Saturday, April 4, 2009

သတင်း မှတ်စု ( ၁၄ )

တပတ်အတွင်း သတင်းမှတ်စု


မတ်လ ၃၁ ရက်
ရက်သတ္တပတ် ၁၄ ၊ ၂၀၀၉
မြန်မာသတင်း

တားမြစ်သည့် လက်ဖက်စာရင်းမှာ ယုနဇလက်ဖက် မပါခြင်း
စစ်အစိုးရ တားမြစ်ထားသည့် ကြေညာချက်တွင်း ရှင်းရှင်းလင်းလင်း မရှိ


မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၂၉) ရက်တွင် လက်ဖက် (၅၇) မျိုးအား Auramine O ဆိုးဆေးပါရှိသည့်အတွက် ထပ်မံတားမြစ်လိုက်ပြီးနောက် စင်ကာပူနိုင်ငံကလည်း စင်ကာပူသို့တင်သွင်းနေသည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) ကို Auramine O ပါဝင်မှုကြောင့် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

Auramine O အ၀ါရောင်ဆိုးဆေးသည် ပိုးချည်ထည်၊ သားရေ စသည်တို့အား အရောင်ဆိုးသည့် စက်မှုသုံး ဆိုးဆေး ဖြစ်သည့်အတွက် အစားအသောက်များတွင် အသုံးမပြုရန် တားမြစ်ထားကြောင်း စင်ကာပူလယ်ယာ သီးနှံနှင့် တိရစ္ဆာန်ဌာန (AVA) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် လက်ဖက်များကို အ၀ါရောင်ဆိုးဆေး ပါမပါ စမ်းသပ်ပြီးမှ ရောင်းချခွင့်ပြုမည် ဖြစ်သည်။

အ၀ါရောင် ဆိုးဆေးသုံးသည်ဟု စင်ကာပူအစိုးရက သတ်မှတ်ထားသည့် လက်ဖက်အမျိုး (၂၀) တွင် အရီးတောင်း၊ ယုဇန၊ ဇရမ်း၊ ရွှေတုတ်၊ ဦးကာကာ၊ စိုးဝင်း၊ M&N စသည့် လက်ဖက်တံဆိပ်များ ပါဝင်သည်။ ထူးခြားသည့်အချက် မှာ စင်ကာပူက ပိတ်ပင်လိုက်သည့် မြန်မာလက်ဖက်အမျိုးအစား (၂၀) တွင် မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်မှုမရှိခဲ့သည့် ယုဇနလက်ဖက် (၈) မျိုးပါဝင်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဒေါက်တာကျော်လင်းကို ခေတ်ပြိုင်မှ မေးမြန်းရာ “အဲဒါတော့ စင်ကာပူက ကိစ္စက သူတို့ကိစ္စပဲလေ။ သူတို့ဘယ်လိုစစ်သလဲ။ ဘာကိုတွေ့လို့လဲ။ တွေ့လို့ပိတ်တာလား။ မတွေ့ဘဲနဲ့ပိတ်တာလား သူတို့ကိစ္စ။ ကျနော်တို့မသိဘူးပေါ့နော်။ ကျနော်အစည်းအဝေးရှိလို့ ဒီလောက်ပဲပြောနိုင်မယ်နော်” ဟု ပြောသည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ယခုလ (၁၂) ရက်တွင် လက်ဖက်အမျိုးအစား (၄၃) မျိုးကို တားမြစ်ပိတ်ပင်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် (၅၇) မျိုး ထပ်မံတားမြစ်ခဲ့ရာ ယခုတားမြစ်ခံရသည့် လက်ဖက်အမျိုးအစား (၁၀၀) ရှိသွားပြီဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ့ ဒီမိုကရေစီရေးသည် ကြောက်စရာကောင်းဟု အဖိဆစ် ပြောဆို


ချင်းမိုင် (မဇ္ဈိမ)။ ။ တိုးတက် ကြီးထွားလာနေသော လွတ်လပ်မှုနှင့် တိုးပွားလာနေသော စီးပွားရေးတို့ ရှိနေသည့် အာရှတိုက်၏ မြေပုံတွင် မြန်မာနိုင်ငံမှာ အရုပ်အဆိုး အကျည်းတန်သော ဒုက္ခတရပ် ဖြစ်မြဲဖြစ်နေသည်ဟု ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ က ပြောသည်။

အာရှတိုက်၌ ဒီမိုကရေစီနှင့် လွတ်လပ်မှု ကျယ်ပြန့်ကြီးထွားလာချိန်၌ မြန်မာ အပါအဝင် အချို့ နိုင်ငံများတွင် ရုန်းကန် တိုက်ပွဲဝင်နေရခြင်းများမှာမူ ကြောက်မက်ဖွယ် ကောင်းဆဲဖြစ်ကြောင်း ဘန်ကောက်တွင် ယခုလ ၂၇ ရက်မှ ၃ဝ ရက်အထိ ကျင်းပသော ၁၅ ကြိမ်မြောက် အာရှ လစ်ဘရယ်များနှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ အဖိဆစ် က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီရေးအတွက် မယိမ်းမယိုင် ဆက်လက် တိုက်ပွဲဝင်နေမှုသည် ကမ္ဘာတဝှမ်းလုံးမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူများနှင့် CALD အဖွဲ့ဝင်တို့အတွက် ကြီးမားသော မျှော်လင့်ချက်နှင့် စေ့ဆော်မှုတရပ် ဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲမှာမူ ဒေသတွင်း ဒီမိုကရေစီတိုးချဲ့ရေးတွင် အကြီးမားဆုံး အတားအဆီး ဖြစ်မြဲဖြစ်နေကြောင်း အဖိဆစ်က ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပါရမီ အဲယားကွန်း လေအိတ်ယာဉ် ( ၁၀၀ ) ကျော် လေးကားများအဖြစ် ပြောင်းမည်


မြန်မာ့စီးပွားရေး ဦးပိုင်၏ ပါရမီယာဉ်လိုင်းမှ နှစ်စဉ်လေလံပစ်နေကျ အဲယားကွန်းယာဉ်များကို ယခုနှစ်တွင် လေလံမပစ်တော့ဘဲ ပြေးဆွဲနေဆဲယာဉ်လိုင်းအသီးသီးတွင် အစားထိုးမည်ဖြစ်သောကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အများအပြားကို ပတ်သက်ရာ လူကြီးထောက်ခံချက်များဖြင့် ခေါ်ယူနေကြောင်း သိရသည်။

ပါရမီယာဉ်ဝင်းအတွင်း အင်ဂျင်အလုံးလိုက်၊ လေး-အသစ်အထုပ်လိုက်ရှိနေခြင်းကြောင့် တင်သွင်းထားသော ယာဉ်စီးရေ (၁၀၀) ကျော်ကို လေး ကားအဖြစ် ပြုပြင်ကာ ယာဉ်မောင်းခေါ်ခြင်းလည်းဖြစ်သည်။

လေအိတ်ကားများကို လေး-ကားအဖြစ် လက်ရှိ တပ်ဆင်နေဆဲဖြစ်ကြောင်း၊ အဆိုပါယာဉ်များသည် မနှစ်က ငွေအကြေချေ (၁၂၅) သိန်းဖြင့် လေလံပစ်ခဲ့သော ကားသန့်များဖြစ်ပြီး ယာဉ်သွားလမ်းများမကောင်း၍ မကြာခဏ လေအိတ်ပေါက်တတ်ခြင်းကြောင့် ယခုကဲ့သို့ လေးကို ပြောင်းလဲတင်ဆင်ခြင်းဖြစ်ကြောင်း လေး ဆင်နေသူ ၀န်ထမ်းတဦးက ဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ခွဲခြားဆက်ဆံသည် ဆိုသည့် စွပ်စွဲချက်ကို ထိုင်းဝန်ကြီး ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ခွဲခြားဆက်ဆံကာ အလုပ်သမားလျော်ကြေး ရန်ပုံငွေမှ လျော်ကြေးမရအောင် ထိုင်းအစိုးရက ငြင်းပယ်ခဲ့သည် ဟူသော စွပ်စွဲချက်ကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးက ငြင်းဆိုလိုက်သည်။

အိမ်နီးချင်း နိုင်ငံများမှလာသော ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရက ခွဲခြားဆက်ဆံမှုမရှိဘဲ အညီအမျှ အခွင့်အရေးပေးကာ မျှတစွာ ဆက်ဆံခဲ့သည်ဟု ဝန်ကြီး ဖိုင်းထွန်း ကယောက်ထောင်း Paitoon Kaewthong က ပြောဆိုခြင်း ဖြစ်သည်။

“မူအရပြောရင် သူတို့ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ပြီး တရားဝင် အလုပ်လုပ်တယ်ဆိုရင် သူတို့ လျော်ကြေး တောင်းဆိုမှုတွေဟာ ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်နဲ့ အကျုံးဝင်ပြီး၊ ဒီရန်ပုံငွေကနေ လျော်ကြေး တောင်းလို့ရပါတယ်” ဟု Paitoon က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို လျော်ကြေးရန်ပုံငွေ ခံစားခွင့်မရအောင် ဥပဒေမဲ့ ငြင်းဆိုခဲ့သည်ဟူသော စွပ်စွဲချက်ကို တုံ့ပြန်ငြင်းဆိုသွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်သော ထိုင်းအမျိုးသား သတင်းဗျူရို၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သူတို့အဖွဲ့နှင့် ထိုင်း အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့တို့၏ ပူးတွဲကြေညာချက်ကို ကုလအထူးသံတမန် Homayoun Alizadeh နှင့် ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရုံး အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ်တို့ထံ ယမန်နေ့က ပေးပို့ပြီးဖြစ်ကြောင်းနှင့် ကုလ လူမျိုးခွဲခြားမှုပုံစံမျိုးစုံ ဖျက်သိမ်းရေး ကော်မတီ အပါအဝင် အဆင့်မြင့်အဖွဲ့များထံသို့လည်း ဆက်လက်ပေးပို့ဦးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ လူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း ဟွမ်လော် Somchai Homlaor က မဇ္ဈိမကို ပြောသည်။ ထိုင်းအစိုးရသည် ယခုလတ်တလောတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းအား မြန်မြန်ထက်ထက် ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ တရားမဝင် ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေသည့် အလုပ်များတွင် ထိုင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ရန် ဆွဲဆောင်သည့်အနေနှင့် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများကို Kohthong၊ မယ်ဆိုင်နှင့် မဲဆောက် စသည့် အဓိက စစ်ဆေးရေး စခန်းများသို့ သွားရောက်၍ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာများ လျှောက်ထားရယူရန်လည်း တိုက်တွန်းအားပေးမှုများ ပြုလုပ်လျက်ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန် စာပေစီစစ်ရေး တရားရုံးထက်က ဆုံးဖြတ်ပေးနေ


လတ်တလောဖြစ်ပေါ်နေသည့် ဂျာနယ်ထုတ်ဝေရေးနှင့် ဗလာစာအုပ်ထုတ်လုပ်ငန်းလုပ်နေသည့် Eleven Media Group နှင့် ယမကာ ထုတ်လုပ်သည့် Lucky Eleven Whisky ကုမ္ပဏီ ကိစ္စတွင် သက်ဆိုင်ရာတရားရုံးက ဖြေရှင်းရမည့်အစား စာပေစိစစ်ရေးဌာနက ကြော်ငြာဖော်ပြခွင့် ပိတ်ပင်သည့်နည်းဖြင့် အဆုံးအဖြတ်ပေးနေကြောင်း Lucky Eleven Whisky ကုမ္ပဏီဘက်နှင့် ဂျာနယ်ထုတ်ဝေသူ အသိုင်းအဝိုင်းများက ပြောသည်။

ဂျာနယ်ထုတ်ဝေသူ တဦးကလည်း ၎င်းတို့ဂျာနယ်တွင် ကြော်ငြာထည့်ရန် စာချုပ် ချုပ်ထားပြီးသော်လည်း စာပေစိစစ်ရေးက ခွင့်မပြုခြင်းကြောင့် တကြိမ်မှ ထည့်ခွင့်မရတော့ဘဲ ငွေကြေးများစွာ နစ်နာဆုံးရှုံးကြောင်း၊ အမှန်တိုင်းဆိုပါက အဆိုပါကိစ္စသည် တရားရုံးတွင် ဖြေရှင်းရမည့်ကိစ္စသာဖြစ်ကြောင်း ပြောသည်။

ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းကမူ စစ်အစိုးရ စာပေစိစစ်ရေးအဖွဲ့၏ ယခုလုပ်ရပ်သည် ပထမဦးဆုံး မဟုတ်ကြောင်း၊ အာဏာရအသိုင်းအဝိုင်းမှ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းများကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ စသည့် အကြောင်းအရာ အမြောက်အမြား၌ ပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်ခြင်းအားဖြင့် တရားရုံးအထက်က အဖွဲ့အစည်း သဖွယ် ပြုမူဆောင်ရွက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လက်မှတ် ၃ သိန်းခန့် ရရှိ

နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြုလက်မှတ် ရေးထိုးသူပေါင်း ၃ သိန်းခန့် ရရှိထားသည်။

ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ ယခုလ ၁၃ ရက်နေ့က စတင်ခဲ့သည့် အဆိုပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုသည် ၁၈ ရက်အကြာတွင် လက်မှတ် ၃ သိန်းခန့် ကောက်ခံရရှိပြီး ဖြစ်သည်။

အင်တာနက်နှင့် စာရွက်များတွင် လက်မှတ်ရေးသည့် လက်မှတ်များထဲတွင် မြန်မာ့အရေး အားပေးထောက်ခံသူ နိုင်ငံခြားသား ၂ သိန်း ၄ သောင်းခန့် ပါဝင်သည်။ ကျန်ရှိသည်များမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ရွှေ့ပြောင်း လုပ်သားများထံမှ ဖြစ်သည်။

လှုပ်ရှားမှုကို လာမည့် မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်မည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အင်ဂျီအိုများ ကူညီသည့်တိုင် ဧရာဝတီတိုင်းအတွင် ရေခက်ခဲ


လေဘေးဒဏ်သင့် ဧရာဝတီတိုင်းအတွင်းတွင် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပုဂ္ဂလိက အလှူရှင်များက ကူညီနေကြ သော်လည်း ရေရရှိရေး အခက်အခက်များ ရှိနေသေးကြောင်း ဒေသခံများက ပြောပြကြသည်။

သောက်ရေအတွက် ၎င်းတို့ရွာကို အိုင်အန်ဂျီအိုတခု (Merlin) က လူတယောက် တနေ့ ရေ (၃) လီတာ တန်ဖိုးအားဖြင့် တရက် (၁၄ဝ) ကျပ်နှုန်း ထောက်ပံ့ကြောင်း၊ အဆိုပါငွေကို ရွာရှိ လူ (၁ဝ) ယောက်ကျော်ပါသည့် ကော်မတီက စီမံခန့်ခွဲပြီး အန်ဂျီအိုများ ခွင့်ပြုသည့်သူများထံမှ ရေပြန်ဝယ်ရသည့်အတွက် အဆင်မပြေကြကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ကျေးရွာအနေဖြင့် ထောက်ပံ့ငွေ ရပြီးနောက် အဆိုပါငွေကို ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပါဝင်သည့် ကော်မတီက ရေဝယ်ယူရေးကို စီမံခန့်ခွဲကြောင်း၊ သို့သော် ရေကို ကိုယ့်ဖာသာကိုယ် သင့်တော်ရာ ဈေးနှုန်းသက်သာရာတွင်ဝယ်၍ မရဘဲ အန်ဂျီအိုများ အသိအမှတ်ပြုသူထံမှသာ ဝယ်ရကြောင်း၊ ထို့အပြင် ရေကို မကြိုက်ပါက ငြင်းပယ်ပိုင်ခွင့်ရှိသော်လည်း ငြင်းပယ်မှုလုပ်သည့်အခါ အဆိုပါ ရေလာပို့သူများက မှန်မှန် လာမပို့ကြကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရိုဟင်ဂျာများထံမှ ငွေယူပြီး ဘင်္ဂလားသို့ ပို့ဆောင်မှုများ ဖြစ်ပွား

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့မှ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌတဦးသည် ရိုဟင်ဂျာများထံမှ ငွေယူကာ ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဒေသအာဏာပိုင်များက စစ်ဆေးနေသည်။

အမှတ် ၅ ရပ်ကွက်မှ ကောင်စီဥက္ကဋ္ဌ ဦးနိုဒါလန်ကို မောင်တောခရိုင် ကောင်စီဥက္ကဋ္ဌ ဦးသန်းတင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနှင့် နစက ခေါ် နယ်စပ်ဒေသ စိစစ်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးအောင်ကြီးက မောင်တောမြို့နယ် ကျီးကန်းပြင်ရွာ အခြေစိုက် နစက ဌာနချုပ်တွင် ယခုလ ၂၄ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ် ကောင်စီရုံးမှ စာရေးတဦးက ယခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က ဦးနိုဒါလန်သည် ရိုဟင်ဂျာ ဦးရေ ၇ဝ ခန့်ကို မောင်တောမြို့ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာသို့ ပို့ပေးရန်အတွက် တဦးလျှင် ကျပ် ၂ သောင်းစီယူ၍ ခိုးထုတ်ပေးခဲ့သော အမှုဖြစ်ကြောင်း သူက ပြောသည်။

သို့သော် ဖမ်းဆီးချုပ်နှောင်ခြင်း မရှိဘဲ။ ပြန်လွှတ်ပေးခဲ့သည်။

ခိုးထုတ်ပေးခဲ့သော ရိုဟင်ဂျာများမှာ မောင်တောမြို့နယ် မူစာကျေးရွာမှ ဦးရေ ၃ဝ၊ မောင်နီပြင်မှ ၁၅ ဦး၊ ညောင်ချောင်းမှ ၅ ဦး၊ ရွှေစားကျေးရွာမှ ၁၅ ဦး၊ မောင်တောမြို့ အမှတ် (၅) ရပ်ကွက်မှ ၅ ဦး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်မှတဆင့် မလေးရှားသို့ ထွက်ခွာရန်ဖြစ်ကြောင်း ညောင်ချောင်ရွာသား မူဟာမက် ကာမာလ် ဟိုစင် (MD Kamal Hossion) က ပြောသည်။

အလားတူပင် ပြည်ပသို့ ခိုးထုတ်ပေးရာ၌ စစ်တွေမြို့ လုံခြုံရေးတပ်ဖွဲ့က မသိချင်ယောင် ဆောင်နေလိမ့်မည်ဟုဆိုကာ ရိုဟင်ဂျာ ၄ဝ ထံမှ ငွေလိမ်မှုတခုလည်း ယခုလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့ ရေချမ်းပြင်အခြေစိုက် ရေတပ်စခန်းနှင့် နီးစပ်သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန် UNHCR ရုံး စာရင်းစစ်မှု နောက်ဆက်တွဲ


မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀ယ်ပေးထားသည့် ကားများသာမက ကွန်ပျူတာများ၊ လေအေးစက် များ၊ မော်တော်ဆိုင်ကယ်များပါ စာရင်းစစ်အဖွဲ့မှ စစ်သောအခါ ၎င်းပစ္စည်းများမှာ ရုံးတွင်မရှိဘဲ ပတ်သက်ရာ လူကြီးများ၏ အိမ်တွင် ရောက်ရှိနေသောကြောင့် ပစ္စည်းကို အကောင်အထည်ဖြင့် ပြ၍ မရခဲ့ကြောင်း၊ UNHCR မှ စေလွှတ်သော နိုင်ငံခြားအစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူကြီးနှင့် အဆင်ပြေသော အမျိုးသမီးကြီးတယောက်သာ မကြာခဏ စေလွှတ်ခဲ့ပြီး၊ ၎င်းနိုင်ငံခြားမှ ပြန်လာသောအခါ လူကြီးများအတွက် တန်ဖိုးကြီး လက်ဆောင်များဖြင့် ပြန်လည်ဂါရ၀ပြုရကြောင်း ကြားသိရ၏။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းမှာ UNHCR Representative အဖြစ် အိန္ဒိယလူမျိုး ရန်ကုန်တွင် (၃) နှစ်လုပ်စဉ်က ယခင်အတွင်းရေးမှူး (၁) ခင်ညွန့် နှင့် ပလဲနံပသင့်စေရန်လည်းကောင်း၊ ခင်ညွန့်မှလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လေးစားမှုရှိစေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီဟု အမည်ခံ အဖွဲ့အစည်းကို ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စေ၍ သံအမတ်ကြီးဟောင်းတဦး (ဦးဝင်းလွင်) မှ အတွင်းရေးမှူးအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။

၎င်းရုံးခန်း၏ ပိုင်ရှင်မှာ သံအမတ်ကြီး ဦးဝင်းလွင် ဖြစ်ပြီး တလလျှင် USD (၂၅၀) ဖြင့် (၁၂) လစာကို အပြည့်အ၀ ပေးချေခဲ့ရပါသည်။ ၎င်းရုံးအတွက် လိုအပ်သော ရုံးသုံးပစ္စည်း၊ လေအေးပေးစက် (၅) လုံး၊ ကွန်ပျူတာ (၂) လုံး၊ လက်ပ်တော့ (Laptop)၊ ပရိဘောဂပစ္စည်းများ၊ ဆိုနီကင်မရာ အကောင်းစားများကို သံအမတ်ကြီး တောင်းသမျှ UNHCR Representative မှ မငြင်းနိုင်ဘဲ ၀ယ်ယူပေးခဲ့ရသည်ဟု သိရပါသည်။ ၂၀၀၄ အောက်တိုဘာတွင် အတွင်းရေးမှူး (၁) ခင်ညွန့် ပြုတ်ပြီးမကြာမီ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်ပါ ပြုတ်သွားသောအခါ ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီအမည်ခံအဖွဲ့မှာ အလိုလို ပျက်သွားပြီး UNHCR မှ ၎င်းရုံးအတွက် ၀ယ်ယူပေးထားသော တန်ဖိုးကြီးပစ္စည်းများ (လေအေးပေးစက်တချို့၊ ဆိုနီကင်မရာ၊ ကွန်ပျူတာ၊ လက်ဖ်တော့) တော်တော်များများမှာ သံအမတ်ကြီးလက်ဝယ်ထံမှ UNHCR က ပြန်လည်တောင်းခံရာ အစရှာမရခဲ့ကြောင်း အတွင်းသတင်းအရ သိရသည်။
( ခေတ်ပြိုင်မှ ကောက်နှုတ်ချက် )
+++++
ဖားကန့်ကို နိုင်ငံခြားသား သွားရောက်ခွင့် ပြန်ပိတ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည်မြောက်ပိုင်း ကျောက်စိမ်းဒေသ ဖားကန့်သို့ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ခွင့်ကို အာဏာပိုင်များက ပိတ်လိုက်ပြန်သည်။

ဤသည်မှာ ပြီးခဲ့သည့်လအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက နိုင်ငံခြားသားများကို ဖားကန့်သို့ လည်ပတ်ရေး စိစစ်ခွင့်ပြုမည်ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီများထံ ပြောခဲ့ပြီးနောက် ယခုတဖန် ပြန်ပိတ်လိုက်ခြင်း ဖြစ်သည်။
“ဟိုတလောကတော့ ပေးသွားမလို့ပဲ။ အခု ပြန် check (စစ်ဆေး) လုပ်ပြီးတော့ ပေးမသွားသေးဘူး” ဟု နေပြည်တော် ဟိုတယ်/ခရီး ဝန်ကြီးဌာနက ဖြေဆိုကြောင်း ခရီးသွားရန် စုံစမ်းခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ်သင့်များ ထူထောင်ရေး ငွေလိုဟု သုံးပွင့်ဆိုင်က ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းသင့် ဘဝများ အပြည့်အဝ ပြန်လည် ထူထောင်နိုင်ရေးအတွက် အကူအညီငွေ အမြောက်အမြား လိုနေသည်ဟု နာဂစ် အကူအညီပေးရေး ဆောင်ရွက်နေသော သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ TCG က ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

နာဂစ်လွန် ပြန်လည်ထူထောင်ရေး ၃ နှစ်တာ အစီအစဉ်အတွက် လိုအပ်နေသော အမေရိကန်ဒေါ်လာ ၆၉၁ သန်းကို ဆက်လက်ကူညီရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုကြောင်း မြန်မာ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ကုလသမဂ္ဂတို့ ပူးပေါင်းထားသော TCG က ပြောဆိုခြင်းဖြစ်သည်။

“ဆိုင်ကလုန်းမုန်တိုင်း ထိခဲ့တဲ့ ဒေသတွေမှာ ဖွံဖြိုးရေးလုပ်ငန်းတွေ အမြောက်အမြား လုပ်ခဲ့ပြီးပေမယ့်လည်း နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ ၁ဝ လက ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာကို အခု အရေးတကြီး လိုအပ်နေတဲ့ ရန်ပုံငွေတွေက ဆက်ပြီး အားဖြည့်ပေးရာ ရောက်သွားမှာပါ” ဟု TCG ဥက္ကဋ္ဌနှင့် မြစ်မာစစ်အစိုးရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောဆိုလိုက်သည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်ကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာအထိ ၃ နှစ်တာကာလ သတ်မှတ်ထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၁ ရက်
ရက်သတ္တပတ် ၁၄ ၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှုန်း ( ၃၀ ) ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိ


မြန်မာနိုင်ငံ စီးပွားရေးသည် ၂၀၀၈-၂၀၀၉ ခုနှစ်၌ (၁၀.၇) ရာခိုင်နှုန်း တိုးတက်ရန် လျာထားသည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နေပြည်တော် ကုန်သည်ကြီးများအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ပြောသော်လည်း အမှန်တကယ် စီးပွားရေးတိုးတက်မှုမှာ (၅) ရာနှုန်းဝန်းကျင်သာရှိနိုင်သည်ဟု မကြာခင်က ထုတ်ပြန်သည့် အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။

သဘာဝဓာတ်ငွေ့ ပြည်ပရောင်းရသည့် တန်ဖိုးမြင့်တက်နေမှုကြောင့် ၂၀၀၇ ခုနှစ် မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှု ကို အတန်အသင့် အထောက်အကူပြုနေသည့်တိုင် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်တင်းရန် ငွေများရိုက်ထုတ်နေရ သည့်အတွက် မြန်မာနိုင်ငံတွင် ငွေဖောင်းပွမှုနှုန်းက (၃၀) ရာခိုင်နှုန်းဝန်းကျင်ရှိနေကြောင်းလည်း အဆိုပါ အစီရင် ခံစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ ခန့်မှန်းချက်မဟုတ်သည့် တွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ စစ်အစိုးရခန့်မှန်း သည့် တိုးတက်မှု၏ ထက်ဝက်မျှသာရှိသည်။ အထူးသဖြင့် မြန်မာနှင့် ကုန်သွယ်ဘက်နိုင်ငံများ စီးပွားကျနေသည့် အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၀၉ ခုနှစ်တွင် ကျဆင်းသွားရန် ရှိသည်ဟုလည်း ဖော်ပြထားသည်။

စစ်အစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ထေမိစေရန်အတွက် ကျပ်ငွေများများရိုက်ထုတ်ပြီး ဖြေရှင်းသည့်အတွက် လှည့်ပတ်သုံးစွဲငွေပမာဏ တက်စေခဲ့သည်။ လှည့်ပတ်သုံးစွဲငွေပမာဏမှာ ၂၀၀၆ ခုတွင် (၃၀) ရာခိုင်နှုန်းနှင့် ၂၀၀၇ ခုနှစ်တွင် (၂၀) ရာခိုင်နှုန်းထိ များလာသည်။ အကျိုးဆက်အဖြစ် ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ငွေဖောင်းပွမှုက (၃၀) ရာခိုင်နှုန်းထိ ထိုးတက်သွားသည်ဟု အေဒီဘီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ၁၉၉၆-၉၇ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံတွင်း လှည့်ပတ်သုံးစွဲငွေပမာဏ မည်မျှရှိသည်ကို စစ်အစိုးရက ထုတ်ပြန်ခြင်းမပြုခဲ့သည်မှာ ယနေ့ထိ ဖြစ်သည်။ လှည့်ပတ်သုံးစွဲငွေဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်မှတ်တမ်း အရ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လှည့်ပတ်သုံးစွဲငွေ ပမာဏမှာ ကျပ်ငွေ (၁,၉၅၃,၄၀၀,၀၀၀,၀၀၀) ရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အနည်းဆုံး မုန်တိုင်း ၆ လုံး ၂ဝဝ၉ တွင် ဖြစ်ပွားနိုင်

ရန်ကုန် (မဇ္ဈိမ)။ ။ မုန်တိုင်း ၆ လုံးနှင့် အထက် ၂ဝဝ၉ ခုနှစ် အတွင်း တိုက်ခတ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသည့် ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ မိုးဇလအကြီးအကဲက ပြောကြားခြင်း ဖြစ်သည်။

အယ်နီညို ရာသီဥတုသည် မိုးနည်းပြီး အပူချိန်မြင့်မားကာ မုန်တိုင်းဖြစ်ပေါ်မှု နည်းသော ရာသီဥတုဖြစ်ကြောင်းနှင့် လာနီညာရာသီဥတုမှာ မိုးများ အပူချိန်လျော့၍ မုန်တိုင်းဖြစ်ပေါ်မှုများသည့် ရာသီဥတုမျိုး ဖြစ်သည်ဟု ဦးထွန်းလွင်က ရှင်းပြသွားသည်။

လက်ရှိ ၂ဝဝ၉ ခုနှစ်သည် လာနီညာဘက် နီးစပ်သော ရာသီဥတုဖြစ်ခြင်းကြောင့် အပူချိန်နည်းသော နှစ်ဖြစ်ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။

"မုတ်သုန်က နောက်ကျမယ်။ မြစ်ဝကျွန်းပေါ်ကို မေလနှောင်းပိုင်းနဲ့ တနင်္သာရီတိုင်းကို မေလ အလယ်လောက်မှာ ဝင်နိုင်ပါတယ်။ ကျနော်တို့ ကြောက်ရမှာက မုတ်သုန်မလာခင် မုန်တိုင်းဝင် လာမှာကိုပါ။ အဲသလို ဖြစ်လာခဲ့ရင် ဒီမုန်တိုင်းဟာ ကျနော်တို့ သတိထားရမဲ့ မုန်တိုင်းဖြစ်လာပါလိမ့်မယ်” ဟု ဦးထွန်းလွင်က သတိပေးပြောကြားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာ့ ကြက်သွန် ထိုင်းအ၀ယ်လိုက်


မြန်မာနိုင်ငံတွင် ယခင်လ ကြက်သွန်နီအသစ်များ ပေါ်ချိန်မှစတင်ကာ ကြက်သွန်နီ ဈေးကျသဖြင့် ထိုင်းကုန်သည် များသည် မြန်မာနိုင်ငံမှ ကြက်သွန်နီများကို တပတ်လျှင် တန်ချိန် (၂၀၀) ခန့် ၀ယ်ယူတင်သွင်းလျက်ရှိသည်။

ရန်ကုန်ဘုရင့်နောင်ပွဲရုံမှတဆင့် မြ၀တီမြို့သို့ တရက်ခြားရောက်ရှိလာသည့် ကြက်သွန်နီများကို မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား မြန်မာဘက်အခြမ်းတွင် ထိုင်းကုန်တင်ကားကြီးများဖြင့် ပြောင်းတင်ကာ ဘန်ကောက်သို့ တိုက်ရိုက်သယ်ယူခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် လူကြိုက်များပြီးဈေးချိုသည့် မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သော ဆန်နှင့် ကြက်သွန်နီကို ထိုင်း ကုန်သည်များက လစဉ်တန်ချိန်ထောင်ချီဝယ်ယူရာတွင် မြန်မာကုန်သည်များ၏ ဈေးကွက်အနေအထားအရ ၎င်းတို့ထံမှ တရားဝင်နှင့် တရားမ၀င်နည်းလမ်းများအသုံးပြုကာ ၀ယ်ယူကြရသည်ဟု ထိုင်းကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ကုမ္ပဏီကြီးများသာ လုပ်ကိုင်ခွင့်ရရှိကြသည့်အတွက် အခြားကုန်သည်ငယ်များမှာ အာဏာပိုင်အချို့နှင့် ညှိကာ တရားမ၀င်နည်းလမ်းများဖြင့် ကုန်သွယ်မှုပြုကြရခြင်း ဖြစ်သည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
Lucky Eleven Whisky ကြော်ငြာ မထည့်ရန် ဆင်ဆာဘုတ် တားမြစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ Eleven Media Group က သတိပေးခဲ့ပြီးနောက် Lucky Eleven Whisky ကုမ္ပဏီ အရက်ကြော်ငြာအား စာစောင်၊ ဂျာနယ်များတွင် ထည့်သွင်းနေခြင်းကို ဆိုင်းငံ့ထားရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။

Yangon Media Group က ပိုင်ဆိုင်သည့် ဂျာနယ်များဖြစ်သော ရန်ကုန်တိုင်းမ်၊ 8 Days A Week နှင့် ဖလားဝါးနယူးစ်တို့တွင် ပါရှိသော အရက်ကြော်ငြာသည် Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိပါးသည်ဟုဆိုကာ ရပ်တန့်ရန် သတိပေးချက်ကို Weekly Eleven ဂျာနယ်တွင် ပါရှိပြီးနောက် စာပေစိစစ်ရေးက တားမြစ်လာခဲ့ခြင်း ဖြစ်သည်။

“Eleven Whisky ဟု သုံးစွဲခြင်းနှင့် Logo ဆင်တူမှု၊ ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိပါးခြင်း” တို့ကြောင့် ကြော်ငြာ ထည့်သွင်းနေခြင်းကို ရပ်တန့်ခြင်း မပြုပါက တရားစွဲမည်ဟု ယခင်လ ၂ဝ နှင့် ၂၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်များတွင် သတိပေး ဖော်ပြခဲ့ခြင်းသည်။

အဆိုပါ သတိပေးချက် ပေါ်လာပြီးနောက် မည်သည့် ဂျာနယ်တွင်မှ ဖော်ပြခွင့် မရတော့ကြောင်း ဝီစကီကုမ္ပဏီနှင့် ရန်ကုန် စာပေအသိုင်းအဝိုင်းက ပြောဆိုကြသည်။

Eleven Media Group ၏ သတိပေးချက် အတွင်း၌ အဆိုပါ အရက်ကြော်ငြာကို “လက်ခံဖော်ပြသော ဂျာနယ်များ၊ မဂ္ဂဇင်းများ” ကိုလည်း တရားစွဲမည်ဟု ဖော်ပြထားသော်လည်း Flower News ဂျာနယ်မှ အဖွဲ့သားတဦးကမူ ကြော်ငြာများသည် စိစစ်ရေးက ထုတ်ပြန်ထားသော စည်းမျဉ်းများနှင့်အညီ ဖြစ်သည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကင်တားနားကို တနှစ် တာဝန်ပေး

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပြီးဆုံးသွားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားအား တာဝန်သက်တမ်း တနှစ်တိုးပေးလိုက်သည်။

မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ စနစ်တကျ ချိုးဖောက်ခံနေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။ မြန်မာစစ်အစိုးရကိုလည်း အကြမ်းဖက်ဖမ်းဆီးမှုများ အမြန်ဆုံးရပ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်ကင်တားနား၏ အစီရင်ခံစာကို မတ်လ (၁၇) ရက် မနက်ပိုင်း၌ လူ့အခွင့်အရေးကောင်စီ၌ ဆွေးနွေးခဲ့ပြီးနောက် ကင်တားနားကို ယခုကဲ့သို့ မြန်မာနိုင်ငံအတွက် တနှစ်တိုးပြီး တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် စီးပွားဖြစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ရိုးရာ နှစ်ကူးချိန် နီးလာသည်နှင့်အမျှ ရန်ကုန်တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့် ရသူများက ခွင့်ပြုအမိန့်ကို ကျပ် သိန်း ၄ဝ အထိ ဈေးခေါ်ရောင်းချမှုများ ရှိနေသည်။

ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်တွေ ယခု သတင်းပေးပို့ချိန်အထိ ချပေးခြင်း မရှိသေးသော်လည်း ပါမစ်ကျရန် နီးစပ်သူများက ဈေးခေါ်ထားခြင်း ဖြစ်သည်။

ရေကစား မဏ္ဍပ်ဆောက်လိုသူက ခ.ဝ.တ သို့ လုံခြုံရေး အာမခံချက် တာဝန်ယူပေးရပြီး ဌာနဆိုင်ရာ အရာရှိတဦးက ထောက်ခံပေးရသည်။ သို့သော်လည်း အစိုးရနှင့် နီးစပ်သူ၊ စစ်ဘက် ရာထူးကြီးကြီးများဖြင့် နီးစပ်သူများသာ ရလေ့ရှိသဖြင့် ကြားပွဲစား ပေါ်ထွန်းလာခဲ့သည်။

အမှန်တကယ် မဏ္ဍပ် ဆောက်လုပ်မည့် သူများက ဆောက်လုပ်ခွင့်ကို တဆင့် ပြန်ဝယ် ကြရပြီး ယမန်နှစ်ကဆိုလျှင် ကျပ်သိန်း ၂ဝ မှ ၂၅ သိန်း အထိ နေရာအကွက်အကွင်းပေါ် မူတည်ပြီး ဈေးပေါက်ခဲ့သည်။

သင်္ကြန် မဏ္ဍပ် တခု အတွက် ဆောက်လုပ်ခွင့်၊ ဆောက်လုပ်စရိတ်၊ စည်ပင်ကို ပေးရတဲ့ ရေဖိုး၊ နေရာဖိုး၊ ဒီဂျေစက် ၊ ရေပန့် ၊ကချေသည်အဖွဲ့နှင့် စင် အပြင်အဆင် တို့အတွက် စင်အရွယ်အစား ဒီဇိုင်းအပေါ် မူတည်ကာ စုစုပေါင်း ကျပ်သိန်း ၁၅ဝ နှင့် အထက် ကုန်ကျ စရိတ် ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရွှေလီတွင် မြန်မာကလေးတဦး သတ်ဖြတ်ခံရ၊ ညီငယ်ဖြစ်သူ ပျောက်ဆုံး


နယူးဒေလီ (မဇ္စျိမ)။ ။ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ တံတားတစင်း အောက်တွင် အသက် ၉ နှစ်အရွယ် မြန်မာ ကလေးတဦး အသတ်ခံရပြီး ၄င်း၏ ၉ လသားအရွယ် ညီဖြစ်သူမှာလည်း ပျောက်ဆုံးနေသည်။

သေဆုံးသူ မောင်မျိုးကိုကိုသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သော ကျဘမ်းလုပ်သား ဦးဝင်းဦးနှင့် ဒေါ်ပြုံးမေတို့၏ သားဖြစ်ပြီး မြန်မာနိုင်ငံ မူဆယ်နှင့် ကပ်လျက် တရုတ် နိုင်ငံ ရွှေလီမြို့ တံတားအောက်တွင် ဒဏ်ရာများဖြင့် သေဆုံနေသည်ကို မတ်လ ၂၇ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ကလေးရုပ်အလောင်းမှာ လက် ၂ ဖက်ကို ကြိုးဖြင့် တုတ်နှောင်ခံထားရပြီး လည်ပင်း၌လည်း ကလေးပိုးစောင်ဖြင့် အချည်ခံထားရသည်။

အမှုနှင့် ပတ်သက်ပြီး မြန်မာလူကြီး ၃ ဦးနှင့် ကလေးငယ် ၈ ဦးကို တရုတ်ရဲက ရွှေလီမြို့ ကြယ်လင် ဆေးဖြတ်စခန်းတွင် ယမန်နေ့က ခေါ်ယူစစ်ဆေးခဲ့သည်။ လူမှောင်ခိုဂိုဏ်းများက မြန်မာကလေးများကို ခိုးယူကာ တရုတ် ဘက်သို့ ရောင်းချမှု မကြာခဏ ဖြစ်လေ့ရှိ ပြီး ခန့်မှန်းခြေအားဖြင့် ၃ နှစ်အတွင်း ကလေး ၂ဝ ကျော်ခန့်ကို တဦးလျှင် တရုတ်ယွမ် ၃ဝဝဝ (ကျပ် ၅ သိန်း) ခန့်နှင့် ရောင်းစားလေ့ရှိသည်။

ကလေးများ ရောင်းစား ခံရခြင်း၏ အဓိက အကြောင်းရင်းမှာ မြန်မာလူထု၏ လူမှုစီးပွား အကျပ်အတည်းများကြောင့် အလုပ်အကိုင် အဆင်ပြေရာ အိမ်နီးချင်းနိုင်ငံ နယ်စပ်များသို့ မိဘများ ပြောင်းရွှေ့ အခြေချ ရာသို့ အတူ ရောက်ရှိနေရခြင်း ကြောင့် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ဝင်နိုင်ရန် ကုန်သည်စက်မှုအသင်း စည်းကမ်းဖျက်သိမ်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ ဝင်ပြိုင်နိုင်ရေးအတွက် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့် စည်းကမ်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် - UMFCCI က ပယ်ဖျက်လိုက်သည်။

စည်းကမ်းချက်များတွင် ပါရှိသည့် အပိုဒ် ၂၈/ဇ နှင့် အပိုဒ် ၃ဝ/ဈ အရ ပါတီနိုင်ငံရေး ကင်းရှင်းရမည်၊ အကယ်၍ နိုင်ငံရေးပါတီ တခုခုနှင့် ပတ်သက်ခဲ့လျှင် အသင်းဝင်အဖြစ်က အလိုအလျောက် နုတ်ထွက်ရမည်ဆိုသည့် အချက်များကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ် တွင် အာဏာသိမ်းခဲ့သော စစ်အစိုးရသည် နိုင်ငံဝန်ထမ်းများနှင့် အစိုးရအသိမှတ်ပြု အသင်းအဖွဲ့ အသင်းဝင်များသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြဌာန်းခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂ ရက်
ရက်သတ္တပတ် ၁၄ ၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု မေတ္တာရပ်ခံချက် တင်မည်


နအဖဘက်က တစုံတရာအကြောင်းပြန်ကြားမှုမရှိသေးသော်လည်း ၀န်ကြီးချုပ်ထံ နှစ်ကူးနှုတ်ခွန်းဆက်စာနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုကို ထပ်မံမေတ္တာရပ်ခံစာပေးပို့သွားမည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

အဆိုပါစာကို ဧပြီ (၈) ရက်တွင် ၀န်ကြီးချုပ်ရုံးထံလိပ်မူ၍ စာတိုက်မှတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံမှုကို မတ်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သော်လည်း နအဖအစိုးရထံမှ အကြောင်း ပြန်ကြားမှု တစုံတရာမရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ တနှစ်ထပ် တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုးလိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။

သို့ရာတွင် နအဖစစ်အစိုးရဘက်မှ ယခုအချိန်အထိ တစုံတရာအကြောင်းပြန်ကြားမှုများ မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်ဖြင့် နေရသည်မှာ စုစုပေါင်း (၁၃) နှစ် ရှိခဲ့ပြီဖြစ်သည်။

လာမည့်မေလ (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားနိုင်ခွင့်ရှိသည်ဆိုသော နအဖစစ်အစိုးရ၏ သတ်မှတ်ချက် (၆) နှစ်ပြည့်မည်ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ့အရေးအတွက် အာရှနိုင်ငံများနှင့် ပူးပေါင်း ချဉ်းကပ်မည်ဟု အမေရိကန် ပြော


ချင်းမိုင်။ ။ မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင် အပြုသဘောဆောင်သော ချဉ်းကပ်မှုကို လိုလားပြီး ဩဇာရှိ နိုင်ငံတစု၏ ကစားပွဲလေးတခု အဖြစ် ပြန်လည် မဖန်တီးမိအောင် ရှောင်လွှဲစေလိုကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်သည်။

ဝါရှင်တန်ရှိ အမျိုးသား အာရှရေးရာ သုတေသနဌာနတွင် ပညာရှင်များ ဦးစီး ကျင်းပသည့် ညနေပိုင်း အစီအစဉ် အာရှနှင့် ဆက်ဆံခြင်း ၂ဝဝ၉ : အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နည်းဗျူဟာများ ခေါင်းစဉ်အောက် ဆွေးနွေးပွဲတွင် မစ္စတာ ဂျိမ်းစ် ဘီ စတိန်းဘာ့ဂ်က ပြောဆိုကြောင်း အေအက်ဖ်ပီ သတင်းအရ သိရခြင်း ဖြစ်သည်။

မြန်မာပြည်အပေါ် ထားရှိသည့် အမေရိကန် မူဝါဒကို ပြန်လှန်သုံးသပ်ပြီးသည့်အခါ “အဓိက ရည်မှန်းချက်များ” မှာ တူညီနေကြောင်းနှင့် မြန်မာလူထု၏ အခွင့်အရေးများကို လေးစားလိုက်နာကာ၊ ကမ္ဘာ့စီးပွားရေး လောကထဲသို့ ဝင်ရောက်လာရေးအတွက် ပိုမိုပွင့်လင်းသော နိုင်ငံဖြစ်လာရန် နည်းလမ်းများ ရှာဖွေသွားရမည်ဟု သူက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လမ်းတံတား လေလံကြေး အလွန်မြင့်၊ ကုန်ဈေးနှုန်း မကျနိုင်


ပြီးခဲ့သည့် မတ်လ (၃ဝ) ရက်က ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် လမ်းတံတား အသုံးပြုခ ကောက်ခံရေးဂိတ်များအတွက် လေလံပွဲပြုလုပ်ခဲ့ရာ လေလံကြေးများ စံချိန်တင်မြင့်တက်ခဲ့ခြင်းကြောင့် လမ်းတံတား အသုံးပြုခများ ဆက်လက် မြင့်တက်ဦးမည်ဖြစ်ကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။ အကျိုးဆက်အနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး စရိတ်များ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကျဆင်းရန်လည်း မဖြစ်နိုင်တော့ကြောင်း အဆိုပါ ပို့ဆောင်ရေးလုပ်ငန်း လုပ်နေသူများက သုံးသပ်ပြောဆိုနေကြသည်။

ရန်ကုန် ဘုရင့်နောင်ပွဲရုံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ပြီးခဲ့တဲ့ရက်က လမ်းတံတားကောက်ခံရေးဂိတ် လေလံပွဲမှာ အင်းစိန်နဲ့ လှိုင်သာယာကို ဆက်သွယ်ထားတဲ့ အောင်ဇေယျ တံတားဟာ လေလံကြေး ကျပ် သိန်း (၁၁,၅ဝဝ) အထိ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကထက် ကျပ် သိန်း (၅ဝဝ) ပိုနေသေးတယ်။ ဒီတော့ လေလံသမားတွေ တံတားဖြတ်သန်းခ ဆက်ပြီး တိုးမြှင့်ကောက်ခံနေဦးမှာပဲ။ ဒီတော့ ကုန်စည်ပို့ဆောင်ရေး နှုန်းတွေက ချလို့ မရတော့ဘူး။ အကျိုးဆက်က ကုန်ဈေးနှုန်းလည်း ဒီလိုပဲ ဆက်တက်နေဦးမှာပဲ” ဟု ရှင်းပြသည်။

အဆိုပါနေ့ လေလံပွဲတွင် ယခင်နှစ်က ကျပ်သိန်း (၃,၁ဝဝ) ရှိသည့် ရွှေပြည်သာတံတားကို ယခု ကျပ်သိန်း (၄,၅၆၇)၊ ယခင်နှစ်က ကျပ်သိန်း (၄,၅ဝဝ) ရှိသည့် ဘုရင့်နောင်တံတားကို ယခု ကျပ်သိန်း (၆,၆ဝဝ)၊ ယခင်နှစ်က ကျပ်သိန်း (၁,၁၄ဝ) ရှိသည့် အမှတ် (၄) လမ်းဂိတ် လေလံကြေးကို ယခုနှစ် ကျပ်သိန်း (၃,ဝဝ၆)၊ လေလံကြမ်းခင်း ဈေး ကျပ်သိန်း (၅ဝဝ) ရှိသည့် ဒဂုံတံတားကို ကျပ်သိန်း (၄,ဝဝ၅) ပေးပြီး လေလံအောင်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လေလံစနစ်သည် လေလံမစတင်ခင် အာဏာပိုင်အဖွဲ့က လေလံအောင်မည့်သူများအတွက် စည်းကမ်းသတ်မှတ်ချက် ချထားပြီး အဆိုပါစည်းကမ်းချက်မှာ တန်ချိန် မည်မျှရှိသည့်ကားကို တံတား သို့မဟုတ် လမ်း ဖြတ်သန်းခ မည်မျှ ကောက်ခံပါ့မည်ဆိုပြီး လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတဝှမ်းက လမ်းတံတားကြေး လေလံအောင်ပြီး ငွေကောက်ခံသူများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို လာဘ်ထိုးပြီး လမ်းတံတား ဖြတ်သန်းခ ပိုမိုကောက်ခံလေ့ရှိကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အရိုက်ခံရသူ ဆရာ နယ်ပြောင်းရ


ချင်းမိုင် (မဇ္ဈိမ)။ ။ အရက်မူးနေသူ လူတစု၏ အရိုက်အနှက်ကို ခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နည်းပြဆရာကို ကျောင်းအုပ်ချုပ်ရေးဌာနက နယ်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ၄ ဦးသည် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ တို့ရိုးရာ လက်ဖက်ရည်ဆိုင်မှအထွက် အရက်မူးနေသူ လူတစုက ရန်စကာ ဝိုင်းရိုက်ရာတွင် ရှိနေခဲ့သည့် ဘူမိဗေဒဌာနမှ ဆရာဦးအောင်မင်းဦး နယ်ပြောင်းခံရခြင်း ဖြစ်သည်။

“ဘူမိဗေဒဆရာ ဦးအောင်မင်းဦး ဘားအံ တက္ကသိုလ်ကို ပြောင်းခံရတယ်ဆိုတာ သိတယ်။ အဲဒါတော့ သေချာတယ်။ ဖြစ်ပြီးတော့ သိပ်မကြာဘူး တပတ်အတွင်းလောက်ပဲဗျ။ ချက်ချင်း ပြောင်းခိုင်းတာ” ဟု ဘူမိဗေဒ ဘွဲ့လွန်ကျောင်းသားက မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒေါက်တာခင်မောင်ဝင်း စင်းလုံးငှား လေယာဉ်လိုင်း ထောင်ရန်ပြင်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နာမည်ကျော် အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းသည် ကိုယ်ပိုင်စင်းလုံးငှား လေယာဉ်လိုင်းတခု တည်ထောင်ရန် ကြိုးစားလျှက် ရှိသည်။

ယူကရိန်းနိုင်ငံမှ လေယာဉ်မှာယူရန် စီစဉ်နေပြီး လုပ်ငန်းစဉ်ဖြစ်သော မြန်မာ့လေကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။“ဝယ်ဖို့ထက် ငှားဖို့ ပိုဖြစ်နိုင်တယ်ခင်ဗျ။ ကိုယ်ပိုင်သုံးဖို့ထက် ပြည်တွင်း ခရီးစဉ်တွေ ပျံသန်းဖို့ပါ။ ယူကရိန်းက ