဏာပိုင်များက ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

သူသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကို အခြေခံ၍ ဒီမိုကရေစီစနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” အမည်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းတွင် ဖွဲ့စည်းခဲ့သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင်ဒေသကို ထိုးစစ်ဆင်ရန်အတွက် ဒီကေဘီအေတပ်မဟာ (၅) အဖွဲ့ ယမန်နေ့က ဘုရားသုံးဆူနယ်ခြားမြို့သို့ ရောက်ရှိလာပြီဟု တပ်မှူးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို ၂၀၁၀ ခုနှစ် မတိုင်မီ တိုက်ခိုက်သိမ်းပိုက်ရန် နအဖက ဒီကေဘီအေ (၉၉၉) တပ်မဟာကို အမိန့်ပေးထားပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်ကို သိမ်းပိုက်ရန် ဒီိကေဘီအေတပ်မဟာ (၅) အဖွဲ့ကို စေခိုင်းထားသည်ဟု ဒီကေဘီအေ စာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူတဦးက ပြောသည်။

တလကြာဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ဒေသတိုက်ပွဲတွင် တဖက်နှင့်တဖက် အနိုင်အရှုံးမပေါ်ဘဲ ကရင်များသာ သေကျေခဲ့သည့်အတွက် ယခုစတင်မည့် တပ်မဟာ (၆) ဒေသ ထိုးစစ်တွင်လည်း အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားရန် တိုက်တွန်းလိုသည်ဟု ကေအန်ယူက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နေအိမ်ခြံဝင်း ကိစ္စအတွက် ဒေါ်စုနှင့် ရှေ့နေများ တွေ့ဆုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အိမ်ခြံဝင်းအတွင်းမှ မြေကွက်တခုကို ရောင်းချမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ၄ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက ဆွေးနွေးခွင့်ရခဲ့သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့နှင့် အင်းစိန်ထောင်အတွင်း၌ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ နေထိုင်ခဲ့သည့် နေအိမ်ခြံဝင်းနှင့် သက်ဆိုင်ရာ နောက်ခံ အကြောင်းအရာများကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ခြံရောင်းချခြင်းသည် တရားမဝင်ကြောင်း “လွှဲအပ်ညွှန်ကြားချက်အရ” ဆိုသည့် အထက်တန်း အမျိုးသမီးရှေ့နေ ဒေါ်ချိုသဲမေနှင့် ဒေါ်ဝေဝေအောင် တို့ နှစ်ဦးထံ ကန့်ကွက်စာ ပို့ခဲ့သည်။ သို့သော် ယနေ့ထိ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ခြံဝင်းအတွင်းရှိ မြေကွက်တချို့အား ရောင်းလိုက်ပြီးဖြစ်သဖြင့် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား (၆) ဦးကို ဂိုဏ်းဖွဲ့ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မလေးရှားတရားရုံးချုပ်က ယနေ့ သေဒဏ်ပေးလိုက်သည်။

၎င်းတို့ (၆) ဦးသည် ၂၀၀၅ ခုနှစ်၊ ဇွန်လအတွင်း မြန်မာ-မွတ်စလင်တဦးဖြစ်သည့် ဆာဒစ်ဟူစိန်ကို ဂိုဏ်းဖွဲ့သတ်ဖြတ်ခဲ့ခြင်း အတွက် သေဒဏ်ပေးခံကြရခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာတဦးက ပြောသည်။ မလေးရှားတရားရုံးချုပ်က သေဒဏ်ချမှတ်လိုက်သူများမှာ အောင်စိုးဦး (ခ) စလမ်၊ ၀င်းနိုင် (ခ) ကာစင်၊ နဂုရာရှစ်၊ မွန်ဂျီ (ခ) အက်ကာရင်ဟာရှင်း၊ ဆိုင်ဒူလဒ် (ခ) စိုးစိုးနှင့် ဇော်ဦးတို့ဖြစ်ကာ ၎င်းတို့သည် မြန်မာ-မွတ်စလင်များဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သြဂုတ်လ ၇ ရက်
ရက်သတ္တပတ် ၃၁၊ ၂၀၀၉
မြန်မာသတင်း

လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ဟု
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ၈-၈-၀၉ တွင် (၂၁) နှစ်ပြည့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးများ မရရှိသေးသည့်အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းကြီးများကို မွေးထုတ်ပေးလိုက်သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း အမှန်တကယ်ညီညွတ်သည့် ခေါင်းဆောင်မှုကို မတည်ဆောက်နိုင်သေးကြောင်း ကိုအောင်မိုးဇော်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ကိုသံခဲကလည်း
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီအုတ်မြစ်ကို ချပေးခဲ့သည့် မှတ်တိုင်တခုဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ရှင်သန်ဆဲဖြစ်သည်ဟု ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီအုပ်မြစ်ကို ချပေးသည့်မှတ်တိုင်တခုဖြစ်ပြီး ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဒီမိုကရေစီအင်အားစုများအနေဖြင့် အားနည်းချက်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရပြီး ယင်းပြဿနာကိုဖြေရှင်းရန်မှာ နအဖစစ်အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ကိုသံခဲက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အန်အယ်ဒီ မြို့နယ်စည်း ထောင်ထဲတွင် ကျန်းမာရေးဆိုးရွား

ချင်းမိုင် ။ ။ ထောင်ဒဏ် ၇ နှစ်ခွဲ ကျခံနေရသည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ မြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်အတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၂ နှစ်အရွယ် ဦးတင်ယုသည် အစာမစားနိုင်ဘဲ ထောင်ဆေးရုံ၌ တင်ထားရပုံကို ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သည့် သမီးဖြစ်သူ မသင်းသင်းယု အပြောအရ သိရခြင်း ဖြစ်သည်။ သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အမည်မသိ လူတစုက တံတားဖြူမှတ်တိုင်၌ ဝိုင်းဝန်းရိုက်နှက်သဖြင့် ဦးခေါင်းတွင် ၂၃ ချက် ချုပ်ရကာ၊ မျက်စိ၌ ထိခိုက်မှု ဖြစ်ခဲ့သေးသည်။

ထိုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးပြီး၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က နိုင်ငံတော်လုံခြုံရေးအား ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့သည်။ ယခုအခါ ပုဒ်မ ၃၅၃ - တာဝန်ဝတ္တတရား နှောင့်ယှက်မှု ကျန်ရှိနေသေးသည်။

ယခုလ ၄ ရက်နေ့တွင် သူနှင့်အတူ အမှုတွဲတူသူများအား ရုံးထုတ်၍ စီရင်ချက်ချမှု ရှိခဲ့သော်လည်း ဦးတင်ယုမှာ ကျန်းမာရေး အခြေအနေကြောင့် တရားရုံးသို့ မသွားနိုင်ဘဲ တဦးတည်း ကျန်ရစ်ခဲ့ပြီးနောက် ယခုလ ၁၄ ရက်နေ့သို့ ရုံးချိန်းရက် ရွှေ့ဆိုင်းပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် လုံခြုံရေးများ တိုးမြှင့်ချထား

မနက်ဖြန်သည် ရှစ်လေးလုံးအရေးတော်ပုံကြီး (၈-၈-၈၈) ဖြစ်ပွားခဲ့သည်မှာ (၂၁) နှစ်ပြည့်မြောက်သောနေ့ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ရွှေတိဂုံဘုရား၊ အန်အယ်လ်ဒီရုံးချုပ်ရှိရာ ရွှေဂုံတိုင်ဝန်းကျင်၊ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်း မီးပွိုင့်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်မှစ၍ ရဲများကို တနေရာလျှင် (၂) ဦး၊ (၃) ဦးခန့်ချထားကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ယခုနှစ် ရှစ်လေးလုံးနေ့တွင် ပြည်သူများမဆူပူရန် အစိုးရက မည်သို့လုံခြုံရေး တင်းကျပ်မည်ဆိုသည်ထက် ယခုလ (၁၁) ရက်နေ့တွင် အမိန့်ချမှတ်မည့် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စကို ရန်ကုန်မြို့ခံများက အလွန်စိတ်ဝင်စားနေကြသည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ယက်တော အမှု မဖန်တီးခဲ့ဟု စစ်အစိုးရ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ရေကူးဝင်ခဲ့ခြင်းမှာ အစိုးရက ပူးပေါင်းကြံစည်ခဲ့ခြင်းမဟုတ်ပါဟု စစ်အစိုးရက ငြင်းဆိုလိုက်သည်။

ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ယနေ့ နေ့လည် ၂ နာရီက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပြတိုက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ပြည်ပရောက် အတိုက်အခံများ လက်ချက်ဟု တန်ပြန်စွပ်စွဲလိုက်သည်။

မစ္စတာယက်တောသည် ပြည်ပရှိ အတိုက်ခံ အဖွဲ့အစည်းများနှင့် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့ဖူးသူ ဖြစ်သဖြင့် အတိုက်အခံ အဖွဲ့အစည်းများကသာ ကြိုးကိုင် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု
ဆရာဝန်များက ရှုမြင်

ပြည်ပနိုင်ငံများမှ တင်သွင်းနေသည့် စားသုံးကုန်စည်များအား စားသုံးရန်မသင့်ဟု အကြောင်းပြပြီး တားမြစ်အရေးယူနေမည့် အစား မြန်မာ့အာဏာပိုင်များအနေဖြင့် ပြည်တွင်း၌ ချက်လုပ်ရောင်းချနေသည့် အရက်သေစာများအား လိုက်လံစစ်ဆေးကာ စံချိန်အဆင့် ပြည့်မီခြင်းမရှိသည့် အရက်ထုပ်လုပ်သူများကို အရေးယူကာ ပြည်သူများအား အသိပေးသင့်ကြောင်း ပြည်တွင်းဆရာဝန်များက ရှုမြင်သည်။

မြန်မာနိုင်ငံတွင် အဆင့်ပြည့်မီခြင်းမရှိသည့် အရက်သေစာ သောက်သုံးခြင်းကြောင့် သက်တမ်းမပြည့်ခင် သေဆုံးသူဦးရေ နှစ်စဉ် များပြားလာနေကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါဆရာဝန်သည် လွန်ခဲ့သည့် (၁၀) နှစ်ခန့်မှစ၍ ပြည်တွင်းထုတ်အရက်များနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်များအား သုတေသနပြုလုပ်နေသည့် ဆရာဝန်တဦးဖြစ်သည်။

စာရင်းဇယား အတိအကျကောက်ယူထားခြင်းမရှိသော်လည်း အရက်ကြောင့် သေဆုံးသူဦးရေ နှစ်စဉ်များပြားလာနေသည်ကို ဆရာဝန်တိုင်းက လက်ခံကြောင်း ယင်းဆရာဝန်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုနေအိမ် လုံခြုံရေး တာဝန်ကျ ရဲများအား အရေးယူဟု ရဲချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ မစ္စတာ ဝီလျံယက်တော ကျူးကျော် ဝင်ရောက်ခဲ့သော အမှုနှင့် စပ်လျဉ်း၍ တာဝန်ကျနေသော ရဲများကို အရေးယူခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။
ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က လုံခြုံရေး တာဝန်ရှိသူများအား စစ်ဆေးနေကြောင်း၊ အပြစ်ရှိပါက အရေးယူမည် ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်အပေါ် ပြည်တွင်း မီဒီယာတခုက မေးမြန်းခဲ့ခြင်းကို ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူခံရသူ ၂၀ ဦးကျော် ရှိသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာဂစ်အလှူပစ္စည်းများ ဂိုဒေါင်အတွင်းပျက်စီးနေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (သမိုင်းလမ်းဆုံအနီး) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သာသနာရေးဝန်ကြီးဌာနပိုင် ဂိုဒေါင်တခုအတွင်း သောင်းနှင့်ချီသော သွပ်ပြားများ၊ ပျက်စီးစ ပြုနေပြီဖြစ်သော သင်္ကန်းအုပ်များ၊ ကော်ဇောအုပ်များ များစွာကျန်ရှိနေကြာင်း ဂိုဒေါင်ဝန်ထမ်းများက ပြောသည်။

ဂိုဒေါင်အတွင်းရှိ ယင်းပစ္စည်းများသည် နာဂစ်လေဘေးသင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ ပေးဝေ၍ ပြည်တွင်းပြည်ပအလှူရှင်များက သာသနာရေးဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် အလှူခံပစ္စည်း များဖြစ်ကြသည်။

သာသနာရေးဝန်ကြီးဌာနသည် စင်ကာပူ၊ ထိုင်းတို့မှ အလှူရှင်များ၊ အန်ဂျီအိုများ၏ အလှူပစ္စည်းများ အများဆုံးလက်ခံရရှိပြီး သွပ်ပြားများ၊ သင်္ကန်းအုပ်များ၊ ကော်ဇော၊ တာလပတ်စများ၊ အ၀တ်အထည်၊ မုန့်ပုံးများ၊ မီးဖိုချောင်သုံး ပစ္စည်းများအထိ ပါဝင်သည်။

၎င်းအလှူပစ္စည်းများကို မြန်မာပြည်၏ ထိခိုက်မှုအများဆုံး လေဘေးသင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပြီး ရန်ကုန်တိုင်းအတွင်း လေဘေးသင့် ဘုန်းတော်ကြီးကျောင်းများ တစုံတရာ ရရှိခြင်းမရှိဟု သံဃာတော်အသိုင်းအ၀န်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်မည်

နယူးဒေလီ။ ။ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ယခုလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ အမေရိကန်၏ အကျိုးစီးပွား တိုးတက်လာစေရန်အတွက် အခွင့်အလမ်းများ ရှာဖွေနိုင်ရန် ဖြစ်သည်ဟု သူ၏ ရုံးမှ ယခုလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်အရေးဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌအဖြစ် လာရောက်မည့် အထက်လွှတ်တော်အမတ် ဝက်ဘ်သည် လက်ရှိတွင် အမေရိကန်မှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ဆယ်စုနှစ်တခုမျှ ခံနေရသော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ပထမဆုံး အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)

1 comment:

မမသီရိ said...

ကိုလူလ စာတွေလာဖတ်သွားတယ်
c-box က အလုပ်မလုပ်ဖူး ရှင့်

ကျန်းမာပါစေ