Monday, May 4, 2009

တပတ်အတွင်း သတင်းမှတ်စု ( ၁၇ )

ဧပြီလ ၂၇ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း


ကေအင်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက်၊ ထိုင်းစစ်တပ်နှင့် ဒီကေဘီအေ ရင်ဆိုင်တိုက်ပွဲဖြစ်


တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ မနက်ဖြန် ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထားခဲ့သည်။

စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်။

လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။

ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။

ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။

မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကိုဇာဂနာ ထောင်ပြင်ထုတ် ဆေးစစ်ခွင့်ရ


ယနေ့မွန်းလွဲပိုင်းက သရုပ်ဆောင် ဒါရိုက်တာ မောင်သူရခေါ် လူရွှင်တော်ဇာဂနာကို မြစ်ကြီးနားအကျဉ်းထောင်မှ ထောင်ပြင်ဆေးရုံသို့ ထုတ်လာပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

မိသားစုဝင်တဦးက “မွန်းလွဲပိုင်းမှာ ထောင်ထဲကနေ ဗင်ကားတစီးနဲ့ မြစ်ကြီးနားဆေးရုံကို ခေါ်ထုတ်လာတယ်။ နောက် အထူးကုဆရာဝန်တွေနဲ့ ဆေးစစ်တာခံတယ်။ နောက် သိပ်မကြာဘူး။ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မကြာခင်သိရလိမ့်မယ်” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မန္တလေးထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့ ထောင်ပြောင်းခံရ

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေး အိုးဘိုထောင်ထဲတွင် ကိုယ်ဝန်ပျက်ကျခဲ့သူ မကေသီအောင်နှင့် မန္တလေး တိုင်းစည်း အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက ပြီးခဲ့သည့် လနှောင်းပိုင်းနှင့် ယခုလဆန်းအတွင်း နယ်ထောင်များဆီ ပြောင်းရွှေ့ခဲ့သည်။

မကေသီအောင်ကို တနင်္သာရီတိုင်း ထားဝယ်ထောင်၊ မန္တလေး တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ကချင်ပြည်နယ် ပူတာအိုထောင်နှင့် မတ္တရာအမတ် ဦးသန်းလွင်ကို ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပစ်ခဲ့ခြင်း ဖြစ်သည်။ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ မန္တလေး အန်အယ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြလည်း ပြီးခဲ့သည့် လအတွင်းက ကချင်ပြည်နယ် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခံရသည်။

သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မန္တလေး တိုင်းစည်းဝင်များဖြစ်သည့် ဦးကံထွန်း (တိုင်း အတွင်းရေးမှူး) ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်) ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) ၁၁ နှစ်သည် အိုးဘိုထောင်ထဲတွင် ဆက်လက်၍ ပြစ်ဒဏ်များ ကျခံနေရဆဲ ဖြစ်သည်။

သူတို့ ၅ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ပြစ်ဒဏ် ၈ နှစ်ကျခံနေရသူ မတ္တရာအမတ် ဦးသန်းလွင် (မန္တလေးတိုင်း အန်အယ်ဒီ ဒု-ဥက္ကဋ္ဌ) ကိုလည်း ယခုလဆန်းပိုင်းတွင် အိုးဘိုထောင်မှ ကယားပြည်နယ် လွိုင်ကော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

လွိုင်ကော်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ရှိနေကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အီးယူက မြန်မာကို ပိတ်ဆို့မှု သက်တမ်းတိုးမည်


မန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် ယနေ့စီစဉ်နေသည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီစုံအားလုံးပါဝင်နိုင်ရေးနှင့် အမှန်အကန် ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ပြောဆိုလိုက်ကြောင်း ဘရပ်ဆဲလ်ကလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စေရန် တွန်းအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို အီးယူက နောက်ထပ် သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ရန်ရှိသည်ဟု သတင်းများတွင် ဖော်ပြသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်လည်း အီးယူက ထပ်မံတောင်းဆိုလိုက်သည်။

သက်တမ်းတိုးမြှင့်မည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဥရောပနိုင်ငံများအတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဆွေမျိုးသားချင်းများအား ခရီးသွားခွင့်ပိတ်ပင်ခြင်း၊ ၎င်းတို့၏ပိုင်ဆိုင်မှုများကို ထိန်းသိမ်း ထားခြင်းနှင့် မြန်မာစစ်အစိုးရအား လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းတို့ပါဝင်သည်။

စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုများကို နှိမ်နင်းခဲ့သဖြင့် အဆိုပါပိတ်ဆို့မှုများကို အီးယူက ၂၀၀၆ ခုမှ စတင်ချမှတ်ခဲ့ပြီး ၂၀၀၇ ခုတွင် သစ်တင်သွင်းမှုအပါအ၀င် တွင်းထွက်ကျောက်မျက်ရတနာများနှင့် ဓာတ်သတ္တု တင်သွင်းမှုများကိုပါ ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
စိုင်းခမ်းလိတ် အသက် ၆ဝ ပြည့် မွေးနေ့ပွဲ ကျင်းပ


ချင်းမိုင် (မဇ္ဈိမ )။ ။ ရှမ်းအမျိုးသား တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၏ အသက် ၆ဝ ပြည့် မွေးနေ့ပွဲကို မန္တလေးတိုင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ယမန်နေ့က ကျင်းပခဲ့သည်။

ယနေ့ ကျရောက်မည့် မွေးနေ့ပွဲကို တရက် ကြိုတင်ကာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ အလားတူ ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ကူတောက် ဘုန်းကြီးကျောင်း၌ ဆရာ စိုင်းခမ်းလိတ် ၆ဝ နှစ်ပြည့် မွေးနေ့အဖြစ် သူ၏ မိတ်ဆွေများ၊ တပည့်များနှင့် ရှမ်းလူငယ်များ စုပေါင်းကာ အလှူပွဲ ပြုလုပ်ခဲ့သည်။

ညပိုင်းတွင် ချင်းမိုင်မြို့ ကျောက်ဝ် နဝရတ်လမ်းရှိ မက်ကောမစ်ခ် ဆေးရုံ မျက်နှာချင်းဆိုင်ရှိ ဖယပ် Payap တက္ကသိုလ်၌ ဆရာ စိုင်းခမ်းလိတ် ရေးသားခဲ့သည့် တေးသီချင်းများကို သီဆို ဖျော်ဖြေသွားမည် ဖြစ်သည်။

၁၉၆၅ ခုနှစ်မှ စတင်ကာ ရှမ်းသီချင်းများ ရေးသားခဲ့သည့် ဒေါက်တာ စိုင်းခမ်းလိတ်သည် ၁၉၇၃ ခုနှစ်တွင် မြန်မာကိုယ်ပိုင်သံစဉ် သီချင်းများ စတင်ရေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ယခုနှစ် သင်္ကြန်တွင် စီးပွားရေး ဂယက် ထင်ဟပ်


အများပြည်သူများ၏ စီးပွားရေးရိုက်ခတ်မှုကို ယခုနှစ်ရန်ကုန်မြို့သင်္ကြန်တွင် ထင်ရှားစွာမြင်ရကြောင်း
မြို့ခံများက ပြောသည်။

