Monday, April 13, 2009

သတင်း မှတ်စု ( ၁၅ )

တပတ်အတွင်း သတင်းမှတ်စု

ဧပြီလ ၆ ရက်
ရက်သတ္တပတ် ၁၄ ၊ ၂၀၀၉
မြန်မာသတင်း

ကေအင်ယူ ခေါင်းဆောင်ပိုင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ယနေ့ စတင်ဆွေးနွေး

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်မှ ဖိအားပေးသည့်အတွက် ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ဘန်ကောက်မြို့တွင် စတင်တွေ့ဆုံဆွေးနွေးမည်ဟု အမည်မဖော်လိုသည့် ကေအန်ယူအရာရှိတဦးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးသည့် ကေအန်ယူ ကိုယ်စားလှယ်များမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘော၊ အထွေအထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပါဝင်ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယခုသတင်းရေးချိန်ထိ ပဒိုဒေးဗစ်သကဘောအား ခေတ်ပြိုင်က ဆက်သွယ်ခဲ့သော်လည်း ဆွေးနွေးနေဆဲဖြစ်၍ ဆက်သွယ်မရခဲ့ပေ။ မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။ ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူ ပြောသည်ကို ကြားလိုသည်ဟုလည်း ကဆစ်က ပြောခဲ့သည်။

ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ကေအန်ယူ၏ သဘောထားကို ဆွေးနွေးရန်များသည်ဟု ခေတ်ပြိုင်သတင်းထောက်က ယူဆသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကွယ်လွန်



နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင် လွတ်မြောက်ရေး အဖွဲ့၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်သည် အသက် ၆၂ နှစ်အရွယ်တွင် တရုတ်-မြန်မာနယ်စပ်၌ ကင်ဆာရောဂါဖြင့် ယနေ့ ကွယ်လွန်သွားသည်။

စစ်အစိုးရနှင့် အပစ်ရပ် သဘောတူထားသည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင် တပ်မတော် KIA အရာရှိတဦးက အမည်မဖော်ဘဲ ပြောကြားရာတွင် ဗိုလ်မှူးချုပ် ဖုန်ကန်ဇော်နန်သည် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIA စစ်ဆေးရုံ၌ ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်အချိန်တွင် ကွယ်လွန်သွားသည်ဟု ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဖြူးမြို့တွင် လုံခြုံရေး တင်းကျပ်၊ ဒေသခံ ပြည်သူများ အနှောက်အယှက်ဖြစ်


ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးဘူတာရုံ၌ ဒေသခံခရီးသွားများအား မှတ်ပုံတင်နှင့် လူတိုက်ဆိုင်စစ်ဆေးခြင်းများကို ဒေသအာဏာပိုင်များနှင့် ဘူတာလုံခြုံရေးများက တင်းတင်းကျပ်ကျပ် ပြုလုပ်နေသဖြင့် ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြကြောင်း သိရသည်။

“ခုရက်ပိုင်း ဘာသတင်းတွေ ကြားလဲမပြောတတ်ဘူး။ လုံခြုံရေး ပိုတင်းကျပ်လာတယ်။ ဘူတာထဲဝင်တာနဲ့ အစစ်အဆေး တအားများတယ်။ ရန်ကုန်ဘူတာကြီးတောင် ဖြူးဘူတာလောက် မစစ်ဘူး။ ရထားပေါ်က ဆင်းတာနဲ့ မှတ်ပုံတင်၊ လူတိုက် စစ်ဆေးပြီးမှ ဘူတာအပြင် ထွက်လို့ရတယ်။ ဒါကြောင့် ဖြူးဘူတာမှာ နေ့စဉ်လို ရန်ပွဲရှိတယ်။ အမျိုးသမီးတွေက မခံဘူး။ မြို့ပေါ်ရပ်ကွက်ကြီး (၁၀) ရပ်ကွက်ကိုလည်း အလှည့်ကျ ဧည့်စာရင်းမပြတ် စစ်နေ တယ်။ မြို့ပေါ်မှာ အရင်က တပ်မ (၉၉) ထိုင်တယ်။ အခု (၃၃) နဲ့ တပ်ချင်းချိန်းထားတာ (၂) ရက်လောက်ပဲ ရှိသေးတယ်” ဟု မြို့ခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဗန်းမော်တွင် ဗိုလ်ချုပ်လွန်းမောင် စည်းရုံးရေးဆင်း

ရွှေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် မြန်မာစစ်အစိုးရ ဝန်ကြီးအချို့နှင့် တပ်မတော် အရာရှိများသည် နေရပ်ဇာတိသို့ ပြန်ကာ စည်းရုံးရေး ဆင်းကြသည့်အနက် ယခုလ ၅ ရက်နေ့ကလည်း တပ်မတော် စာရင်းစစ်ချုပ်သည် ကချင်ပြည်နယ် ဗန်းမော်သို့ လာရောက် စည်းရုံးခဲ့သည်။

