Sunday, May 10, 2009

သတင်းမှတ်စု ( ၁၈ )

မေလ ၄ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း

အန်အယ်လ်ဒီ ကြေညာချက်အပေါ် အကောင်းမြင် ရေးသားမှု၊ ပြည်တွင်း မီဒီယာမှ ဖေါ်ပြခွင့်ရ


ဧပြီ (၂၉) တွင် ကျင်းပပြီးစီးခဲ့သည့် အန်အယ်လ်ဒီ စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့်ပတ်သက်၍ အလာအလာကောင်းများရှိသည်ဟု ယူဆရကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

ယနေ့ထွက်သည့် ၀ီးကလီးအလဲဗင်းဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြထားခြင်းဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး အကောင်းမြင်ရေးသားမှု ပထမဦးဆုံး ဖော်ပြခွင့်ရခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အဆိုပါ ရွှေဂုံတိုင်ကြေညာချက်တွင် နအဖစစ်အစိုးရအနေဖြင့် ၎င်းတို့တောင်းဆိုသည့် အချက် (၃) ချက်ကို လိုက်လျောပါက လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ဖော်ပြထားသည်။

အဆိုပါ အချက် (၃) ချက်အနက် အချက် (၂) ချက်မှာမူ စစ်အစိုးရက တလျှောက်လုံး ငြင်းဆိုထားသည့် အချက်ဖြစ်သည်။ ၀ီးကလီးအလဲဗင်း အယ်ဒီတာ့အာဘော်တွင်မူ “တူတာတွေတွဲလုပ်၊ မတူတာတွေ ညှိနှိုင်းဖြေရှင်း” ဟု ခေါင်းစဉ်တပ်ထားပြီး စစ်ခေါင်းဆောင်များနှင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင် အဖြေရှာပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပသွားရန် တိုက်တွန်းထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေး မြို့တည် နန်းတည် နှစ်ပတ်လည်ပွဲတော် ကျင်းပ

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေး မြို့တည် နန်းတည် နှစ် ၁၅၀ ပြည့် “မန္တလေး အနုပညာပုံရိပ် ပွဲတော်” ကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှ ယမန်နေ့အထိ ပန်ထျာ ကျောင်းဝင်းအတွင်းရှိ အမျိုးသား ကဇာတ်ရုံကြီးတွင် ကျင်းပခဲ့သည်။

ယခုလ ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးစည်ပင်မှ ဦးစီးပြုလုပ်မည့် နှစ် ၁၅၀ ပြည့် ဈေးရောင်းပွဲတော်ကြီးအတွက် အကြို လှုံ့ဆော်ပွဲလည်းဖြစ်ပြီး၊ မန္တလေးမှ စာပေ၊ အနုပညာရှင် ၁၀၀ ကျော်က အခကြေးမယူဘဲ မေတ္တာဖြင့် ပါဝင်ပူးပေါင်းခဲ့ကာ၊ ၅ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စိစစ်ရေးက ပြည်တွင်း ဂျာနယ်များအား သတင်းပိတ်ပင်၊ ဆိုးဆေးသုံး ငါးပိသတင်း ကြိုတင် ဖေါ်ပြခွင့်မပြု

ပြည်တွင်းဂျာနယ်များက သတင်းများကြိုတင်ရရှိ၍ သတင်းဖော်ပြရေးသားလိုသော်လည်း စာပေစိစစ်ရေးက သတင်းထုတ်ပြန်ခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ငါးပိများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း သတင်းရေးသားမှု ကို စာပေစိစစ်ရေးက ပိတ်ပင်ခဲ့ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
FDA က ငါးပိအမျိုးအစားပေါင်း (၁၀၀) ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ကြောင်းနှင့် ထိုအထဲမှ အမျိုးအစား (၈၀) ခန့်တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိကြောင်း ကြေညာချက် သတင်းစာတွင် ပါပြီးမှသာ စာပေစိစစ်ရေးက ဂျာနယ်များအား သတင်းဖော်ပြခွင့်ပြုခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုင်းဘက်မှ သယ်လာသည့် လက်နက်များ ဖမ်းဆီးရမိ

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားပိုင် ကားတစီးပေါ်မှ လက်နက်များအား မြန်မာနယ်စပ် အာဏာပိုင်များက ယနေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မယ်ဆိုင်သို့ ကျောင်းသွားတက်သည့် မြန်မာကလေးများကို ပြန်ကြိုလာသည့် တိုယိုတာကား (နံပါတ် ၄၃၄၆၊ အဖြူရောင်) သည် နှစ်နိုင်ငံ တံတားထိပ် တာချီလိတ်သို့ ဝင်ရောက်လာစဉ် မသင်္ကာသဖြင့် ရှာဖွေရာမှ လက်နက် ၃ လက်နှင့် ကျည်ဆံများကို ဖမ်းဆီးရမိကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

ဖမ်းဆီးမိသည့် လက်နက်များမှာ ပွိုင့် ၃၈ - ၁ လက်၊ အေကေ ၄၇ တလက် ၎င်းကျည်အချို့၊ ပွိုင့် ၂၂ တလက်၊ စနိုက်ဘာ မှန်ပြောင်းတလက်၊ ကျည်ကာအင်္ကျီ တထည်၊ ပွိုင့် ၃၈ ကျည်အတောင့် ၃ဝဝ ၊ ပွိုင့် ၂၂ ကျည် ၅ဝ တောင့်၊ အေကေ ကျည်ဘောက်များလည်း ပါဝင်သည်ဟု မြို့ခံက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကလည်း အဆိုပါ တံတားအောက်မှ လက်နက်များ ရှာဖွေတွေ့ရှိမှု တခု ဖြစ်ပွားခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပတ်ရစ် ဖော်ကာလေယာဉ်များ ၀ယ်ရန် မြန်မာအစိုးရ စီစဉ်နေ

နယ်သာလန်နိုင်ငံ အစိုးရပိုင် KLM လေကြောင်းလိုင်းမှ လက်ရှိ ပျံသန်းနေသော Fokker-100 အမျိုးအစား တပတ်ရစ် လေယာဉ် ၁၅ စီး ၀ယ်ရန် မြန်မာအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေပြီး အင်္ဂလန်နိုင်ငံ Focus Aviation ကုပဏီအား ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးရန် KLM လေကြောင်းလိုင်းက တာဝန်ပေးထားသည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ပြည်သူ့ပြည်ချစ်ပါတီ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ နအဖထံ သွားရောက် ပူးပေါင်း

ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဦးအုန်းသော်သည် အဖွဲ့ဝင် (၂၀) နှင့်အတူ မြဝတီတပ်စခန်းမှတဆင့် နအဖထံ သွားရောက်ခဲ့သည်ဟု အဖွဲ့၏ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မဲဆောက်မှတဆင့် မြဝတီသို့ လက်နက်မဲ့သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့၏အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးအောင်မြင့်လည်း လိုက်ပါသွားခဲ့သည်ဟု ဦးသန်းစိန်က ပြောသည်။

ဦးအုန်းသော်နှင့်အဖွဲ့ကို မြန်မာအာဏာပိုင်များက လက်ခံထားသော်လည်း ၎င်းတို့အား မြ၀တီမြို့ပြင်တွင် ထားရှိကာ တဦးချင်းစီကို စစ်ကြောရေးဝင်နေသည်ဟု အာဏာပိုင်များနှင့်နီးစပ်သည့် မြ၀တီမြို့ခံတဦးက ပြောသည်။

စစ်တပ်၏ အာဏာသိမ်းခံရသည့် မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်းဦးနုသည် ၁၉၆၉ ခု စက်တင်ဘာ (၂၇) ရက်တွင် ပါလီမန်ဒီမိုကရေစီပါတီ (ပီဒီပီ) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-
မြန်မာနယ်စပ်တွင် တပ်အင်အား အလုံးအရင်းဖြင့် အခြေချကာ ထိုစဉ်က အာဏာသိမ်းစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ခဲ့သည်။

ဦးနုမရှိတော့သည့်နောက်ပိုင်း ပီဒီပီ ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) ကို ၁၉၇၄ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌမှာ ဗိုလ်လက်ျာဖြစ်ပြီး နောက်ပိုင်း ဦးသွင်၊ ဦးသန့်ဇင်တို့က အဆင့်ဆင့် ဆက်လက်ဆောင်ရွက်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ အဖြစ် ဦးသန်းစိန်ကို ရွေးချယ်ခဲ့သည်မှာ ယနေ့ထိဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်အစိုးရ တွေ့ဆုံရာမှာ မွန်ပြည်သစ်မပါသေး


စစ်အစိုးရသည် ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ အပါအ၀င် မြန်မာပြည် မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဧပြီလ ၂၈ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သော်လည်း တောင်ပိုင်းရှိ မွန်ပြည်သစ်အဖွဲ့အား ခေါ်ယူတွေ့ဆုံခြင်း မရှိသေးဘူးဟု သိရသည်။

သို့သော် ပြီးခဲ့သည့် မတ်လအတွင်းက မွန်ပြည်သစ် ခေါင်းဆောင်တချို့နှင့် နအဖ ခေါင်းဆောင်တဦးဖြစ်သော ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံခဲ့ခြင်း ရှိသည်။ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဟု မသိရပေ၊
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++

မေလ ၅ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း

အယူခံပိုင်ခွင့် အခွင့်အရေး မရရှိ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအယူခံကို နအဖစစ်အစိုးရက ပယ်ချလိုက်ပြီဖြစ်သည်။

အယူခံပယ်ဖျက်မှုကို ဧပြီ (၃၀) ရက်တွင် တွဲဖက်ရှေ့နေ ဦးလှမျိုးမြင့်ကိုယ်တိုင် နေပြည်တော်သို့ သွားယူခဲ့ရ ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက သတင်းဌာနများသို့ ပြောသည်။

နေအိမ်အကျယ်ချုပ်အယူခံမှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်ကတည်းက တင်သွင်းခဲ့သော်လည်း နအဖ၀န်ကြီးချုပ်က တစုံတရာအကြောင်းပြန်ကြားခြင်း မရှိခဲ့ရာ ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံတင်ပြခဲ့ရာတွင် အယူခံမှုကို ပလပ်လိုက်ကြောင်း နအဖဘက်က တရားဝင် အကြောင်းကြားလိုက်ခြင်းဖြစ်သည်။

တည်ဆဲဥပဒေ (၁၉၇၅) အရ နိုင်ငံတော်နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်သည့်ဥပဒေတွင် (၅) နှစ်အထိသာ ချုပ်နှောင်ထားပိုင်ခွင့်ရှိသော်လည်း တနှစ်ထပ်မံတိုးချုပ်ခဲ့ခြင်းသည်ပင်လျှင် နအဖစစ်အစိုးရအနေဖြင့် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန်အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင်တဦးက ပြောဆိုလိုက်သည်။

မကြာသေးခင်က ပြည်ပမီဒီယာ တခုက ငါးလုပ်ငန်း အဖွဲ့ချုပ်က သတင်းဌာနများကို လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ငါးလုပ်ငန်းခန်းမတွင် အင်္ဂါနေ့တိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် ပြည်တွင်း သတင်းဌာနများသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ သို့သော် သတင်းမီဒီယာများအနေဖြင့် ငါးလုပ်ငန်း သတင်းများကို ဖော်ပြရာတွင် ပြည်သူသို့ မထုတ်ပြန်သင့်သည့် သတင်းအချက်အလက်များ ပါရှိနိုင်သဖြင့် အဖွဲ့ချုပ်သို့ ပြန်လည်တိုင်ပင်စိစစ်ရန် လိုကြောင်း အမှုဆောင်ဖြစ်သူက ပြောဆိုသည်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လွတ်လပ်စွာ ရေးသားခွင့်ပေးခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများတွင် ၂ ကြိမ် မှားယွင်းခဲ့ခြင်းကြောင့် ယခုလို ပြန်လည်စိစစ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သူက ဆိုခဲ့သည်။

သတင်းမီဒီယာကဏ္ဍတွင် ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပွင့်လင်းကြောင်း ပြည်တွင်းသတင်း ဌာနများက ဆိုသည်။

သို့သော် ပြည်တွင်း သတင်းဌာနတခုမှ တာဝန်ရှိသူတဦးက ယခုလို ဖြည့်စွက်ပြောဆိုသည်။

သူက “မေးသမျှအကုန် ဖြေတယ်။ ဒါပေမဲ့ တချို့သတင်းတွေကိုကျတော့ သတင်းမရေးပါနဲ့လို့ တခါထဲ ပြောတယ်” ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တပ်ဖွဲ့ အင်အားလျှော့ချမည့်ကိစ္စ ဒီကေဘီအေအတွင်း သဘောထားကွဲ

တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်းပေးမည်ကို သဘောတူလက်ခံသော်လည်း တပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိဖြစ်သော်လည်း ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေအဆင့်များကို တပ်မတော်က အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက် အစည်းအဝေးထိုင်ရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။

ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် လုံးဝအစီအစဉ်မရှိကြောင်း၊ နအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အားအဆပေါင်းများစွာ လျှော့ချမည့်ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘောမတူကြဟု သိရသည်။

နအဖသတ်မှတ်ထားသည့်အတိုင်း တပ်အင်အားလျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝတ်ပြု ဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကြောင့် အဖမ်းခံရသူ ရန်ကုန်တိုင်း တွံတေးမြို့မှ အန်အယ်ဒီ ပါတီဝင် နှစ်ဦးအမှုကို မြို့နယ်တရားရုံးက ယနေ့ စစ်ဆေးရာ သာသနာရေး ဦးစီးဌာနမှ ပါဝင် အစစ်ဆေးခံခဲ့သည်။

မြို့နယ်အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ဦးအောင်စိုးဝေကို သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။

သာသနာရေး အလံတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ကျန်းမာပါစေ ဆိုသည့် စာတန်းများ ရေးခြင်းသည် သာသနာရေးကို ညစ်ထေးစေသည်ဟု ဦးဉာဏ်ဋ္ဌေးက တရားရုံးတွင် ထွက်ဆိုကြောင်း အန်အယ်ဒီ အမှုသည်များအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျင်တိုးက ပြောသည်။

တရားစွဲဆိုခံရသူ နှစ်ဦးသည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ဖက်တရာ စေတီတော်ကြီး၌ သာသနာ့အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ယခု စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မသည် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ် လေဘေး ဒုက္ခသည် ( ၅ ) သိန်းအတွက် နေအိမ်များ လိုအပ်ဆဲ


မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီးသော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေးရေးအဖွဲ့များက ပြောသည်။

လေဘေးဒုက္ခသည် (၅) သိန်းခန့်အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနေသည့် Inter-Agency Standing Committee( IASC) အဖွဲ့ကြီးက ပြောကြားသည်။

ကုလသမဂ္ဂက နာဂစ်ဘေးသင့်သူများအား ကူညီနိုင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့် လိုအပ်ငွေမှာ အမေရိကန် ဒေါ်လာ (၄၇၇) သန်းဖြစ်ပြီး ယင်းငွေ၏ (၆၆) ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ (၃၁၅) သန်းရရှိခဲ့သည်။

နောက်လာမည့် (၃) နှစ်အတွက် အမေရိကန်ဒေါ်လာ (၆၉၁) သန်း တောင်းခံထားသည်ဟု (OCHAFTS) တွင် ဖော်ပြသည်။ ၂၀၀၈ ခု မေ (၁-၂) ရက်တို့တွင် တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ကာ၊ ကလေး (၅) သိန်းကျော် အတွက် ပညာရေး ထောက်ပံ့မှုများ ပေးနိုင်ခဲ့ပြီး ကျောင်းပေါင်း (၁,၄၀၀) ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ၀က်ဆိုဒ် များတွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖမ်းဆီးရမိ သစ်ကားများ ဗန်းမော်သို့ ပို့ဆောင်

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ သစ်တောများအတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ကယ်ရီ ကားများအား လွန်ခဲ့သည့် ၂ ရက်ခန့်မှ စတင်၍ ဗန်းမော်မြို့သို့ မောင်းနှင် ပို့ဆောင်နေပြီ ဖြစ်သည်။

မန်စီမြို့နယ်အတွင်းရှိ တောင်ပေါ်နှင့် တောတွင်းများမှ ဖမ်းဆီးရမိခဲ့သည့် သစ်ကယ်ရီယာဉ် အစီးရေ ၂ဝဝ ခန့်ကို မြို့အနီး ကိုက်ထိပ်ရွာသို့ ပို့ဆောင်ခဲ့ကာ၊ ထိုမှတဆင့် မန်စီ-ဗန်းမော် လမ်းကြောင်းအတိုင်း ဗန်းမော်မြို့အရောက် မောင်းနှင် သယ်ယူသွားကြောင်း သိရခြင်း ဖြစ်သည်။

ဗန်းမော်သို့ ရောက်နှင့်ပြီဖြစ်သည့် ကားများအား ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် - စကခ ၂၁ ဝန်းအတွင်း စုပုံထားရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၆ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း

သတင်းဌာနနှင့် ဆက်သွယ်သူများကို လဝက အမှုဖြင့် ထောင်ဒဏ်ချ

ဒါကာ (မဇ္ဈိမ) ။ ။ ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သူများအား နယ်စပ်ဖြတ်ကျော်မှုနှင့် ချိတ်ဆက် အမှုဆင်ပြီး ထောင်ဒဏ်ချမှတ်ရန် ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ညွှန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပြည်ပသတင်းဌာနများဖြင့် ဆက်သွယ်သူများကို လူဝင်မှုကြီးကြပ်ရေး - လဝက ပုဒ်မ တပ်ကာ ထောင်ဒဏ် ချမှတ်ရန် ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ ညွှန်ကြားထားခြင်း ဖြစ်သည်။

နိုင်ငံရေး ပုဒ်မတပ်ကာ တရားစွဲနိုင်သော အမှုများကို လဝက ပုဒ်မတပ်ပြီး ပြစ်ဒဏ် ချမှတ်ခြင်းသည် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား မရှိကြောင်း မြန်မာအစိုးရက ပြသချင်၍ ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ သဝန်ချောင်း ကျေးရွာသား ဦးမြတ်ထွန်း (ရဲဝန်ထမ်းဟောင်း) အား ပြည်ပ သတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်မှ အပြန် ဘူးသီးတောင် အခြေစိုက် အမှတ် (၂) ဗျူဟာရှေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ - စရဖ က ဖမ်းဆီးခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းကလည်း တောင်ကုတ်မြို့မှ ကိုစန်းလွင်နှင့် စစ်တွေမြို့ ပါတလိတ်ချိတ် ရပ်ကွက်နေ ကိုသာထွန်း ကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရိဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်သည့် အထောက်အထားများ ရရှိပါလျက်နှင့် မရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့်ပင် ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သေးကြောင်း နိရိဉ္စရာ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် နအဖပြော၊ ၀ တပ်ဖွဲ့ မကျေမနပ်ဖြစ်နေ


တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖစစ်ဘက်အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အားအဆမတန်လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊

ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ်လိုက်သည့် အပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။

အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲသင့်ဟု BLC ပြောကြား

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစွဲနိုင်ရန်အတွက် အထောက်အထားနှင့် အချက်အလက်များကို စုဆောင်းနေပြီဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပြောသည်။

စစ်အစိုးရမှ တိုင်းသူပြည်သားများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အမှုဖွင့်၍ တရားစွဲရန် လမ်းစများ ရှာဖွေနေကြောင်း ယနေ့ ပြောကြားခြင်း ဖြစ်သည်။ BLC ကို ပြည်ပရောက် မြန်မာရှေ့နေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC တင်ရန် နည်းလမ်းရှာဖွေသည့် အဆင့်တဆင့် အနေဖြင့်၊ BLC သည် IFDH ခေါ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားသူများနှင့် အခြား သူများကို ဖိတ်ခေါ်ပြီး ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၂ ခုနှစ် ဇူလိုင်လတွင် ICC ကို တည်ထောင်ပေးခဲ့သည့် သဘောတူ စာချုပ်ဖြစ်သော ရောမ ဥပဒေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့်အတွက်၊ ICC အနေဖြင့် မြန်မာပြည်အပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

မည်သို့ပင်ဆိုစေ၊ သဘောတူစာချုပ်၏ ပိုင်နက်နယ်မြေဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေအပိုဒ် တခုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိုသို့ ဆောင်ရွက်ရန် လွှဲအပ်ထားမှုအပေါ် အခြေခံပါက ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် ရှိကြောင်း စာချုပ်က ခွင့်ပြုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ နယ်မြေတွင် နိုင်ငံသားကပ်ပြား စတင်ထုတ်ပေး


စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေများအနက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မွန်တိုင်းရင်းသားများကို စစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများက နိုင်ငံသားကတ်များ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် ယမန်နှစ် ဖေဖော်ဝါရီလက အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ပြုလုပ်ပေးထားသော ယာယီမှတ်ပုံတင်ကတ်ပြားရှိသူများကို နိုင်ငံသားကတ်များဖြင့် ယမန်နေ့က တရက်တည်း ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်သည်။ ယခုပြုလုပ်ကြသူများအနက် မွန်ပြည်သစ်ပါတီမှ ပါတီဝင်များလည်း ပါဝင်သည်။

သို့သော် ယင်းသို့သွားရောက်လုပ်ကိုင်ကြသူများမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒထည့်ရန်အတွက် မဟုတ်ကြ ကြောင်းနှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့စေရန်အတွက်သာ ပြုလုပ်ကြခြင်းဖြစ်ကြောင်း နိုင်အောင်မငေးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုရီးယား လွှတ်တော်အမတ် ၂ ဦး မြန်မာပြည် သွားမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား သမတ၏ သဝဏ်လွှာ ပေးပို့ရန်နှင့် အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲ ဖိတ်ကြားရန် ကိုရီးယား လွှတ်တော်အမတ် ၂ ဦးသည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်။

Mr. Huh Tae Yeol နှင့် Mr. Cho Hae Jin တို့သည် ယခုလ ၈ ရက်မှ စတင်ကာ နှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံမည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးက ပြောဆိုခြင်းဖြစ်သည်။

၈ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ၊ ၉ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်မည် ဖြစ်သည်။
ကိုရီးယား-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဂျဲဂျူကျွန်း၌ ကျင်းပမည်ဖြစ်ရာ ယင်းအတွက် တောင်ကိုရီးယား သမ္မတက အာဆီယံနိုင်ငံများသို့ အထူးကိုယ်စားလှယ် ၁ဝ ဦး စေလွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
“ ဆန်ရှင် ” မထိရောက်ဟု စာရေးဆရာ ကျော်ဝင်း ပြော


လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဆန်ရှင် (sanction) ကို သိပ်ထိရောက်သည်ဟု မထင်ကြောင်း ဘာသာပြန် စာရေးဆရာကျော်ဝင်းက ထုတ်ဖော် ပြောဆိုသည်။

ပြည်တွင်း၌ ယနေ့ထုတ်ဝေသည့် ရန်ကုန်တိုင်းမ် ပုဂ္ဂလိကဂျာနယ်တွင် ဖော်ပြထားသည့် မြန်မာ- အမေရိကန် ဆက်ဆံရေးဆိုသည့် ဆောင်းပါးတွင် ဆရာကျော်ဝင်းက ပြောဆိုခြင်းဖြစ်သည်။

ယင်းဆောင်းပါးတွင် sanction နှင့်ပတ်သက်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံ Larry Dinger ၊ စာရေးဆရာ ကျော်ဝင်းနှင့် ဗိုလ်မှူးဟောင်း ဦးကိုကိုလှိုင်တို့၏ ဆွေးနွေးချက်များကို ဖော်ပြထားသည်။

စာရေးဆရာကျော်ဝင်းက sanction နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တရားဝင်ပြောဆိုခြင်းဖြစ်သည်။

ယခင်က ကျော်ဝင်းနာမည်နှင့် မြန်မာ့နိုင်ငံရေးစာတမ်းများ ထွက်ပေါ်ခဲ့၊ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ဖူးသော်လည်း သူမဟုတ်ကြောင်း၊ မည်သည့်ထင်မြင်ချက်မှ မပေးနိုင်ကြောင်း တရားဝင် စာမျက်နှာထက်မှ ထုတ်ဖော်ခဲ့သူဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အလုပ်ရှင်နှင့် သဘောတူညီမှုရ၊ မဲဆောက် ဆန္ဒပြပွဲ ပြီးဆုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီမှု လက်မှတ်ရေးပြီးနောက် လုပ်အားခ ၂ လစာ ရရှိရေး ဆန္ဒပြပွဲသည် ၆ နာရီခန့်အကြာတွင် ရပ်ဆိုင်းခဲ့ပြီ ဖြစ်သည်။

စက်ရုံပိုင်ရှင်၏ ဇနီးဖြစ်သူ နောင့်စောင် ထံနဖွန်ဆိုထနာဒေချာဖွန်က ပိုင်ရှင် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသည့် MAP Foundation အဖွဲ့မှ ထိုင်းရှေ့နေ ဖိနိန်၊ မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး တာဝန်ခံ ခွန်စွန်ဖွန်နှင့် အလုပ်သမား ကိုယ်စားလှယ် ၉ ဦးအကြား ယခုလ ၂ဝ ရက်နေ့တွင် ငွေရှင်းပေးရန် သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

လုပ်အားခ မရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများက ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံ လာရောက်တိုင်ကြားရာ အလုပ်သမားရုံးနှင့် ညှိပေးရန် စီစဉ်ပေးခဲ့သည်။ သို့သော် အလုပ်သမားရုံးမှ အရာရှိနှင့် လုပ်ငန်းရှင် ဇနီးမောင်နှံက ရှောင်တိမ်းနေခဲ့သဖြင့် ယခုကဲ့သို့ အလုပ်သမားရုံး (ဆဝါဒီကန်) ရှေ့သို့ သွားရောက် ဆန္ဒပြရခြင်း ဖြစ်သည်။

အလုပ်ရှင်ဘက်က ရှောင်တိမ်းခဲ့သဖြင့် အလုပ်သမားများက ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကတည်းက အလုပ်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး၊ လုပ်အားခ ပြန်ရမှသာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်မည်ဟု အလုပ်သမားများက တောင်းဆိုခဲ့သည်။

ထို့အပြင် ယခင်က ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုလျှင် အလုပ်ရှင်များက ရဲအချို့နှင့် ပူးပေါင်း၍ ဆန္ဒပြခေါင်းဆောင်များကို ရိုက်နှက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ယနေ့ ဆန္ဒပြအလုပ်သမားများအပေါ် တစုံတရာ နှောင့်ယှက်ဟန့်တားခြင်း မရှိခဲ့ပါ။

ပြည်တွင်း၌ စီးပွားရေး အဆင်မပြေသဖြင့် မြန်မာနိုင်ငံသား ဦးရေ သန်းနှင့်ချီရှိပြီး ထိုင်းနိုင်ငံနေရာအနှံ့သို့ ထွက်လာသည့်အနက် မဲဆောက်မြို့၌လည်း ဈေးဆိုင်၊ စားသောက်ဆိုင်၊ အိမ်အကူ၊ အထည်ချုပ်စက်ရုံနှင့် သိုးမွှေးစက်ရုံတို့၌ ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မေလ ၇ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း

အမေရိကန်နိုင်ငံသား၊ ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ လျှို့ဝှက် ၀င်ရောက်


အမေရိကန်ပတ်စ်ပို့ (PP.NO-4397677222/28.4.2008) ကိုင်ဆောင်ထားသော Mr.John Willian Yeattaw ဆိုသူသည် မေလ (၆) ရက် နံနက် (၅) နာရီခွဲတွင် (၅) လီတာဝင် ရေသန့်ဘူးအကူအညီဖြင့် အင်းလျားကန်အတွင်း ကူးခတ်နေစဉ် စစ်ဆေးမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ပြန်ထွက်လာခြင်းဖြစ်သည်ဟု နအဖသတင်းစာများတွင် ယနေ့ဖော်ပြထားသည်။

အဆိုပါ အမေရိကန်နိုင်ငံသားသည် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် မေ (၂) ရက်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ဗျူးတီးလဲန်း (၂) ဟိုတယ်တွင် တည်းခိုခဲ့ကာ မေ (၃) ရက်ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံသို့ အင်းလျားကန်မှတဆင့် ရေကူးသွားရောက်ခဲ့ကာ နေအိမ်အတွင်း လျှို့ဝှက်နေထိုင်ခဲ့ကြောင်း သတင်းစာများက ဖော်ပြသည်။

ထို့နောက် မေ (၅) ရက် ညပိုင်းအချိန်တွင် အင်းလျားကန်အတွင်းမှ ရေကူး၍ ပြန်ထွက်လာစဉ် လုံခြုံရေးများက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင်ကျောပိုးအိတ်တလုံး၊ ဓာတ်မီး တလက်၊ ခေါက်ပလာယာတလက်၊ ကင်နွန်ကင်မရာတလုံး၊ အမေရိကန်ဒေါ်လာ (၁၀၀) တန် နှစ်ရွက်နှင့် မြန်မာငွေ (၁,၀၀၀) တန် (၉၃) ရွက်တို့ကိုပါ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပြီး ဆက်လက်စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း ရေးသားထားသည်။

ထိုသို့ နအဖသတင်းစာများ၏ ဖော်ပြချက်တွင် အဆိုပါ အမေရိကန် နိုင်ငံသားအား တွေ့ရှိချိန်ကို မေ (၆) ရက် နံနက်ပိုင်း (၅) နာရီခွဲ နှင့် မေ (၅) ရက် ညပိုင်း ဟူ၍ ကွဲလွဲစွာဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ဟု NLD (L/A) ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ အကျယ်ချုပ် ကျခံနေသည့် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖန်တီးလာနိုင်ကြောင်း ပြည်ပအခြေစိုက် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က ပြောသည်။

ပါတီခေါင်းဆောင်၏ နေအိမ်၌ ၂ ရက်ကြာနေခဲ့ပြီး၊ ယခုလ ၅ ရက်နေ့ ညနေတွင် ပြန်လည် ထွက်ခွာလာကာ၊ ၆ ရက်နေ့တွင် အင်းယားကန်အတွင်း ရေကူးနေစဉ် အဖမ်းခံခဲ့ရကြောင်း မြန်မာစစ်အစိုးရ သတင်းစာများတွင် သတင်း ထုတ်ပြန်ချက်အပေါ် NLD (L/A) ခေါ် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းသို့ စစ်အစိုးရ အဆိုအရ အမေရိကန် နိုင်ငံသားတဦး ခိုးဝင်ခဲ့ခြင်းကို လုံခြုံရေး အားနည်း၍ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာပြည်တွင်းရှိ NLD က ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အတွက် အထူးစိုးရိမ်ဖွယ်ရာပင် ဖြစ်ကြောင်း NLD က သုံးသပ်သည်။

ယနေ့ထုတ်ပြန်သည့် AP သတင်းတရပ်တွင် ယနေ့ နေ့ခင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း ရဲတပ်သား ၂ဝ ဦးခန့် ဝင်ရောက်သွားခဲ့ကြောင်း အိမ်နီးနားချင်းများ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကလေးငယ်များ အဓမ္မလုပ်အားစေခိုင်းခံရ၊ မွန်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်


မြန်မာနိုင်ငံ တောင်ပိုင်းရှိ မိုင်ပေါင်း (၁၈၀) ရှည်လျားသော ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်း သွယ်တန်းထားရာတလျှောက်ရှိ ရွာသူရွာသားများအား အဓမ္မလုပ်အားပေး ခိုင်းစေရာတွင် (၁၂) နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း လူ့အခွင့်အရေးမြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) (HURFOM) က ပြောကြားသည်။

ယမန်နေ့က ထုတ်ဝေသည့် စာမျက်နှာပေါင်း (၉၀) ကျော်ပါ “Laid Waste” “အလုံးစုံပျက်သုဉ်းခြင်း” ဟု အမည်ပေးထားသည့် ယင်းအစီရင်ခံစာတွင် ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ပြည်သူတို့သည် မြေခြံလယ်ယာများ၊ သဘာဝသယံဇာတများ ဆုံးရှုံးရသည်သာမက နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ အတွက်သာ အကျိုးစီးပွားဖြစ်ထွန်းနေကြောင်း တင်ပြထားသည်။

အစီရင်ခံစာတွင် ကလေးငယ်များအား ကင်းစောင့်ခိုင်းခြင်း၊ ပစ္စည်းသယ်ပို့ခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေရာတွင် မိဘကိုယ်စား ကျောင်းမတက်ရဘဲ အလုပ်လုပ်ပေးနေရခြင်း အပါအဝင် ပိုက်လိုင်း လုံခြုံရေးစောင့် တပ်သားများ၏ အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ရိုက်နှက်ခံရမှုများလည်း ရှိကြောင်း ယင်းအစီရင်ခံစာ ပြုစုသူ နိုင်အဲမွန်က ပြောသည်။ တနင်္သာရီတိုင်းမှ မွန်ပြည်နယ်ကို ဖြတ်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံအထိ သွယ်တန်းထားသော ဂတ်စ်ပိုက်လိုင်းတလျှောက်တွင် စစ်တပ်တည်ဆောက်ရန်နှင့် ပိုက်လိုင်းလုံခြုံရေးအတွက် သိမ်းပိုက်ခံရသည့် မြေဧကပေါင်း (၁) သောင်း (၅) ထောင်ကျော် ရှိပြီး လုံခြုံရေးအတွက် တပ်စခန်းပေါင်း (၃၀) ကို တည်ဆောက်ထားသည်။

ခိုင်ခံ့မှု မရှိ၍ ဂတ်စ်ပိုက်လိုင်း ယိုစိမ့်နေသည်ဖြစ်စေ၊ ပေါက်ကွဲနေသည်ဖြစ်စေ အနီးအနား ရွာသားများအား အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ရွာအပြောင်းအရွှေ့များကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူ အယောက် (၁၀၀) ကျော်တို့နှင့် တွေ့ဆုံမေးမြန်းထားမှုများကိုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ မိုင်ပေါင်း (၁,၂၀၀) ရှည်သော ဂတ်စ်ပိုက်လိုင်းသွယ်တန်းရန်အတွက် စစ်အစိုးရနှင့် တရုတ်နိုင်ငံအကြား သဘောတူညီမှု ရယူထားပြီး လတ်တလော ပိုက်လိုင်းသွယ်တန်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို နိုင်ငံတကာက အာရုံစိုက်လာစေရန် ယခု အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး မြှင့်တင်ရေး ဖောင်ဒေးရှင်း၏ ဒါရိုက်တာ နိုင်ကစောက်မွန်က အစီရင်ခံစာတွင် ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ချဲအမှုဖြင့် စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် အဖမ်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ချဲစာရွက် လက်ဝယ်တွေ့သည်ဟု စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်အား တွံတေးမြို့နယ် ရဲများက ယနေ့၌ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း တွံတေးမြို့နယ် အန်အယ်ဒီ တာဝန်ခံများက ပြောသည်။

နံနက် ၁၁ နာရီခန့်တွင် ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦး ဦးဆောင်သည့် အဖွဲ့က ကိုရဲထွဋ်ခေါင်ကို ချဲစာရွက်များ တွေ့သည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြို့နယ် အန်အယ်ဒီ ပါတီ တာဝန်ရှိသူများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကိုရဲထွဋ်ခေါင်က သူသည် ချဲနှင့် မပတ်သက်သည့်အပြင် ချဲစာရွက်များလည်း လက်ဝယ်မရှိခြင်းကြောင့် လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ကြောင်းနှင့် သူ့အား ခေါ်ဆောင်သွားသည့် ရဲစခန်းသို့ ထမင်းပို့ဆောင်ခြင်း၊ သွားရောက်တွေ့ဆုံခြင်းတို့ကို စခန်းမှူးဦးမြင့်ကျော်က ပိတ်ပင်ထားကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကရင်ခွဲထွက်များ ပျောက်ကွယ်သွားစေရန် နအဖ လုပ်ဆောင်ဟု ငြိမ်းချမ်းရေးကောင်စီ ပြောကြား


မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့်အစီအစဉ်ကို နအဖမှ စနစ်တကျလုပ်ဆောင်နေသည်ဟု ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။

ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရမည်းသင်း ရွှေဆိုင် လုယက်မှု တဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ ဈေးကြီးရှိ ဒေါ်အေးကြည်နှင့် သားများ ရွှေဆိုင်ကို ယမန်နေ့ ညနေပိုင်းတွင် သေနတ်သမား ၃ ဦးက သေနတ် ၁၁ ချက် ပစ်ခတ်ပြီးနောက် ရွှေများကို လုယက်ခဲ့ရာ ဆိုင်ရှင် မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိပြီး ဒေသခံတဦး သေဆုံးခဲ့သည်။

ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် လုယက်သူ ၃ ဦးက ရွှေဆိုင်အတွင်းမှ ရွှေဆွဲကြိုး အကုံး ၃ဝဝ (အလေးချိန် ၅ ပိဿာခန့်) နှင့် လက်ကောက်များ (၂ ပိဿာခန့်) ယူဆောင်ကာ အသင့်ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း မိသားစုဝင်က ဆိုသည်။

ဆိုင်ကယ်ဆီပြတ်ကာ ထိုးရပ်သွားသဖြင့် လုယက်သူများက လမ်းတွင် ရပ်ထားသော ဆိုင်ကယ်တစီးကို ဝင်ရောက် လုယက်ရာ၊ ပိုင်ရှင်ဖြစ်သူ စစ်မှုထမ်းဟောင်းက တားမြစ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟုလည်း သူက ပြောသည်။

ယခုအခါ ဒေါ်ချိုပြုံးကို မန္တလေး ဆေးရုံကြီးသို့ တင်ထားပြီး၊ အကိုဖြစ်သူ ဦးမျိုးသန်းမှာ ရမည်းသင်းဆေးရုံ၌ပင် ဆေးကုသမှု ခံယူနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်က အခွန်တိုးကောက်

ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင်များက ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ အခွန်ငွေ တိုးမြှင့်ကောက်ခံလာသည်။

မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံနယ်စပ် တက္ကနာမြို့နယ် လွှတ်တော်အမတ် အာဒူ ရာမန် ဘော်ဒီ - Adu Ramen Body နှင့် ကုန်သွယ်ရေး ဆိပ်ကမ်းအား ဘင်္ဂလား အစိုးရထံမှ ၅ နှစ် စာချုပ်ဖြင့် ကန်ထရိုက်ယူထားသူ ယာကူ - Yaku တို့ ပူးတွဲကာ ကုန်ပစ္စည်း တတန်လျှင် တာကာငွေ ၁၅၀၀ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်သည်။

အခွန်တိုးမြှင့်ခြင်းသည် အစိုးရမှ တရားဝင် ကောက်ခံခိုင်းခြင်း၊ သို့မဟုတ် ဒေသဆိုင်ရာ လွှတ်တော်အမတ် အာဒူ ရာမန် ဘော်ဒီနှင့် ကန်ထရိုက်ရှင်က သူတို့သဘောနှင့် သူတို့ ကောက်ခံနေခြင်း ဟုတ်၊ မဟုတ်ကို သဲကွဲစွာ မသိရသေးပါ။

တိုးမြှင့်တောင်းခံသည့် သတ်မှတ်အခွန်အတိုင်း ပေးဆောင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် ကုန်သည်များအနေဖြင့် မြန်မာကုန်ပစ္စည်းများ ၀ယ်ယူခြင်း မပြုရန်လည်း လွှတ်တော်အမတ်က ပြောဆိုထားကြောင်း စစ်တွေမှ ဇီးယိုထုတ် ကုန်သည်တဦးက ပြောသည်။

အမြန်အစွန်း ကောင်းသဖြင့် တပိုင်တနိုင်သော်လည်းကောင်း၊ သင်္ဘော-စက်လှေများဖြင့်လည်းကောင်း ရခိုင်ကုန်သည်များက သယ်ယူလာလေ့ ရှိသော်လည်း လက်ရှိ အခွန်နှုန်းထားကြောင့် ၀င်ရောက်လာမှု နည်းပါးသွားသည်။

ယခုလို အခွန်တိုးကောက်သည်ကို ရခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းသို့ အသိပေး တိုင်ကြားသွားမည်ဟု ရခိုင်ကုန်သည်များက ဆိုကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မေလ ၈ ရက်
ရက်သတ္တပတ် ၁၉ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆေးကုသမှုလိုအပ်၊ မိသားစုဆရာဝန် အဖမ်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပြီး၊ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံနေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုသည်။

ယခုလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်က ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်း ပုံမှန်ဆေးကုသရန် သွားရောက်သည့်အခါ ဝင်ခွင့်မရရှိဘဲ၊ နေအိမ်သို့ ပြန်လာပြီးနောက် အာဏာပိုင်များက သူ့ကို လာရောက် ခေါ်ဆောင်သွားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ပြည်တွင်း သတင်းထောက်တဦးက မဇ္ဈိမကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။

သို့သော် ဆရာဝန်၏ ဆေးအကူ မပြုံးမိုးအိ ကို အာဏာပိုင်များက ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြောင်းကြားသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၃ နာရီခန့်အကြာ ကျန်းမာရေး စစ်ဆေးခွင့် ရရှိခဲ့ပြီး၊ အကြောဆေးလည်း သွင်းပေးခဲ့ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအိုင်အို နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်၊ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး နအဖနှင့် ထပ်မံ ဆွေးနွေးမည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပြီးလျှင် ဒုတိယ အင်အား အကြီးဆုံးဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်မှု မရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

ကချင်အတိုင်ပင်ခံကောင်စီကဲ့သို့ ကချင်ပြည်နယ် ပြည်သူလူထုအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းကော်မတီသာရှိပြီး ထိုကော်မတီတွင် ကိုယ်စားလှယ်အနေဖြင့်ပါရှိကာ နိုင်ငံရေးပါတီမဖွဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာက ပြောသည်။

အခြားသော အပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖဘက်က ပြောဆိုထားသော်လည်း ကေအိုင်အိုအနေဖြင့် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ ထို့ပြင် လူအင်အားသတ်မှတ်ပေးခြင်း၊ စာရင်း တောင်းခြင်းလည်း မရှိသေးဘဲ ယခုလအတွင်း ၎င်းတို့ဘက်မှ အဆင်သင့်ဖြစ်ပါက နအဖနှင့် ထပ်မံဆွေးနွေးရန် ရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။

ကေအိုင်အိုအဖွဲ့သည် ၁၉၆၂ ခုမှစ၍ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခြံဝင်းအတွင်း ကျူကျော်ဝင်ရောက်သူနှင့် တွေ့ခွင့်ရရန် သံရုံးက စောင့်ဆိုင်းနေ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တရားမဝင် ဝင်ရောက်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ အမေရိကန် လူမျိုးတဦးနှင့် မိမိတို့ တွေ့ဆုံခွင့် မရသေးကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ပြောသည်။

မြန်မာအာဏာပိုင်များက John William Yeattaw ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသူ အထိန်းသိမ်းခံ အမေရိကန် လူမျိုးနှင့် တွေ့ခွင့်တောင်းထားသည့် မိမိတို့၏ မေတ္တာ ရပ်ခံချက်ကို မြန်မာအစိုးရက တုံ့ပြန်မည်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်မေး (Richard Mei) က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သုခ ကုသိုလ်ဖြစ် ဆေးခန်းကို ရွှေ့ပြောင်းခိုင်း


ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ဖိအားပေးမှုကြောင့် နာရေးကူညီမှုအသင်းက လုပ်ကိုင်နေသည့် သုခကုသိုလ်ဖြစ်ဆေးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်း ပေးရတော့မည် ဖြစ်သည်။

သုခဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ အရေပြား၊ ကလေးအထူးကု စသည့် ဌာနခွဲများရှိရာ နေ့စဉ်လူနာ (၁၀၀) ကျော် လာရောက် ဆေးကုသခံလေ့ရှိသည်။

နာရေးကူညီမှုအသင်းကို ကွယ်လွန်သူ ဒါရိုက်တာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခု ဇန်န၀ါရီလအတွင်း ထူထောင်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လေတပ်ဦးစီးချုပ်၏သား ယာဉ်တိုက်မှုဖြစ်၊ တဦးသေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူ မောင်းနှင်လာသော ကားနှင့် အခြား ကားတစီးတို့ မေလ(၆)ရက်နေ့ ညဦးပိုင်းတွင် တိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုကြောင့် အသက်(၅ဝ)နှစ်ခန့် လမ်းသွားလမ်းလာတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ကန်ပတ်လမ်းနှင့် ဝင်္ကဘာလမ်းထောင့် (စာပေစီစစ်ရေးရုံး အနီး) တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူကိုယ်တိုင် မောင်းနှင်လာသော တိုယိုတာ Mark2 နှင့် ဂျစ်ကားတစီးတို့ အရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး တိုယိုတာ Mark2 ကားမှ ခြေကျင်လျှောက်သူ လမ်းသွားလမ်းလာ အမျိုးသားတဦးကို ထပ်မံ တိုက်မိခဲ့သည်။

အသက်(၅ဝ)ခန့် ရှိသည့် အမျိုးသားကြီးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဂြိုလ်တုစလောင်းများ ပုံမှန်ပြန်ဖြစ်နေ

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တိုက်ခေါင်မိုးများပေါ်ရှိ ကြပ်ညှပ်နေသည့် ဂြိုဟ်တုစလောင်းများ အားလုံးနီးပါး ပျက်စီးခဲ့ရာမှ ယခုအခါ နဂိုရှိပြီးသားအရေအတွက်၏ (၈၀) ရာခိုင်နှုန်းခန့် ပြန်လည်တပ်ဆင်ပြီးနေကြောင်း မြို့ခံများက ပြောသည်။

ဂြိုဟ်တုစလောင်းရောင်းချမှုကို တရားမ၀င်ကြောင်း နအဖစစ်အစိုးရက တားမြစ်ထားသော်လည်း ရန်ကုန်ဈေးကွက် အတွင်း ပုံမှန်ရောင်းချမှုများရှိနေပြီး စလောင်းများ ပုံမှန်တပ်ဆင်သူများလည်း ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အဓိကတပ်ဆင်ကြသည့် ဂြိုဟ်တုစလောင်းမှာ (၈) ပေစလောင်းခေါ် ဒီဂျစ်တယ်စလောင်းများ ဖြစ်ကြောင်း၊ ထိုစလောင်းဖြင့် ကမ္ဘာတ၀န်းအစိုးရနှင့် ပုဂ္ဂလိကရုပ်သံထုတ်လွှင့်ရေးဌာနများက ထုတ်လွှင့်သည့် ချယ်နယ်ပေါင်း (၂၀၀) ကျော်ကို ကြည့်ရှုနိုင်သည်ဟု ဂြိုဟ်တုစလောင်း လိုက်လံတပ်ဆင်ပြုပြင်သူ တဦးက ပြောသည်။
နအဖစစ်အစိုးရက ယခင်က နှစ်စဉ်ကြေးယူပြီး ဂြိုဟ်တုစလောင်းများကို မှတ်ပုံတင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကစပြီး မှတ်ပုံတင်ခွင့်ပိတ်ပင်ခဲ့သည်။

သို့သော် ဂြိုဟ်တုစလောင်းဖမ်းစက်နှင့်ပတ်သက်သည့် ပစ္စည်းများအား မည်သည့်အခါကမှ တရားဝင် တင်သွင်းခွင့်မပြုခဲ့ပေ။ တရုတ်နှင့်ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းရောင်းဝယ်နေကြခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ကိစ္စကို ‘ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိမှု’ - R2P မူ ချမှတ်ကျင့်သုံးရန် ဗြိတိသျှပါလီမန်အမတ် ၆ဝ ကျော်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ဖြစ်ကြသော Ian McCartney, Keith Vaz အပါအဝင် အမတ်များက မြန်မာ နိုင်ငံဆိုင်ရာ ပါတီပေါင်းစုံ ဒီမိုကရေစီရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ Joh Becrow အဆိုတင်သွင်းသည့် Early Day Motion (EDM) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရန် တာဝန်ရှိမှု R2P မူကို ချမှတ်ကျင့်သုံးပါရန်လည်း ကုလကို တိုက်တွန်းထားသည်။


R2P အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များ၏ ၂ဝဝ၅ ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတရပ်ရပ်က သူ့နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံး စစ်ဆင်မှုများ စသည်တို့မှ ကာကွယ်ရန် မတတ်နိုင်လျှင်သော်လည်းကောင်း၊ ကာကွယ်ပေးလိုစိတ် မရှိလျှင်သော်လည်းကောင်း၊ ထိုသူများအတွက် အကာအကွယ်ပေးရန် တာဝန်ရှိသည်ဟူသော အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များနှင့် အစိုးရများက သဘောတူညီခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

1 comment:

mg kyi poae said...

ကိုလူလ စီဘောက်ကို ၀င်မရလို့ မန့်သွားတယ်။
ကျွန်တော် အိမ်ပြန်သွားလို့ အဆက်ပြတ်နေတာ။