ယခုနှစ် ရန်ကုန်သင်္ကြန် မဏ္ဍပ်တည်ဆောက်မှုမှာ ယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့် လျော့ကျသွားကြောင်း၊
ယခင်နှစ်က ရန်ကုန်တွင် မဏ္ဍပ်ပါမစ်လာလျှောက်သူများပြီး လျှောက်သောပါမစ်အတိုင်း တည်ဆောက် ကြသော်လည်း ယခုနှစ်တွင် ပါမစ်လျှောက်လွှာများကို လာရောက်ထုတ်ယူခြင်း မရှိကြသည်ထိ ဖြစ်ရပ်များ ကြုံတွေ့ ခဲ့ရကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ အရာထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်တမြို့လုံးတွင် မဏ္ဍပ်ပေါင်း (၂၃၀) ခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် မဏ္ဍပ်ပေါင်း (၁၀၀) ကျော်သာ ရှိကြောင်း၊ ပါမစ်လာလျှောက်သည့် အရေအတွက်မှာ (၁၃၀) ခန့် ရှိခဲ့ကြောင်း စည်ပင်သာယာ စာရင်း များအရ သိရသည်။

မဏ္ဍပ်တည်ဆောက်ရန် လိုအပ်သောငွေမှာ သိန်း (၅၀) နှင့် (၁၀၀) ကြားရှိကြောင်း မဏ္ဍပ်တည်ဆောက်ခဲ့သူ တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး

မဲဆောက် (မဇ္ဈိမ)။ ။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင်တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။

၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။

KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။

ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေစိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာအရ တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
H1N1 ၀က်တုတ်ကွေး မြန်မာနိုင်ငံတွင် မရှိသေး


H1N1 အမျိုးအစား ၀တ်တုတ်ကွေး ဗိုင်းရပ်စ်ရောဂါပိုး မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု မရှိသေးဟု မြန်မာစစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတဦးက RFA ကို ထုတ်ဖေါ်ပြောခဲ့သည်။

ပြည်သူများအတွက် ၀က်တုတ်ကွေးရောဂါနှင့် ဆိုင်သော အသိပညာပေး အချက်အလက်များ မကြာခင် ထုတ်ပြန်သွားရန် ရှိသည်ဟု ဒု- ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြီးမြင်းက ပြောသည်။ နေပြည်တော်တွင် ၀က်တုတ်ကွေး ကြက်တုတ်ကွေးတို့နှင့် သက်ဆိုင်သည့် အစည်းအဝေး ပြုလုပ်နေသည်ဟု အမည်မဖေါ်လိုသော ကျန်းမာရေး အရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လောလောဆယ်၌ H1N1 အမျိုးအစား ၀က်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မရှိသေးဗေမဲ့ လွန်ခဲ့သည့်နှစ်များအတွင်း H5N1 အမျိုးအစား ကြက်ငှက်တုတ်ကွေးရောဂါ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၍ လူတဦး သေဆုံးခဲ့သည်ဟု သိရသည်။
( အာအက်ဖ်အေသတင်းမှ ကောက်နှုတ်ချက် )
+++++
ဧပြီလ ၂၈ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း

လူသတ်မှု ကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ဖမ်းဆီးမိ


ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊ (၄) လွှာ ယာဘက်ခြမ်းအခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင်နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဝင်း၏သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော်တယောက်နှင့်အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာစစ်တပ်က ဝေါလေခီး စခန်းကို သိမ်းပိုက်

မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေခံစခန်း တခုဖြစ်သော ဝေါလေခီး စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁၂ ရက်နေ့ကတဲက ဝိုင်းဝန်းတိုက်ခိုက်၍ အဝိုင်းခံထားရသော KNLA ၏ တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းကို ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်က စွန့်လွှတ်လိုက်ရသည်၊

KNLA တပ်ဖွဲ့များက စခန်း ပတ်ဝန်းကျင်တခုလုံးကို မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများဆင်၍ ထောင်ထားရာ (နအဖ-ဒီကေဘီအေ) ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ အလွန်အထိအခိုက် များခဲ့သည်။

ဤစခန်းကို နောက်ဆုံးအကြိမ် သဲသဲမဲမဲ အတင်း ဝင်ရောက်တိုက်ခိုက်မှုတွင် SPDC/DKBA ပူးပေါင်းအင်အား ၄ဝဝ မှ ၅ဝဝ အထိ ပါဝင်ခဲ့သည်။ KNLA တပ်ဖွဲ့ဝင်များမှာ အင်အား ၅ဝ မှ ၆ဝ ခန့်သာရှိပြီး အင်အားချင်း မမျှ၍ နောက်ဆုံးတွင် စခန်းမှ ထွက်ခွါခဲ့ရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်လ်ဒီ စုံညီ အစည်းအဝေး ပြည်နယ်နှင့်တိုင်း (၄) ခုက ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်းအဝေးကို ယနေ့စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းတို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေးဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်ကလည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းကလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟိုအမျိုးသမီး (၃) ဦးတို့အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုံရွာတွင် ဝမ်းရောဂါ ဖြစ်နေ


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ မြို့နယ်တချို့တွင် ဝမ်းရောဂါဖြစ်နေစဉ် စစ်ကိုင်းတိုင်း မုံရွာတွင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်။

ယခုရက်ပိုင်းအတွင်း မုံရွာတွင် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပုဂ္ဂလိက ဆေးခန်းများ အဆိုအရ သိရခြင်း ဖြစ်သည်။
မုံရွာမြို့နယ် ကျန်းမာရေးဦးစီး ဌာနက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့တွင်း၌ ကားဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ဝမ်းရောဂါ သတိပေးချက်များ ပြုလုပ်ခဲ့သည်။

ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုလအတွင်း ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ကြီးအချို့တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးမှုများပါ ရှိခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်ချထား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စုံညီအစည်းအဝေးကို ရွှေ္ဂဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးတွင် ယနေ့စတင်ကျင်းပသောကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးအတွက် ရဲများကို အင်အားပြ ချထားကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်၊ စမ်းချောင်းနှင့်တာမွေတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများ၊ ဒိုင်းနှင့်တုတ်များ တင်ထားသောကားများ၊ ဆက်သွယ်ရေးကိရိယာများ တင်ဆောင်သည့်ကားများ စုစုပေါင်း (၁၀) စီးခန့်သည် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခြံအရှေ့ ဓမ္မာရုံဝင်းအတွင်း အရန်သင့် စောင့်ဆိုင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝက်တုပ်ကွေး ကုသရန် ရန်ကုန်ရှိ ဆေးရုံ နှစ်ရုံ ပြင်ဆင်နေ

ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။ ။ ၀က်တုပ်ကွေး သံသယ လူနာများကို ရန်ကုန် ဆေးရုံ နှစ်ရုံတွင် ကုသနိုင်ရန် စီစဉ်နေသည်။

ရန်ကုန် ဆေးရုံကြီးနှင့် ဝေဘာဂီ ဆေးရုံတို့တွင် ဖြစ်ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီး တရုံမှ တာဝန်ကျ ဆရာဝန်တဦးထံမှ ကြားသိရခြင်း ဖြစ်သည်။

ကျန်းမာရေး ၀န်ကြီးဌာနက ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကမ္ဘာ့ လူတုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယမန်နေ့က အသိပေး ထုတ်ပြန်ထားသည်။

ဝက်တုပ်ကွေးအတွက် မွေးမြူရေးနှင့် ကုသရေး ၀န်ကြီးဌာနက အသိပေးခြင်းသာ ရှိသေးပြီး၊ ၀က်မွေးမြူရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရန် အစီအစဉ်များ မရှိသေးကြောင်း သိရသည်။

ယနေ့လည်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက လူကို ရောဂါကူးစက်ခြင်း မရှိစေရန်နှင့် ၀က်များတွင် သံသယဖြစ်ဖွယ် တွေ့ရှိပါက အကြောင်းကြားရန် အစိုးရပိုင် သတင်းဌာနများမှတဆင့် သတင်းထုတ်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ တိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ဌာန အနေဖြင့်မူ ၀က်တုပ်ကွေးအတွက် အထူးအထွေ စီမံကိန်းမရှိသေးကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွေ့မည်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြားလွန်းနေသည့် မြန်မာ့ တပ်မတော်အတွင်း နေရာအပြောင်းအရွှေ့ ချောမွေ့စေရန် ပြည် ၃ လုံး အစီအစဉ်တခုကို စစ်အစိုးရက မကြာမီတွင် လုပ်ဆောင်လာမည်ဟု တပ်တွင်း သတင်းရပ်ကွက်များအရ သိရသည်။

အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့် ရဲဘက်သို့ ပြောင်းရွှေ့လာသူများကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ့တပ်မတော်သို့ ၀င်ရောက်သူနည်းပါး၊ တံဆိပ်တုန်းအတုဖြင့် ပညာရေး ထောက်ခံချက် လုပ်ပေးနေ


စစ်အစိုးရ တပ်မတော်တွင် အခြေခံတပ်သားသစ် စုဆောင်းရာ၌ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်သားစုဆောင်းရေးရုံးမှ အရာထမ်းတဦးက ပြောသည်။

စစ်သားစုဆောင်းရေး ရုံးခန်းငယ်များ မြို့တိုင်းတွင် ချထားသော်လည်း တပ်သားသစ် စုဆောင်းရရှိမှု မရှိသလောက်နည်းပြီး ခရိုင်အဆင့်၊ တိုင်းအဆင့် တပ်သားသစ်စုဆောင်းရေးရုံးများတွင်သာ တလ တဦး၊ နှစ်ဦးမျှ အ၀င်ရှိကြောင်း စစ်သားစုဆောင်းရေးရုံးတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။

ထိုသို့ တဦးစ နှစ်ဦးစ စုဆောင်းရရှိခြင်းမှာလည်း တပ်သားသစ်အဖြစ် လာရောက်သွင်းပေးသူကို ငွေထုတ်ပေးသော ကြောင့်ဟု အဆိုပါ တပ်ကြပ်ကြီးက ပြောသည်။

ခမရ တခုမှ တပ်ကြပ်ကြီးတဦးကလည်း တပ်မတော်အတွင်းတွင် စစ်ဗိုလ်များပြီး တပ်သားအလွန်နည်းနေကြောင်း၊ ခြေမြန်တပ်ရင်းများ၌ ဖွဲ့စည်းပုံမပြည့်ဖြစ်နေကြောင်း ပြောသည်။ တပ်မတော် (ရေ) တွင် တပ်သားသစ်များအား ဆယ်တန်းအောင်၊ ဘွဲ့ရကို A အုပ်စု၊ ရှစ်တန်းအောင်ကို B အုပ်စု၊ မူလတန်းအောင်ကို C အုပ်စု စသဖြင့် အုပ်စု သုံးစုခွဲ လက်ခံကြောင်း သိရသည်။

C အုပ်စုဝင် တပ်သားသစ်များသည် စာဖတ်တတ်ပြီး လိုအပ်သည့်ကိုယ်ခန္ဓာရှိကာ စကားပြောပီသရန်သာ လိုအပ်ကြောင်း၊ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံချက်၊ ပညာရေး စသည်တို့ မလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တပ်ရင်းတပ်ဖွဲ့များ၌ ပညာရေးထောက်ခံချက် တံဆိပ်တုံးအတုများ ပြုလုပ်ထားရှိကြောင်း၊ C အုပ်စုဆိုပါက ဘယ်မြို့နယ်၊ ဘယ်ကျောင်းတွင် (၇) တန်းအောင်အထိ တက်ရောက် ပညာသင်ကြားခဲ့ကြောင်းကို ကျောင်းတံဆိပ်တုံး၊ ကျောင်းအုပ်ကြီး တံဆိပ်တုံး အတုတို့အပြင် ကျောင်းအုပ်ကြီးလက်မှတ်တုတို့ဖြင့် ထုရိုက်ရေးထိုးကာ သင်တန်းသို့ ပို့လိုက်ကြောင်း အဆိုပါ တပ်မတော် (ရေ) တပ်မှူးဟောင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘင်္ဂလား-မြန်မာနယ်စပ်တွင် ဝက်တုပ်ကွေး စောင့်ကြည့်မှု မရှိသေး

ဒါကာ (မဇ္ဈိမ) ။ ။ ကမ္ဘာတလွှားတွင် ဝက်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးများ ပြုလုပ်နေသော်လည်း ဘင်္ဂလား-မြန်မာ နယ်စပ်တွင် စောင့်ကြည့်စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

နေ့စဉ်ဆိုသလို နှစ်နိုင်ငံ နယ်စပ်ဒေသခံများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိနေသည့် နယ်စပ်တွင် ဝက်တုပ်ကွေး ရောဂါကို လေ့လာစောင့်ကြည့်မှု မရှိသေးခြင်း ဖြစ်သည်။

နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်တဲ့ ဘင်္ဂလာဘက်မှ တက္ကနာမြို့နယ်နှင့် မြန်မာဘက်မှ မောင်တောမြို့နယ်တွင် ဝက်များ ရောဂါဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိနေကြောင်း မောင်းတောမှ ကိုခင်မောင်က ပြောဆိုသည်။

သို့သော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဝက်တုပ်ကွေး လက္ခဏာများအဖြစ် ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ဘင်္ဂလားနယ်စပ်မြို့ တက္ကနာတွင် အဆိုပါ လက္ခဏာများ မတွေ့ရသော်လည်း ဝမ်းရောဂါများသာ ဖြစ်ပွားနေကြောင်း တက္ကနာမြို့ခံ မူဟာမက် ယူနွတ် (MD Unous) က မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဧပြီလ ၂၉ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်များ

စုံညီ အစည်းအဝေးတွင် စည်းရုံးရေးဆိုင်ရာ စာတမ်းကို ဦးဆောင် ရေးဆွဲ တင်သွင်းသူ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ အတိုင်ပင်ခံ လုပ်ငန်းအဖွဲ့ဝင် ဦးအုံးကြိုင်က မဇ္ဈိမ ကို ဖတ်ကြားပြသွားခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်ပြသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းအား သုံးသပ်ချက် အစီရင်ခံစာ၊ စည်းရုံးရေး အစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို ဆွေးနွေး သုံးသပ်ကြပြီးနောက် အတည်ပြုကြောင်း သဘောတူ ဆုံးဖြတ်သည်။

(၂) အဖွဲ့ချုပ်၏ လက်ရှိ ရပ်တည်ချက် (၄) ရပ်ကို အခြေခံ၍ တင်ပြထားသော နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရေး ဆက်လက်ကြိုးပမ်းရန် သဘောတူ ဆုံးဖြတ်သည်။

(၃) တိုင်းပြည်အကျိုးကို ရှေ့ရှုလျက် အဆုံးပေးနိုင်မည့် ခေါင်းဆောင်များ၏ ကြိုတင် စည်းကမ်းသတ်မှတ်ချက် မထားရှိသော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားရန် သဘောတူ ဆုံးဖြတ်သည်။

(၄) အဖွဲ့ချုပ်၏ နိုင်ငံရေး ရည်ရွယ်ချက်ကို ပြည်သူလူထုက တစ်ခဲနက် ထောက်ခံမှု ရရှိရေးအတွက် စည်းရုံးရေး လုပ်ငန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်သည်။

(၅) နောင်လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စကို နိုင်ငံရေး အစီရင်ခံစာတွင် ဖော်ပြထားသော ရပ်တည်ချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဘိုကလေးတွင် စပါးများပိုးကျ နွေစပါး အထွက်နှုန်း ထက်ဝက် ကျဆင်း


ယခုနှစ်တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ နွေစပါးအထွက်နှုန်း တ၀က်လျော့ကျကြောင်း ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စုရှိ လယ်သမားများက ပြောသည်။

ယခင်နှစ်က တဧကလျှင် တင်း (၁၀၀) ထွက်သော်လည်း ယခုနှစ်တွင် နွေစပါး အထွက်နှုန်းမှာ တင်း (၅၀) သာ ရှိကြောင်း ဒေသခံများက ပြောသည်။
ညီနောင်ဝကျေးရွာအုပ်စုတွင် ညီနောင်ဝရွာ၊ ရေနက်ချောင်းရွာ၊ ကဇင်ချောင်းရွာ၊ သဘော့ကုန်းရွာ၊ ညီနောင်လေးရွာ၊ ထုံးဘူးကွဲရွာ၊ ကျားရွာ၊ ဦးမှုန်စုရွာ၊ ဘုတ်တလုပ်ရွာ၊ ကျောင်းစုရွာ ဟုရှိပြီး ယင်းရွာများမှာ နွေစပါးအထွက်နှုန်းကို အားထား၍ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယခုနှစ်တွင်မှ မကြုံစဖူး စပါးများ ပိုးကျ၍ အထွက်နှုန်း လျော့ကျသည့်အတွက် လယ်သမားများ အရှုံးပေါ်ရသည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။

လယ်သမားများသည် အရှုံးပေါ်သဖြင့် လယ်စိုက်ရန်အတွက် အတိုးဖြင့်ချေးထားသည့် ငွေများကို စပါးပေါ်ချိန်တွင် ပြန်မဆပ်နိုင် ဖြစ်နေကြသည်ဟုလည်း ကျောင်းစုရွာမှ လယ် (၁၀) ဧကကျော် ပိုင်သူ တဦးကပြောသည်။

အစိုးရအာဏာပိုင်များအနေဖြင့် ပိုးကျသော လယ်များအတွက် ပိုးသတ်ဆေး စီစဉ်ပေးခြင်းမရှိကြောင်း၊ မိုးစပါးရာသီအတွက် ပြင်ဆင်ကြရမည့် အချိန်ရောက်နေကြောင်း ညီနောင်ဝကျေးရွာအုပ်စုမှ လယ်သမားများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နာဂစ်သင့်ဒေသ ကျောင်းများ ဆောက်လုပ်ရေး သဘောကွဲလွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုင်ကလုံး နာဂစ်ဒဏ်သင့် ဒေသများတွင် စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ခွင့် ပြုရေးအပေါ် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အမှတ် ၁ အခြေခံပညာဦးစီးဌာန အရာရှိများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျက် ရှိသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြန်လည် ထူထောင်ရေးအတွက် ကွပ်ကွဲရေးဝန်ကြီးများက ကုမ္ပဏီ ၄ဝ ကို စာသင်ကျောင်းပေါင်း ၆၈ဝ ကို ပြန်လည် တည်ဆောက်ခွင့် ခွဲတမ်း သတ်မှတ်ပေးထားသည့်အပေါ် အခြေခံပညာ အရာရှိများက လက်မခံဘဲ ခွဲတမ်းအသစ် ပြန်လည် ချထားမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ကုမ္ပဏီများနှင့် သဘောတူလက်မှတ် မရေးထိုးနိုင်သေးဘဲ ရှိနေသည်။ စုစုပေါင်း တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၂ဝဝဝ ကျော်ရှိ စာသင်ကျောင်းများ ဆောက်လုပ်ခွင့် ရရေးအတွက် လုပ်ငန်းရှင်များက သက်ဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးမှုများ ရှိနေသည်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

အမှတ် ၁ အခြေခံပညာ ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ယခုအချိန်အထိ သဘောတူညီမှု မရသေးသဖြင့် မိုးရာသီ ကျရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဟု ဆိုကာ စစ်အစိုးရက ပုဂ္ဂလိက လုပ်ငန်းရှင်အချို့ကို ဒေသခွဲ ချမှတ်ပေးခဲ့သလို လုပ်ငန်းတိုးတက်မှုကို ကြီးကြပ်ရန် ဝန်ကြီးအချို့ကိုလည်း တာဝန်ပေးခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ်သင့် ဒေသများ ကန်ရေ သုံးမရ သောက်သုံးရေ အခက်အခဲဖြစ်ဆဲ


လာမည့် မေလ (၂) ရက်တွင် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ (၁) နှစ် ပြည့်တော့မည်ဖြစ်သော်လည်း ဧရာဝတီတိုင်းအတွင်း သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သောက်သုံးရေ အခက်အခဲအတွက် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေကန်များကို စေတနာရှင်များက လာရောက် ရှင်းလင်းပေးခဲ့ကြသော်လည်း အဆိုပါရေကန်များမှ ရေကို သောက်သုံး၍မရကြောင်း ဘိုကလေးမြို့ နယ် ဘုရားကျောင်းကျေးရွာသားတဦးက ပြောသည်။

ဘိုကလေးမြို့နယ်၊ မစိမ်းရွာသားတဦးကလည်း သောက်သုံးရေ မရရှိသေးသည့်အတွက် ရေသန့်ဝယ်ယူ သောက်သုံးရသည့် စရိတ်က ပိုလာကြောင်း ပြောသည်။

ယမန်နှစ်မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဧရာဝတီတိုင်းရှိ လပွတ္တာ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စသည့် မုန်တိုင်းဒဏ်ခံရသောဒေသများမှ သောက်သုံးရေကန်များ ရေငန်ဝင် ပျက်စီးမှုများ ရှိခဲ့သည်။ဧရာဝတီတိုင်း နာဂစ်သင့်ဒေသများတွင် ရေကန်များ မသန့်ရှင်းသည့်အတွက် သောက်သုံးရန်မသင့်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လေ့လာချက်တွေ့ရှိချက်ကို ကိုးကားပြီး ဒေသခံ ကြက်ခြေနီအရာရှိတဦးက ပြောသည်။

နာဂစ်ဒဏ်ခံခဲ့ရသော ဒေးဒရဲမြို့နယ်အတွင်း ကံဆိပ်ကျေးရွာ၊ စွယ်တော်ကုန်းကျေးရွာ၊ ကံစုကျေးရွာ၊ ကျုံဇမင်းကျေးရွာ၊ ဖိုးချမ်းကြီးကျေးရွာ၊ သောကြာကျေးရွာ၊ ငပုတောမြို့နယ်တွင်းရှိ သက်ကယ်သောင်ကျေးရွာ၊ အုန်းချောင်း ကျေးရွာတို့တွင် ယခုအခါ သောက်ရေရှားပါးသည့် အခက်အခဲကို ရင်ဆိုင်နေရသည်။

နာဂစ်မုန်တိုင်းအပြီးတွင် နအဖစစ်အစိုးရက ရေကန်များကို ပြန်ပြုပြင်ပေးခြင်းမရှိဘဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ မြန်မာ့ကြက်ခြေနီ၊ အိုင်စီအာစီ၊ ယူနီဆက်နှင့် ကုလသမဂ္ဂအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များက ရေသန့်စက်များ တပ်ဆင်ပေးကြောင်း ဒေသခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကလေးများက နာဂစ်သင့်သူများအတွက် ငွေလှူဒါန်း

နယူးဒေလီ (မဇ္စျိမဌာန)။ ။ မလေးရှားရှိ မြန်မာဒုက္ခသည် ကလေးငယ်များက နာဂစ်တနှစ်ပြည့် အမှတ်တရ ရေးဆွဲထားသည့် ပန်းချီကားများနှင့် ပုံပြင် ၂ဝ ကျော်ကို စာအုပ်အဖြစ် ထုတ်ဝေရောင်းရငွေ မလေးရှားရင်းဂစ် ၂၅ဝဝဝ ကို ယမန်နေ့က လှူဒါန်းခဲ့သည်။

ကွာလမ်လာပူမြို့ စီတာပတ် (Setapak) အရပ်တွင် ကချင် တိုင်းရင်းသားများ ကိုယ်ထူကိုယ်ထ ဖွင့်ထားသည့် ကျောင်းမှ ကလေးငယ်များ ရေးဆွဲသည့် ရုပ်ပြပန်းချီများထဲမှ လက်ရွေးစင် ၂ဝ ကျော်ကို စာအုပ်ထုတ်ရောင်းရာမှ ရလာသည့်ငွေများကို မြန်မာပြည်တွင် မုန်တိုင်းဒဏ် ခံရသူများကို ကူညီနေသည့် မလေးရှားအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်း world vision မှတဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ထိုဒုက္ခသည် ကလေးကျောင်းတွင် ယခုအခါ ကျေင်းသား ၁၆ဝ ကျော်ရှိပြီး အများစုမှာ ကချင် ကလေးငယ်များဖြစ်ကာ အချိန်ပြည့် ကျောင်းဆရာ၊ ဆရာမ ၁ဝ ဦးနှင့် အချိန်ပိုင်း သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမ ၆ ဦး ရှိနေသည်။

ထိုကျောင်းတွင် American Home School သင်ရိုးညွှန်းတမ်းကို အခြေခံသင်ကြားပေးပြီး၊ ကချင်စာပေ၊ အင်္ဂလိပ်စာ၊ သိပံ္ပ၊ ပထဝီ၊ Music notes စသည့် ဘာသာရပ်များကို သင်ကြားပေးသည့်အပြင် ပန်းချီရေးဆွဲနည်းလည်း သင်ကြားပေးသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ


နိုင်ငံခြားတင်ပို့ရန် ဆန်ဝယ်ယူနေမှုများကြောင့် ဆန်ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာနေကြောင်း ဘုရင့်နောင် ဆန်ပွဲရုံတခုမှ ကုန်သည်ကြီးတဦးက ပြောသည်။

၎င်းက “ဒီနေ့ ဧပြီ (၂၉) ရက်ဆို ဆန်ကြမ်းဈေးက တအိတ် ကျပ် (၁၃,ဝဝဝ) ကိုရောက်လာပြီ။ တချို့ တအိတ် (၁၃,၅ဝဝ) လောက်နဲ့ စရောင်းနေပြီ။ ဆန်ကြမ်းဈေးတက်တော့ ထုံးစံအတိုင်း ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းမွှေး ဈေးနှုန်းလည်း တအိတ်ကို ကျပ် (၃,ဝဝဝ-၄,ဝဝဝ) အထိ လိုက်တက်လာတယ်။ အဓိကကတော့ ဆန်စပါးကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက နိုင်ငံခြားပို့ဖို့ (၂၅) မှတ် ဆန်တွေ သိမ်းကျုံးဝယ်နေလို့ဖြစ်တယ်” ဟု ပြောသည်။

လက်တွေ့တွင်မူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ဆန်စပါး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ကဲ့သို့ စစ်အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူများသာ ပါမစ် လွယ်လွယ်ကူကူရပြီး အလျင်အမြန် တင်ပို့နိုင်ကာ အကျိုးအမြတ် များစွာရရှိခဲ့ကြောင်း ဆန်ကုန်သည်များကပြောသည်။

နအဖစစ်အစိုးရ စီမံဘဏ္ဍာဌာန အရာရှိများကမူ လာမည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် (၁) သန်းခွဲအထိ တင်ပို့မည်ဟု ပြီးခဲ့သည့် ဧပြီ (၂၄)၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတခုတွင် ထုတ်ဖော်ပြောဆိုသည်။

ယခုကဲ့သို့ လက်ကားဈေးကွက်တွင် ဆန်ဈေးများ တက်လာသော်လည်း လက်လီဈေးကွက်တွင်မူ ပြည်သူများ ဝယ်မစားနိုင်လောက်သည့် အခြေအနေထိ ရောက်မလာသေးကြောင်း စုံစမ်းသိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အပစ်ရပ်အဖွဲ့ ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ရဲမြင့် တွေ့ဆုံ

ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှ ခေါင်းဆောင်များနှင့် နအဖ စစ်အာဏာပိုင်များသည် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် - စရဖ ဗိုလ်ချုပ်ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများက ယမန်နေ့ တရက်ထဲ၌ပင် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနားတွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်ခွဲကာ တွေ့ဆုံခဲ့သည်ဟု တရုတ်နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ အပစ်ရပ်အဖွဲ့များဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ - UWSP ၊ ရှမ်းပြည် အမျိုးသားတပ်မတော် (မြောက်ပိုင်း) – SSA (N)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - NDAA အဖွဲ့တို့ကို စရဖ အရာရှိ ချုပ်ဗိုလ်ချုပ်ရဲမြင့်နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူးက သီးခြားစီ တွေ့ခဲ့သည်။

UWSP ကို ရှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နှင့် တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသအဖွဲ့ကို ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တို့တွင် သီးခြားစီ တွေ့ခဲ့ခြင်းနှင့် မြောက်ပိုင်းအား ပုံမှန်တွေ့နေကျ လားရှိုးတွင် မတွေ့ဘဲ တန့်ယန်းမြို့တွင် တွေ့ဆုံခဲ့ခြင်းက ထူးခြားနေကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

နအဖနှင့် အပစ်ရပ်အဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တပ်နှင့် ပတ်သက်သည့် ကိစ္စများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် လက်ရှိ တွေ့ဆုံဆွေးနွေးပွဲများမှ တိကျခိုင်မာသည့် ရလဒ်မျိုး မထွက်ပေါ်နိုင်သေးဘဲ အပစ်ရပ်အဖွဲ့များကလည်း သူ့နည်းသူ့ဟန်နှင့် စဉ်းစား လုပ်ဆောင်ဖွယ်ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။
လက်ရှိ ဆွေးနွေးပွဲများသည် နှစ်ဖက်စလုံးအတွက် အကျပ်ရိုက်နေပုံကို ဖော်ပြပြီး နအဖ ဘက်က လက်နက်ကိုင် အဖွဲ့များ ကိစ္စသည် ခေါင်းခဲစရာဖြစ်နေသလို အပစ်ရပ်များဘက်ကလည်း စစ်တိုက်ရန် လက်တွေ့အားဖြင့် ချက်ချင်း မဖြစ်နိုင်ဘဲ လက်နက်ကိုင်တပ်များ ပြင်ဆင်ဖွဲ့ရေးကိုလည်း လက်မခံနိုင် ဖြစ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဧပြီလ ၃၀ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း

အန်အယ်လ်ဒီ ပြုသာပြင်သာ မူဝါဒ ကိုင်စွဲ


တောင်းဆိုချက်သုံးရပ်ကို လိုက်လျောမည်ဆိုပါက အမျိုးသားစီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း အဖွဲ့ချုပ်၏ စုံညီအစည်းအဝေးအပြီး ယမန်နေ့ ထုတ်ပြန်ကြေညာစာတမ်းတွင် တင်ပြထားသည်။

တောင်းဆိုချက် (၃) ရပ်မှာ အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ယင်းတောင်းဆိုချက်များကို လိုက်လျောပါက အန်အယ်လ်ဒီသည် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာစဉ်းစားပြီး ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာသည်။ နအဖစစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံ အား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေးအပါအ၀င် အလုံးစုံပိတ်ဆို့ရေးစသည်တို့ကို စွန့်လွှတ်ကြောင်း ကြေညာရန်နှင့် ယင်းသို့ကြေညာပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်လပ်စွာ ရေးသားခွင့်အပေါ် ငါးလုပ်ငန်းက ပိတ်ပင်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သော ရေထွက်ပစ္စည်း တင်ပို့မှု ကိန်းဂဏန်းများကို အတည်ပြုချက် မယူဘဲ ဖော်ပြခြင်းကို ပိတ်ပင်တားမြစ်မှုများ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပြုလုပ်လာသည်။

အပတ်စဉ်ထုတ် ဂျာနယ်တခုတွင် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွက် ရေထွက်ပစ္စည်းတင်ပို့မှု လျာထားချက်ထက် တင်ပို့နိုင်မှုပမာဏ အလွန်အမင်း လျော့နည်းနေကြောင်း ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ဖော်ပြ ရေးသားခဲ့ပြီးနောက် မှားယွင်းသည်ဟု ဆိုကာ ငါးလုပ်ငန်းဦးစီးဌာနက သတင်း အချက်အလက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးထားသည်ကို ပိတ်ပင်ခြင်း ဖြစ်သည်။

မကြာသေးခင်က ကျင်းပသည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေး တခုတွင် မီဒီယာများကို တက်ရောက်ခွင့်ပြုပြီး အစည်းအဝေးအတွင်း ပြောကြားချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးခဲ့ရာမှ ယခုအခါတွင် မိမိတို့၏ ထောက်ခံချက်ရမှ သတင်းထည့်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C ဌာနခွဲအရာရှိက ပြောဆိုခဲ့သည်ဟု စုံစမ်းသိရှိရခြင်းလည်း ဖြစ်သည်။

(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အုန်းဖျန်စခန်းကို ဒီကေဘီအေ ၀င်စီးမည့်သတင်းကြောင့် ဒုက္ခသည်များ ပုန်းခိုကျင်းတူးနေ


အုန်းဖျန်ဒုက္ခသည်စခန်းကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမည်ဟူသော သတင်းများထွက်ပေါ်နေသောကြောင့် စခန်းတွင်းနေထိုင်သူ (၂၅,၀၀၀) ခန့်မှာ ကျီးလန့်စာစားဖြစ်နေကြသည်။

ဒီကေဘီအေအဖွဲ့မှ အုန်းဖျန်စခန်းအတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးပြီး အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုသည့် သတင်းတရပ်ကြောင့် စခန်းတွင်းနေထိုင်သူများမှာ ယခု ရက်ပိုင်းအတွင်း အထုပ်အပိုးများ ထုပ်ပိုးထားကြကာ ရပ်ကွက်များတွင်လည်း ပုန်းခိုကျင်းများ တူးထားကြပြီး အချို့စခန်းအနီးရှိ တောင်ပေါ်တွင် တက်ရောက်ပုန်းရှောင်ကြသည်။

အုန်းဖျန်စခန်းနှင့် ဒီကေဘီအေ (၉၀၇) အခြေစိုက်ရာ ဒေသသည် ကီလိုမီတာ (၄၀) ခန့်သာ ကွာဝေးသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

ယခင်က ဖျက်သိမ်းလိုက်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟွေ့ကလုပ်၊ ရှိုးကလိုး၊ ဘောနော် စသည့် ဒုက္ခသည်စခန်း သုံးခုကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကာ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ခဲ့သဖြင့် ဒုက္ခသည်အချို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး အိုးအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။ အုန်းဖျန်ဒုက္ခသည်စခန်း၏ တဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တည်ရှိပြီး မြန်မာဘက် နယ်စပ်မျဉ်းအနီးတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇) အခြေချသည့် ကလို့ထူးဘော ဒေသဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေ ၁ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း

အခွန်တော်အရ အောင်ဘာလေထီ အက္ခရာ အတိုးအလျှော့ လုပ်


အောင်ဘာလေထီ အက္ခရာနံပါတ်များ ထပ်မံတိုးမြင့်ကြောင်း အောင်ဘာလေထီလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး
ဦးတင်နိုင်ရွှေက ယနေ့ ပြုလုပ်သော (၂၄၄) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ပြောသည်။

(၂၄၄) ကြိမ်မြောက်တွင် အက္ခရာ (၂၂) လုံး ပါဝင်ရာမှ ယနေ့ မေလ (၁) ရက်နေ့ စတင်ရောင်းချသည့် (၂၄၅) ကြိမ်မြောက်တွင် အက္ခရာ (၂၄) လုံး ရောင်းချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် (၂၄၂) ကြိမ်မြောက်တွင် အက္ခရာ (၂၆) လုံးထုတ်ခဲ့ရာမှ အစိုးရက လျှော့ချခဲ့ကာ ယခုတဖန် ပြန်လည် တိုးမြှင့်ထုတ်ဝေခြင်းဖြစ်သည်။

အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျှော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျသည်ဟု ပြောသည်။

ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှစ၍ အကြိမ်တိုင်း ထီအက္ခရာများကို လျှော့ချခဲ့ရာမှ ယခုမေလ (၁) ရက်တွင် ပြန်လည်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထီလက်မှတ်များကို တစောင်လျှင် (၂ဝဝ) ကျပ်ဖြင့် ရောင်းချပြီး (၂၄) စောင်ပါ ထီတအုပ်ကို (၄,၀၀၀) ကျပ်ဖြင့် ထီဈေးကွက်အတွင်း ရောင်းချနေကြသည်။

အောင်ဘာလေထီကို လစဉ် လဆန်း (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးလျက်ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုန်တိုင်းသင့်ဒေသ ဘုန်းကြီးကျောင်း အလှူအတန်း ထက်ထက်ကျော် လျော့ကျ

ချင်းမိုင် (မဇ္ဈိမ)။ ။ မုန်တိုင်းသင့် တနှစ်ပြည့်ချိန်တွင် ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများသို့ အလှူအတန်းများမှာ ထက်ဝက်ကျော် လျော့ကျနေသည်။

ဤသည်မှာ နာဂစ်သင့် ဒကာ၊ ဒါယိကာမများ၏ စီးပွားရေး ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ပြောဆိုကြခြင်းဖြစ်သည်။ လပွတ္တာမြို့နယ် ပြင်စလူခရိုင်ရှိ လေယာဉ်ကွင်းရွာမှ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် ပြီးခဲ့သည့်လ သင်္ကြန်ကာလအတွင်း အလှူအတန်းများမှာ ယခင် မုန်တိုင်းမကျခင်ကထက် အများအပြား ကျဆင်းသွားခဲ့သည်။
ဘိုကလေးမြို့ ဇေယျမေဒနီ ကျောင်းတိုက်မှ ဦးဇင်း ဦးဉာဏဝံသ ကလည်း တနှစ်ကျော်ခဲ့သည့် ဘာသာရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုများ လျော့နည်းနေသော်လည်း ယခင်ကလို တိုးတက်လာအောင် ကြိုးစားလျက်ရှိသည်ဟု မိန့်ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အဖမ်းအဆီးကြောင့် အလုပ်သမားနေ့ တက်ရောက်သူ နည်းပါး


ဒေသတွင်း၌ အဖမ်းအဆီးများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပသည့် (၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားများသို့ တက်ရောက်သည့် မြန်မာအလုပ်သမားများ နည်းပါးသွားသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားများကို မြန်မာနိုင်ငံ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့၊ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် အခြားမြန်မာအလုပ်သမားအဖွဲ့များ စုပေါင်းကာ မဲဆောက်မြို့တွင် နေရာ သုံးနေရာခွဲ၍ ကျင်းပခဲ့သည်။

နိုင်ငံတကာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်က မယ်တော်ဆေးခန်းနှင့် မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် အလုပ်ချိန် (၈) နာရီသတ်မှတ်ပေးရေးအတွက် သွေးမြေကျ တိုက်ပွဲဝင်ခဲ့ ကြသည့် အလုပ်သမားတို့၏ အထင်ရှားဆုံးနှင့် သမိုင်းဝင်နေ့ထူးနေ့မြတ်တခုဖြစ်သည့် မေဒေးနေ့သည် ယနေ့ဆိုလျှင် (၁၁၉) ကြိမ်မြောက်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တနှစ်ပြည့်သော်လည်း မုန်တိုင်း အကူအညီ မလုံလောက်သေး

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နာဂစ်ဆိုင်ကလုံး ဖျက်ဆီးခဲ့သည်မှာ တနှစ်တာကြာမြင့်သွားပြီ ဖြစ်သော်လည်း၊ ထိုဒေသတွင် ဆိုင်ကလုံးသင့် ဘဝများ ပြန်လည် ထူထောင်ရေးနှင့် အဆောက်အဦများ ပြန်လည် တည်ဆောက်ရေးသည် များစွာ လိုအပ်နေသေးကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ အပါအဝင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် နာဂစ်မုန်တိုင်း မွှေနှောက်ခဲ့သည်မှာ မေလ ၂ ရက်နေ့တွင် တနှစ်ပြည့်မြောက်မည်ဖြစ်သော်လည်း မုန်တိုင်းကြောင့် အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူများသည် သူတို့၏ ဘဝများ ပြန်လည်တည်ဆောက်ရန်နှင့် ယခင်အတိုင်း ပုံမှန်နေထိုင်နိုင်သည့် ဘဝသို့ ပြန်ရောက်ရန် မဆိုထားနှင့်၊ ယခုထိတိုင် စားနပ်ရိက္ခာ လုံလောက်မှု မရှိခြင်း ဟူသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲ ရှိနေသေးသည်ဟု၊ အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြခြင်းဖြစ်သည်။

နေရာအတော်များများရှိ မုန်တိုင်းဒဏ်ခံရသူများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ထောက်ပံ့ရန် ဆက်လက် လိုအပ်နေသေးကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ဆက်သွယ်ရေးအရာရှိ အက်စ်ထရစ် ဆီဟဲလ် Astrid Sehl က မဇ္ဈိမကို ပြောပြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ် ထောက်ပံ့ရေး ပစ္စည်းများ ညောင်ငူကျေးရွာ ဥက္ကဌ အလွဲသုံးစားလုပ်


ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့မှ ကွမ်းခြံကုန်းမြို့ ရွာစဉ်တကြောရှိ နာဂစ်မုန်တိုင်းသင့် ညောင်ငူကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော မေတ္တာအိမ်ရာ စီမံကိန်းသို့ ပေးပို့သည့် နာဂစ်ထောက်ပံ့ရေးပစ္စည်းများကို အလွဲသုံးစားလုပ်သည့် ကျေးရွာဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိုက်ရကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

ယခု အလွဲသုံးစားလုပ်သည့် အလှူပစ္စည်းပုံးတပုံးလျှင် (မီးဖိုချောင်သုံးပစ္စည်းများ၊ ငွေ (၅,၀၀၀) ကျပ်ပါ စာတအိတ်နှင့် ကလေးကစားစရာအရုပ်များ) ပါဝင်ကြောင်း၊ အဆိုပါ ပုံး (၂၄) ပုံးကို ဥက္ကဋ္ဌက လှည်းနှင့် တိုက်ထုတ်စဉ် ကျေးရွာလူထုမှ ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ခိုင်ဖြိုးအဖွဲ့မှာ တာဝန်ရှိသူက ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကို ရာထူးမှဖယ်ပေးမည်ဟု ပြောမှ ရွာသားများက ကျေနပ်သွားပြီး အတွင်းရေးမှူး ဦးညီညီမောင်အား ပူးတွဲ ဥက္ကဋ္ဌအဖြစ် ယာယီခန့်ထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မေ ၂ ရက်
ရက်သတ္တပတ် ၁၈ ၊ ၂၀၀၉
မြန်မာသတင်း

သောက်သုံးရေ ရှားပါးမှုအတွက် ရေရှည် အဖြေရှာရန်လို

နယူးဒေလီ (မဇ္ဈိမ)။ ။ လတ်တလော သောက်ရေရှားပါးမှု ပြဿနာသည် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသများတွင် အရေးတကြီး အာရုံစိုက် ဖြေရှင်းရမည့် အဓိက စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။

ယမန်နှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအများအပြား ဆားငံရေ ဖုံးလွှမ်းသွားခဲ့သည်။ ဤမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းခန့် အပြင်းအထန် မုန်တိုင်းဒဏ် ခံခဲ့ရသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးသည့်အခါ သောက်ရေရရှိရာ ရေအရင်းအမြစ်များဖြစ်သော ရေတွင်းရေကန်များတွင် တင်ကျန်ခဲ့သော အပျက်အစီးများကို ကောင်းစွာ မဖယ်ရှားရသေးဘဲ အဆိုပါ ရေကန်များမှာ ဆားငံရေများ ဝင်ရောက်ခြင်းလည်း ခံခဲ့ရသည်။

အဆိုးဝါးဆုံး ရင်ဆိုင်နေရသော ဒေသများမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ပိုင်း လပွတ္တာမြို့နယ်ရှိ ပြင်ခရိုင်ကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများ ဖြစ်သည်။

ဤသောက်ရေ ရှားပါးမှု ပြဿနာ စိန်ခေါ်မှုသည် ခြောက်သွေ့ရာသီတွင် ပိုဆိုးလာသည်ဟု World Vision Asia Pacific အဖွဲ့၏ ဒေသဆိုင်ရာ ဆက်သွယ်ရေး အကြံပေးအရာရှိ ဂျိမ်းအိစ် (James East) ကလည်း ဤအတာအတွင်း ပြောဆိုလိုက်ပါသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မတရားအသင်း ကြေညာခြင်းမှာ တရားမဝင်ဟု BLC တုန့်ပြန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyer’s Council- BLC) ကို စစ်အစိုးရက မတရား အသင်းအဖြစ် ကြေညာခြင်းမှာ နိုင်ငံတကာ ဥပဒေ အရသာမက ပြည်တွင်း ဥပဒေဖြင့်ပင် တရားမဝင်ဟု BLC က ပြောဆိုလိုက်သည်။

မြန်မာစစ်အစိုးရက ဧပြီလ ၃၀ ရက်နေ့က BLC ကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ မတရားအသင်း အဖြစ်၊ BLC နှင့် ဆက်နွှယ်သည့် အသင်းအဖွဲ့များကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်ခွဲ(၂) ပါ အဓိပ္ပါယ် ဖော်ပြချက်များနှင့် အညီ မတရား အသင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။

မတရားအသင်း ဥပဒေ ပုဒ်မ ၁၆ မှာ သမတက ကြေညာခွင့် ရှိသော်လည်း ပုဒ်မ ၁၅(၂) မှာ ပြဌာန်းထားသည့် အသင်းဝင်များ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ခြိမ်းခြောက်မှု ကျူးလွန်သည့် ပုဂ္ဂိုလ်များကို အားပေးခြင်းများကို လုပ်ဆောင်နေမှသာ မတရားအသင်းအဖြစ် ကြေညာနိုင်သည်။

အကြမ်းဖက်မှု ကိစ္စရပ်များ မကျူးလွန်ဘဲ ဥပဒေ ကိစ္စများကိုသာ လုပ်ကိုင်နေသည့် အဖွဲ့ကို မတရားအသင်း ကြေညာခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ကြောင်းထောက်ပြပြောဆိုသွားသည်။ ယင်းကြေညာချက်ကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုပါ ခြိမ်းချောက်နေသော သဘော သက်ရောက်နေသည်ဟု ဆိုသည်။

စစ်အစိုးရ၏ ကြေညာချက်မှာ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ( BLC ) သာမက ၄င်းနှင့်တွဲဖက်ဆောင်ရွက်နေသည့် အဖွဲ့များကိုလည်း မတရား အသင်းအဖြစ်ကြေညာခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တားမြစ် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကင်ဆာဖြစ်စေသော အနီရောင် ဆိုးဆေးကြောင့် စားသုံးခြင်း မပြုရန် မြန်မာ စစ်အစိုးရက တားမြစ်လိုက်သည့် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲနေကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန - FDA က ကင်ဆာ ဖြစ်စေသော အနီရောင် ဆိုးဆေး - Rhodamine B အသုံးပြုသည်ဟုဆိုကာ ငပိ အမှတ်တံဆိပ် အချို့ကို စားရန် မသင့်ကြောင်း ယခုလ ၁ ရက်နေ့တွင် သတင်းစာမှ ကြေညာခဲ့သော်လည်း လက်တွေ့တွင် ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲရှိနေကြောင်း ငပိပွဲရုံများ အဆိုအရ သိရခြင်း ဖြစ်သည်။

FDA မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါက်တာကျော်လင်းကမူ ဈေးကွက်အတွင်းမှ သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခွင့် ပြုခြင်းမှာ မြို့နယ်အလိုက် ဖွဲ့စည်းထားသော အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီများကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

FDA က စိမ်းစားငပိနှင့် အသင့်စား ငပိ အမျိုးအစားပေါင်း ၁၀၁ မျိုးထဲမှ ၇၉ မျိုးကို စားသုံးရန်မသင့်ကြောင်း အသိပေးခဲ့ပြီး ယင်းတို့ထဲတွင် အသင့်စား ငပိထောင်း အမှတ်တံဆိပ် ၂၀ နှင့် ငပိ အစိမ်း အမှတ်တံဆိပ် ၅၉ မျိုး ပါဝင်သည်။

အနီရောင်ဆိုးဆေးမှာ ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်တင်ရာတွင် ထည့်သွင်းသုံးစွဲပြီး၊ ရောဂါရှာဖွေရာတွင် သုံးသော ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။

ယင်းဆိုးဆေးကြောင့် အစာအိမ် အူလမ်းကြောင်း ရောင်ယမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ကို လတ်တလော ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လုပ်ငန်းခွင်အတွင်း စက်ရုံလုပ်သား သေဆုံးမှု လျော်ကြေး မရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ရှိ တရုတ်နှင့် မြန်မာစစ်အစိုးရ ဖက်စပ်လုပ်ကိုင်နေသည့် ချင်စု အထပ်သား စက်ရုံ၌ လုပ်ငန်းချိန်အတွင်း လုပ်သားတဦး သေဆုံးခဲ့ရာ ကျန်ရစ်သူ မိသားစုမှာ လျော်ကြေး မရကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ချင်စု အထပ်သားစက်ရုံမှ အထပ်သားခွဲစက် စက်ကိုင်လုပ်သား ၂၅ နှစ်အရွယ် ကိုငြိမ်းချမ်းမှာ အလုပ်ချိန်အတွင်း စက်ရုံမီးသတ်ကန်တွင် သေဆုံးခဲ့သည်။

ညပိုင်း တာဝန်ချိန်အတွင်း သေဆုံးခြင်းဖြစ်ပြီး နံနက်မိုးလင်းမှသာ ရေခပ်သွားသည့် စက်ရုံလုပ်သားများက မီးသတ်ကန်အတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

စက်ရုံတာဝန်ရှိသူများက ရုပ်အလောင်းအား ဆေးရုံသို့ စက်ရုံကားဖြင့် ပို့ပေးခဲ့သော်လည်း လျော်ကြေးပေးခြင်း မရှိကြောင်း ၎င်း အထပ်သား စက်ရုံမှ လုပ်သားများ အဆိုအရ သိရခြင်းဖြစ်သည်။ သစ်ခွဲစက်နှင့် လုပ်ကိုင်ရသူ လုပ်သားများမှာ မကြာခဏ ဆိုသလို ခြေ၊ လက် ပြတ်ခြင်းများ ဖြစ်တတ်သည်။ သို့သော် အလုပ်သမားများအား အသက်အာမခံ၊ ထိခိုက်မှု အာမခံ ပေးမထားကြောင်း ဆိုကြသည်။
စက်ရုံ လည်ပတ်နေသည့် အချိန်ကာလ ၁ဝ နှစ်ကျော်အတွင်း လူသေဆုံးမှု ၇ မှု ဖြစ်ပွားခဲ့သည်။

သစ်ခွဲသား၊ အထပ်သားများ အဓိက ထုတ်လုပ်သည့် ချင်းစု အထပ်သားစက်ရုံမှာ တရုတ်လူမျိုးများ ဦးစီးကာ လုပ်သား ၂ဝဝဝ ကျော်ခန့်နှင့် နေ့ဆိုင်း ညဆိုင်း လုပ်ကိုင်နေသည့် အစိုးရနှင့် ဖက်စပ် စက်ရုံ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

1 comment:

Myo Win Zaw said...

ကိုလူလ ဆောင်းပါးတစ်ပုဒ်ရေးထားတယ် မှားရင်ပြင် သိတာရှိထပ်ဆောင်းကာ ဝေဖန်ချက်ပေးနိုင်ပါတယ် စီဘောက်မှာ ရေးလို့မရလို့ ဒီမှာအော်သွားတယ်