ဗန်းမော်မြို့ နောင်ခိုရွာ ဇာတိဖြစ်သူ တပ်မတော် စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်သည် မြိုဆင်ခြေဖုန်းရှိ ဖိုးဒေဝ ကျေးရွာသို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိလာပြီး ရွာဘုန်းကြီးကျောင်းတွင် ရွာသားများနှင့် တွေ့ဆုံကာ ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေး၍ စည်းရုံးခဲ့ကြောင်း သိရခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကေအင်ယူစခန်းကို ဒီကေဘီအေ ထိုးစစ်ဆင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဝေါ်လေခီး အရပ်ရှိ တပ်ရင်း (၂၀၁) တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးရှိ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) စခန်းကို နအဖ ခမရ (၃၅၆) နှင့် ဒီကေဘီအေ တပ်ရင်း (၉၀၇) ပူးပေါင်းအဖွဲ့မှ အပြင်းအထန် ထိုးစစ်သော်လည်း မိမိဘက်မှ ကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိသည်ဟု တပ်ရင်း (၂၀၁) ၏ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဘူးဖော်က ပြောသည်။ ယမန်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ ရှေ့တန်းကာကင်းစခန်းတခု ကို နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် တပ်ရင်း ဌာနချုပ်စခန်းအား ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဖြစ်လာမည့် အကျိုးဆက် နအဖ တာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး လေးစားလိုက်နာပြီး အပြောင်းအလဲ မလုပ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်သည် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ပြောဆိုသည်။

လူ့အခွင့်အရေးနှင့် အပြောင်းအလဲများ တည်ရှိမှသာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသွားစေနိုင်ကာ တိုင်းပြည်နှင့် လူထုအတွက် အကျိုးရှိနိုင်မည်ဟု ထောက်ပြ ရေးသားထားသည့် မြန်မာစစ်အစိုးရထံ ယနေ့ ပေးပို့သည့် အိပ်ဖွင့်ပေးစာထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက ပြောဆိုထားခြင်း ဖြစ်သည်။“ဥရောပသမဂ္ဂနဲ့ အမေရိကန်က သူတို့မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်ပေါ့နော်။ နအဖကလည်း Sanction (ပိတ်ဆို့အရေးယူရေး) ဖွင့်ဖို့ပဲ တစာစာ တောင်းနေတယ်။ ကျနော်တို့ကလည်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လွတ်မြောက်ကျော်လွန်သွားစေမယ့် လုပ်ငန်းစဉ် တင်ပြချက်တွေ၊ ကျိုးကြောင်းဆီလျော်တဲ့ အချက်တွေ ဖြစ်တယ်လို့ ယုံတယ်။ နအဖ က ပစ်ပယ်ထားမယ်၊ သူတို့ အကျိုးတခုပဲ ကြည့်ပြီး ဆက်သွားနေမယ်ဆိုရင် ပေါ်လာမယ့် ဆိုးကျိုးတွေ အားလုံးက နအဖ မှာပဲ တရားခံဖြစ်တယ်” ဟု မြန်မာပြည်တွင်းမှ ၈၈ မျိုးဆက်ကျောင်းသား ကိုနေမျိုးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဧပြီလ ၇ ရက်
ရက်သတ္တပတ် ၁၅ ၊ ၂၀၀၉
မြန်မာသတင်း

မြစ်ကြီးနားထောင်မှ လူရွှင်တော် ဇာဂနာ ထောင်ဝင်စာ အငြင်းပယ် ခံရ


ပီးခဲ့သည့် ဧပြီလ (၃) ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာအား ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းကို အဆိုပါ အကျဉ်းထောင်က ထောင်ဝင်စာ တွေ့ခွင့်မပေးကြောင်း အကျဉ်းဦးစီးဝန်ထမ်းတဦးက ပြောသည်။ ၎င်း၏ ပြောပြချက်အရ လူရွှင်တော်ဇာဂနာ၏ ခယ်မ မငြိမ်းသည် ရန်ကုန်က ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦး ဈာပန အခမ်းအနား ဓာတ်ပုံများကိုလည်း ယူဆောင်လာကြောင်း၊ မိခင်ကြီး ဆုံးပါးသွားသည်မှာ မကြာသေးသည့်အတွက် အားပေးစကားပြောရန် တွေ့ခွင့်ပေးပါဟု အသနားခံခြင်းကိုလည်း ထောင်အာဏာပိုင်များ က ငြင်းပယ်လိုက်ကြောင်း ပြောသည်။ ထိုကြောင့် မငြိမ်းသည် ရန်ကုန်ပြန်ရန် လေယာဉ်လက်မှတ် တင်ထားသော် လည်း နေ့စဉ် လိုက်ပါခွင့်ရသည့် စာရင်းမှ ယနေ့ ဧပြီ (၇) ရက်နေ့အထိ ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်း ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်များတွင် မိသားစုဝင်များအနေဖြင့် ထောင်ကျအကျဉ်းသားများကို တလ နှစ်ကြိမ် တွေ့ဆုံခွင့် ရှိသော်လည်း နိုင်ငံရေးအကျဉ်းသားကိုမူ မည်သည့်အကြောင်းပြချက်မှ မပေးဘဲ တလတကြိမ် သာ တွေ့ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက နှုတ်မိန့်ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အပြင် နောက်ဆုံး တွေ့ဆုံခဲ့ချိန်မှ စ၍ တလမပြည့်မချင်း တွေ့ခွင့်မပြုရဆိုသည့် တရားမျှတမှုမရှိသောအမိန့်ကိုလည်း ချမှတ်ထား သည်။ အဆိုပါအမိန့် ထုတ်ရခြင်း ရည်ရွယ်ချက်သည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့် လကုန်ခါနီးရက်တွင် ထောင်ကို အရောက်လာပြီး ကုန်တော့မည့်လတွင် တကြိမ်တွေ့၊ နောက်လ ရောက်သွားပြီးနောက် တကြိမ် ထပ်တွေ့ စသဖြင့် တခေါက်လာရုံနှင့် ထောင်ဝင်စာနှစ်ခေါက် မတွေ့နိုင်အောင် တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အတိုက်အခံ တပ်ပေါင်းစုကြီး ဖွဲ့စည်းမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ စုစည်းညီညွတ်မှု ပိုမိုရရှိစေရန် ခိုင်မာကျယ်ပြန့်သည့် တပ်ပေါင်းစုကြီး ဖွဲ့စည်းမည်ဟု မြန်မာအတိုက်အခံ အင်အားစုများ၏ ဆွေးနွေးပွဲက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယခုလ ၂-၄ ရက်နေ့အထိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အဖွဲ့များ၊ အမျိုးသမီးနှင့် တိုင်းရင်းသား လူမျိုးစုံ တပ်ပေါင်းစုများ၊ အဝေးရောက် စင်ပြိုင်အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ၁၂ ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ပေါင်းစု FDB ၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ကရက် SYCB ၊ တိုင်းရင်းသား လူငယ်များအင်အားစု NYF စသည့် တပ်ပေါင်းစု ၇ စုမှ ကိုယ်စားလှယ် ၅၈ ဦး တက်ရောက်ခဲ့သည်။

၎င်းတို့က မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု အပါအဝင် ဘုံလုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်နိုင်ရေး ရည်ရွယ်ပြီး ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိသည့် တရုတ်ပစ္စည်းများနှင့် ကားများ အသိမ်းခံရ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ အကောက်ခွန်မဲ့ တရုတ်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ် (၁၁) စီး အား ဧပြီ (၅) ရက်နေ့တွင် မူဆယ်မြို့နယ် နန့်အွန်ကျေးရွာတွင် အကောက်ခွန်ဌာနက ဖမ်းဆီးလိုက်ပြီး ယာဉ်နှင့် ကုန်ပစ္စည်းတန်ဖိုးမှာ ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော်ရှိသည်။

တရုတ်ကုန်ပစ္စည်းများဖြစ်သည့် ဗီစီဒီ၊ ဒီဗီဒီအပါအဝင် လျှပ်စစ်လူသုံးကုန်ပစ္စည်းနှင့် ပန်းသီး၊ ဖျော်ရည် စသည့် စားသောက်ကုန်များ တင်ဆောင်ထားကြသည့် လိုက်အေ့စ်၊ တောင်းအေ့စ်၊ နစ်ဆန်း၊ ဆန်နီ စသည့် ကား (၁၁) စီး ကို မူဆယ်မြို့နယ် အကောက်ခွန်မှူး ဦးဝင်းမြင့် ဦးစီးသည့်အဖွဲ့က (၁ဝ၅) မိုင် စစ်ဆေးရေးဂိတ်အလွန် နန့်အွန် ကျေးရွာတွင် ဖမ်းဆီးကာ မူဆယ်၊ မန်ဝိန်းရှိ နကသ ဂိုဒေါင်တွင် ထည့်ထားလိုက်သည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။ ကားသမားများကို မူဆယ်၊ ရဲအချုပ်တွင် ထိန်းသိမ်းထားပြီး မည်သို့အရေးယူ ဆောင်ရွက်မည် ဆိုသည်ကိုတော့ မသိရသေးကြောင်း အဆိုပါ ကုန်သည်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အာဆီယံ ဆက်စပ် အစည်းအဝေး မြန်မာဝန်ကြီးချုပ် တက်ရောက်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ပတ္တရာမြို့တွင် ကျင်းပမည့် အာဆီယံ ဆက်စပ်ထိပ်သီးများ အစည်းအဝေးသို့ မြန်မာစစ်အစိုးရ ဝန်ကြီ်းချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု သိရသည်။

ယခုလ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပမည့် ထိုအစည်းအဝေးသို့ မြန်မာဝန်ကြီးချုပ် တက်ရောက်မည့်အကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော် မည်သည့်နေ့ရက်တွင် သွားရောက်မည်ကိုမူ ထုတ်ဖော် ရေးသားထားခြင်း မရှိပါ။

အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း ၁ဝ နိုင်ငံနှင့် ဆက်စပ်နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ နယူးဇီလန်တို့ အစည်းအဝေး တက်မည်ဖြစ်ကာ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးကြမည်ဟု သိရသည်။

လွန်ခဲ့သည့် တပတ်ခန့်က ဗြိတိန်နိုင်ငံ လန်ဒန်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး G-20 အစည်းအဝေးမှ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်မည့် အစီအစဉ်ကို အာဆီယံက ဆွေးနွေးညှိနှိုင်းမည်ဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောကြားခဲ့ကြောင်း ယခုလ ၅ ရက်နေ့တွင် AFP သတင်းဌာနက ဖော်ပြခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဧပြီလ ၈ ရက်
ရက်သတ္တပတ် ၁၅ ၊ ၂၀၀၉
မြန်မာသတင်း


ထိုင်းအစိုးရကို ဗိုလ်ရဲမြင့်က စွပ်စွဲ၊ ကရင်ကလေးငယ်များကို သင်တန်းပေးဟု ပြော



ထိုင်းနိုင်ငံသည် အရွယ်မရောက်သေးသည့် လူမမယ် ကရင်ကလေးသူငယ်များအား စစ်သင်တန်းပေးနေသည်ဟု မြန်မာဗိုလ်ချုပ်ကြီးတဦးက ကေအန်ယူ ခွဲထွက်အဖွဲ့တခုနှင့် တွေ့ဆုံရာတွင် စွပ်စွဲပြောခဲ့သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်း ရေးကောင်စီအဖွဲ့နှင့် နအဖတပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံဆွေးနွေးစဉ် စရဖ အရာရှိချုပ်က ယခုကဲ့သို့ ထိုင်းအစိုးရကို စွပ်စွဲပြောဆိုခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များက ၎င်းကိစ္စနှင့် ပတ်သက်သည့် အခြေအနေများကို မိမိတို့အဖွဲ့မှ စုံစမ်းပေးသွားမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်အား ပြောခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အဖွဲ့ဝင်များကို ဖမ်းဆီးသည့်အပေါ် FTUB က ရှုတ်ချ

ချင်းမိုင် (မဇ္ဈိမ)။ ။ FTUB ဗဟိုကော်မတီဝင် တဦးနှင့် အဖွဲ့ဝင် ၄ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအာဏာပိုင်များ ဖမ်းဆီးခဲ့သည့်အပေါ် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် - FTUB က ကန့်ကွက် ရှုတ်ချလိုက်သည်။

ယခုလ ၁ ရက်နေ့မှ စတင်၍ ၄၉ နှစ်အရွယ် ဦးဇော်မြင့်အောင် (ကျောင်းဆရာ၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပ)၊ ၃၇ နှစ် - ဦးစိုးဦး (အထည်ချုပ်၊ ရွှေပြည်သာ)၊ ၂၂ နှစ် - ကိုထွန်းငြိမ်း (ရွှေနှင်းဆီ အထည်ချုပ်၊ လှိုင်သာယာ)၊ ၂၂ နှစ် - ခိုင်လင်းမြတ် (UMH အထည်ချုပ်)နှင့် FTUB အမျိုးသမီး ကော်မတီဝင် ၂၅ နှစ် - မရွှေရည်ညွန့် (ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ အချိန်ပိုင်း သူနာပြုနှင့် ဥပဒေကျောင်းသူ) ကို ဖမ်းဆီးခံရသည့်အပေါ် FTUB က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူတို့သည် မြန်မာနိုင်ငံတွင် အလုပ်သမားများ အခြေအနေ တိုးတက်ကောင်းမွန်ရေး၊ အလုပ်သမားများ အခွင့်အရေး ရရှိရေးအတွက် အလုပ်သမားသမဂ္ဂများ လုပ်ဆောင်သည့် လုပ်ငန်းဆောင်တာများကိုသာ ပြုလုပ်နေသူများ ဖြစ်သဖြင့် ယခုလို ဖမ်းဆီးမှုအပေါ် FTUB က ကန့်ကွက်ရှုတ်ချကြောင်း ယခုလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ကန့်ကွက် ရှုတ်ချကြောင်း ဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လှိုင်သာယာ Daiko Myanmar အအေးခန်းစက်ရုံလုပ်ငန်းများ ရပ်ဆိုင်း

ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် နိုင်ငံတိုင်း ထိပ်တိုက်ရင်ဆိုင်နေရသလို နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ကြောင့် မြန်မာနိုင်ငံ အအေးခန်းစက်ရုံ မြောက်မြားစွာထဲမှ နာမည်ရစက်ရုံတရုံ ဖြစ်သည့် လှိုင်သာယာစက်မှုဇုန် (၃)၊ ကျန်စစ်သား လမ်းမပေါ်ရှိ Daiko Myanmar အအေးခန်းစက်ရုံသည် ကုန်ကြမ်းပြတ်လပ်၍ ဆိုကာ မတ် (၃၁) ရက်နေ့က လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
Daiko Myanmar အအေးခန်းစက်ရုံ၏ မူလပိုင်ရှင်မှာ ဒေါ်သိင်္ဂီဖြစ်ပြီး လွန်ခဲ့သော တနှစ်ခွဲခန့်က Export ကုန်မသန့်၍ဟုဆိုကာ စက်ရုံအပိတ်ခံရဖူးသည်။ ၎င်းမှ ကိုရီးယားလူမျိုးလုပ်ငန်းရှင်သို့ တနှစ်စာချုပ်ဖြင့် ငါး၊ ပုစွန် အအေးခန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်စေခဲ့သည်။ မန်နေဂျာ ဒေါ်တင်ဇာလတ်၊ ထုတ်လုပ်ရေးမှူး ဒေါ်ခင်မျိုးထွေး ဖြစ်ကာ အလုပ်ကို မတန်တဆခိုင်းစေတတ်သည်ဟု အစဉ်အလာရှိခဲ့သော စက်ရုံဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ထိုက်သင့်ပြစ်ဒဏ် မဟုတ်သဖြင့် ဘလော့ဂါ ၂ ဦးကို လွှတ်ပေးရန် RSF တောင်းဆို

နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ ဘလော့ဂါများဖြစ်သည့် ကိုသူရ (ခေါ်) ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ပြစ်ဒဏ်ပေးခဲ့ခြင်းသည် ထိုက်သင့်ပြစ်ဒဏ်များ မဟုတ်သဖြင့် ပြန်လွှတ်ပေးရန် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တခုက ယနေ့ တောင်းဆိုသည်။

အင်တာနက်မှတဆင့် မိမိအမြင်များကို ရေးခဲ့သဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ကိုဇာဂနာနှင့် အစိုးရကို နှောင့်ယှက်သည်ဟု စွပ်စွဲသည့် ဗီဒီယိုခွေ လက်ဝယ်တွေ့ရှိမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျနေသူ ကိုနေဘုန်းလတ်တို့ကို ထိုက်သင့်သော ပြစ်ဒဏ်ပေးခြင်းမျိုး မဟုတ်သောကြောင့် ပြန်လွှတ်ပေးရန် မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာသို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က တောင်းဆိုခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရက သတင်းမီဒီယာလောကကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး၊ မြန်မာသတင်း မီဒီယာသမားများအပြင် ဘလော့ဂါ ၁ဝ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အန်အယ်ဒီက အထူးကြေညာချက် ၁၈ ပါ အချက်များကို ပြန်လည် သုံးသပ်နေ

ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေး ထွက်ပေါက်တခု ရနိုင်ရန် ရည်ရွယ်၍ အန်အယ်ဒီက ၎င်းတို့၏ အထူးကြေညာချက်အမှတ် (၁၈/ ဝ၉/ဝ၈) ပါ အချက်များနှင့် ထပ်တိုးထုတ်ပြန်သော အချက်များအပေါ် ပြန်လည် သုံးသပ်နေသည်။

အထူးကြေညာချက်အတွင်း ဖော်ပြထားသည့် လွှတ်တော်ခေါ်ယူပေးရေး ဆိုသည်မှာ အာဏာရယူရေး မဟုတ်ဘဲ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်၍ အတည်ပြုရေး အတွက်သာဖြစ်ကြောင်း အန်အယ်ဒီက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လူချင်းတွေ့ဆုံဆွေးနွေးခြင်းဖြင့် စတင်သင့်ကြောင်းနှင့် ယင်းသို့တွေ့ဆုံခြင်းသည်လည်း ကြိုတင်သတ်မှတ်ချက် မဟုတ်ကြောင်း အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
အထူးကြေညာချက် ၁၈ ၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နအဖတို့က “အတင်းအဓမ္မ” အတည်ပြု ထားခြင်းဖြစ်ပြီး၊ ပြည်သူအားလုံး၏ ဆန္ဒနှင့် ကိုက်ညီခြင်း မရှိသဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၃) နှင့်အညီ အနိုင်ရ နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အာဏာပိုင်များက အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန် ပါဝင်သည်။

ယင်းပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီကို ၁၉၉ဝ ခု ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များဖြင့် ဖွဲ့စည်းပေးရန် ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၉ ရက်
ရက်သတ္တပတ် ၁၅ ၊ ၂၀၀၉
မြန်မာသတင်း

မြန်မာ့အရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန် အမေရိကန် အမတ်များ တောင်းဆို

နယူးဒေလီ။ ။ အမေရိကန် ကွန်ဂရက်အမတ် ၁၇ ဦးက စစ်အစိုးရ အုပ်ချုပ်ရာ မြန်မာနိုင်ငံသို့ စေလွှတ်မည့် အထူး ကိုယ်စားလှယ်အဖွဲ့ ခန့်အပ် ဖွဲ့စည်းရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ထံ စာရေးသား တောင်းဆိုခဲ့သည်။

''ကွန်ဂရက်အဖွဲ့ဝင် ၁၇ ယောက်က လက်မှတ်ရေးထိုး ပေးပို့တဲ့ စာတစောင်ကို ကျနော်တို့ ဌာနက မကြာသေးခင်ကပဲ လက်ခံရရှိခဲ့ပါတယ်'' ဟု နိုင်ငံခြားရေးရာဌာနမှ ယာယီ ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ဝုဒ်က ပြောသည်။

ပေးပို့စာသည် ဟယ်လာရီ ကလင်တန်သို့ လိပ်မူထားပြီး၊ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် အဖွဲ့တခု ခန့်အပ်ရန် တိုက်တွန်းထားသည်။

အမေရိကန်သည် မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း အစောပိုင်းတုန်းက မစ္စကလင်တန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စောနေစိုးမြ ခွဲထွက်ခြင်းသည် ပုဂ္ဂလိက ကိစ္စဟု လေ့လာသူ ပြောဆို

နယူးဒေလီ (မဇ္စျိမ)။ ။ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးမြ၏ သားဖြစ်သူ ဦးဆောင်သည့် အဖွဲ့က KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ပူးပေါင်းခြင်းသည် ပုဂ္ဂိုလ်ကိစ္စသာဖြစ်ပြီး ကရင် တမျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်း မြန်မာ့အရေး လေ့လာသူတဦးက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ KNU/KNLA ငြိမ်းချမ်းရေးကော်စီ တည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်ရှိ ထို့ကော်ကိုးရွာသို့ KNU ဥက္ကဋ္ဌဟောင်း (ကွယ်လွန်) ၏ သား ဗိုလ်ကြီး စောနေစိုးမြ ဦးဆောင်သည့် လူအင်အား ၁၆၁ ဦးက သွားရောက်ပူးပေါင်းခဲ့သည့်အပေါ် တရုတ်-မြန်မာနယ်စပ်နေ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ခြင်း ဖြစ်သည်။

“သိပ်ထူးထူးခြားခြား မဖြစ်ပါဘူး။ ဗိုလ်ချုပ်မြသား ဆိုပေမယ့် ဗိုလ်ချုပ်မြမှ မဟုတ်တာ။ တော်လှန်ရေးသမိုင်းမှာ ဒါတွေ ရှိနေမှာပဲ။ မိသားစု စကားနဲ့ ပြောရရင် သစ္စာဖောက် ခေါ်တာပေါ့။ ကရင်တမျိုးသားလုံးကို ကိုယ်စားမပြုပါဘူး၊ တဦးချင်းကိစ္စပဲ ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူ မယူ၊ ကရင်နီတပ်ဖွဲ့ကို ထိုင်းစစ်တပ်က မေးမြန်း


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ တပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်ဖွဲ့ဝင်တွေက မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ရှိမရှိနဲ့ ငြိမ်းချမ်းရေး ယူဖို့ ရှိမရှိ ဆိုတာတွေကို ဧပြီ ၉ရက် ဒီကနေ့ မနက်ပိုင်းက လာရောက် ဆွေးနွေး မေးမြန်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးက ထိုင်းမြန်မာနယ်စပ် စခန်းတခုဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ တပ်တွေ အခြေစိုက်ရာ ညာမိုတပ်စခန်းကုန်း အနီးနဲ့ ကရင်နီတပ်မတော် ထိန်းချုပ်ရာ နယ်မြေအနီးတဝိုက်မှာ ထိုင်းစစ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတာတွေနဲ့ ပတ်သက်လို့ RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

ကရင်နီတပ်မတော်က တပ်မှူးတွေကို အခုလို မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေး မေးမြန်းခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ အထက်အရာရှိတွေအနေနဲ့ ထပ်မံ လာရောက် မေးမြန်းဖို့ ရှိသေးတယ်လို့လည်း ပြောဆိုသွားတယ်လို့ သိရပါတယ်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
+++++
ဧပြီလ ၁၀ ရက်
ရက်သတ္တပတ် ၁၅ ၊ ၂၀၀၉
မြန်မာသတင်း

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ရွာလုံးကျွတ် ကြက်ခြေခတ်မှုများ ရှိခဲ့
အရပ်သားအစိုးရအတွက် အရာရှိမွေးရန် စစ်အစိုးရ ကြိုးပမ်းနေ


ရိုဟင်ဂျာကိစ္စနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဝန်ကြီးများအားလုံး အလှည့်ကျကွင်းဆင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် နောင်အရပ်သားအစိုးရသစ်လက်ထက်အတွက် အရာရှိများကို မွေးထုတ်ရန် နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) က ညွှန်ကြားထားသည်။

ထို့ပြင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှု၊ စည်းရုံးမှုလုပ်ရမည့်အချိန်ဖြစ်၍ ကျေးရွာများအထိ၊ ပြည်သူလူထုနှင့် ကွင်းဆင်းထိ တွေ့ကြရန်၊ ဝန်ထမ်းများ နိုင်ငံရေးအမြင်မရှိသည့်အခါ အောက်ခြေတွင် မဖွယ်မရာလုပ်လျှင် စည်းရုံးရေးပျက်နိုင်ကြောင်း၊ ယခင်ဆန္ဒခံယူပွဲတုန်းကလည်း အချို့ကျေးရွာများတွင် ဝန်ထမ်းအပေါ် မယက၊ ရယက တရားသူကြီးရှေ့နေတို့အပေါ် မကျေနပ်ဖြစ်ကြ၍ တရွာလုံးကြက်ခြေခတ်ခဲ့မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မယက၊ ရယကများအနေဖြင့် ပြည်သူများကို ဝိုင်းဝန်းစည်ရုံးပေးရန်၊ စည်းရုံးရေး ထိခိုက်စေမည့် ပြောဆိုဆက်ဆံမှုများ မပြုလုပ်မိစေရန်၊ တာဝန်ရှိသူများက ရောက်ရှိ သည့်နေရာ၊ တွေ့ရှိသည့်နေရာတိုင်း ပညာပေးရန်လည်း ညွှန်ကြားထားကြောင်း ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အရာရှိတဦးက ပြောသည်။

ဝန်ကြီးများအနေဖြင့် နောင်တွင်ဖြစ်ပေါ်လာမည့် အစိုးရသစ်အပေါ် လုပ်ငန်းများစဉ်ဆက်မပြတ် ဆက်လက်လည်ပတ်နိုင်ရန် လိုကြောင်းနှင့် ဝန်ကြီးများမှာ သက်တမ်း (၅) နှစ်လျှင်တကြိမ်ပြောင်းရမည်ဟု နေပြည်တော် ၀န်ကြီးဌာနအစည်းအဝေး (၉/၂ဝဝ၉) မှတ်တမ်း၌ ဖော်ပြထားသည်။

သို့သော် ဌာနများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် အစီအစဉ်များ ယခုမှစ၍ ချမှတ်ဆောင်ရွက်ရန်၊ နောင်အစိုးရသက်တမ်း တခုနှင့်တခုသည် (၅) နှစ်ဖြစ်သည့်အတွက် နောက်ထပ် (၅) နှစ်၊ (၆) နှစ်ခန့် ဆက်လက်လုပ်ကိုင်နိုင်သည့်အသက်အရွယ် ရှိသူများကို အရေးကြီးနေရာဖြစ်သည့် ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှူးနေရာများ အစားထိုးနိုင်ရန် ယခုမှစ၍ ကြိုတင်လေ့ကျင့်ထားရန်လည်း ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မုန်တိုင်းသင့် ရုပ်အလောင်းများ သင်္ဂြိုဟ်သူများ ထောင်ဒဏ် ကျခံရ

ချင်းမိုင်(မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ကူညီသူ ၆ ဦးအား အင်းစိန်ထောင် အထူးတရားရုံးတွင် မတရားအသင်းဖွဲ့မှုဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ ယနေ့ ချမှတ်လိုက်သည်။

မုန်တိုင်းသင့် ဒေသများတွင် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရာ ပါဝင်ကူညီခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ၆ ဦးအား မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ နှင့် ၇ အရ ယခုလို ပြစ်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

“သူတို့အားလုံး - ကိုအောင်သန့်ဇင်ဦး၊ ဖြိုးဖြိုးအောင်၊ ရှိန်းရာဇာထွန်းရယ်တို့က ၄ နှစ်။ ကိုနေဝင်း၊ အောင်ကျော်ဆန်း၊ ဘုန်းပြည့်ကြွယ်တို့က ၂ နှစ်ပဲ အသင်းအဖွဲ့ ၇ နဲ့။ ထောင်တွင်း အထူးတရားရုံးကနေပေါ့” ဟု ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ အဖွဲ့ဝင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်သန့်ဇင်ဦး တို့ကိုမူ အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ပုဒ်မ ၇ ဖြင့် ထောင်ဒဏ် ၂ နှစ် ချလိုက်ရာ စုစုပေါင်း ၄ နှစ် ကျခံရခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ မြန်မာမန်နေဂျာ ဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်း၊ ကိုဘုန်းပြည့်ကြွယ်တို့အား မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၇ ဖြင့် ၂ နှစ် ချခြင်းဖြစ်သည်။

သူတို့ အားလုံးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်နှင့် ဆက်သွယ်သည်၊ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဤ မတရားအသင်း အသင်းအဖွဲ့ ဥပဒေများဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း သူတို့၏ ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပဲလိမ်ကုန်သည်ပိုင် ပစ္စည်းများ လျှိုဝှက်လေလံပွဲ ကျင်းပ

ပဲပြဿနာကြောင့် ပဲကုန်သည်များထံ ပေးရန်ရှိသည့် အမည်ပျက် ကုန်သည်ကြီးတဦးပိုင် ပစ္စည်းများကို ဧပြီ (၇) ရက် ညနေ (၂း၃ဝ) နာရီက ရန်ကုန်မြို့ ကမ်းနားလမ်း၊ ရန်ကုန်တိုင်း ကုန်သွယ်ရေး အဆောက်အဦ အစည်းဝေးခန်းမတွင် လျှို့ဝှက်လေလံတင်ပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ သတင်းကို သွားရောက် စုံစမ်းခဲ့သူ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ကုန်သွယ်ရေး အဆောက်အဦမှာ ပဲကိစ္စ ပြဿနာပေါ်ပြီး ပဲကုန်သည်တွေကို ငွေအမြောက်အမြား ပေးဖို့ ရှိတဲ့ ကေဘီ ဦးကျော်ဝင်း ဆိုသူပိုင် ပစ္စည်းတွေ၊ ရွှေထည်တွေကို လေလံတင်မယ်ဆိုတဲ့ သတင်းရတယ်။ ဒါနဲ့ အဲဒီ အစည်းအဝေး လုပ်တဲ့နေရာကိုသွားပြီး သတင်းယူတယ်။ အဲဒီမှာ လေလံတာဝန်ခံက ဒီကိစ္စ သိုသိုသိပ်သိပ် လုပ်တာ၊ ခင်ဗျားတို့ သတင်းယူဖို့ မလိုဘူး။ သတင်းရလည်း ရေးခွင့်မပေးဘူးဆိုပြီး မချေမငံ ပြောတယ်“ ဟု ရှင်းပြသည်။

အဆိုပါနေ့က စသုံးလုံး အဖွဲ့မှ သိမ်းဆည်းထားသည့် ကေဘီ ဦးကျော်ဝင်းပိုင် ကား (၁၁) စီး၊ လက်ဝတ်လက်စား ရွှေ (၉ဝ) ကျပ်သား၊ နေပြည်တော်ရှိ ရုံးအဆောက်အဦတခု၊ ရန်ကုန်ရှိ ရုံးတရုံး၊ ပဲခွဲသန့်စင်စက်ရုံတခု စသည်တို့ကို လေလံတင်ရောင်းချပြီး ၎င်းထံမှ ရရန်ရှိသူများအနက် အချို့ကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို တက်ရောက်ခဲ့သူ ရရန်ရှိသူ ကုန်သည်တဦးက ပဲကိစ္စ ငွေကြေးရရန်ရှိ များစွာရှိသော်လည်း အဆိုပါကိစ္စ ကိုင်တွယ်သည့် စသုံးလုံးနှင့် ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတို့က အဂတိလိုက်စားပြီး ကိုယ်လက်သင့်သည့် သူများကိုသာ လေလံပွဲ တက်ရောက်စေပြီး ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ အဆိုပါပဲသမားများ ထံမှ ရရန်ရှိသူ အားလုံး အချိုးကျ အညီအမျှ ရသည့်သဘောမဟုတ်ကြောင်း၊ ထိုကြောင့် ကားနှင့် အခြားပစ္စည်းများကိုပါ ပုံမှန်ပေါက်ဈေး ထက် မြင့်သည့် ကြမ်းခင်းဈေး သတ်မှတ် လေလံဆွဲခဲ့ကြပြီး ငွေတန်ဖိုး အတိအကျကိုမူ ပြောမပြနိုင်ကြောင်း ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အင်အားစုအားလုံး ဆွေးနွေးရေး NDF က တောင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရက်တစ်တပ်ဦး NDF ၏ ၇ ကြိမ်မြောက် ညီလာခံမှ မြန်မာစစ်အစိုးရနှင့် အင်အားစုအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလိုက်သည်။

ဝ' အမျိုးသားအဖွဲ့မှ တက်ရောက်နိုင်ခြင်း မရှိသော်လည်း ကျန် ၇ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦးနှင့် လေ့လာသူ ၂ ဦး တက်ရောက်ခဲ့ကာ၊ ထိုင်း-မြန်မာနယ်စပ်၌ ယခုလ ၆ ရက်နေ့မှ စတင်၍ ယမန်နေ့တွင် ပြီးစီးခဲ့သည့် ညီလာခံကြီးက တောင်းဆိုခြင်း ဖြစ်သည်။

အန်အယ်ဒီ၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အပါအဝင် ပြည်တွင်းတိုင်းရင်းသား ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ စတင်ဆွေးနွေးရန် တောင်းဆိုမှုကို NDF က လက်ခံသော်လည်း နောက်ဆုံး၌ အားလုံးပါဝင်သည့် ဆွေးနွေးမှုမျိုး လိုအပ်ကြောင်း NDF အထွေထွေ အတွင်းရေးမှူးအသစ် မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောပြသည်။ NDF ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက်လှုပ်ရှားနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

2 comments:

LRDP said...

ကိုလူလ ရေ နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဗျာ
ကောင်းသောရည်ရွယ်ချက် ဟူသမျှပြည့်ဝရပါစေ။။
မေအိခင်

Unknown said...

ကိုလူလ
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..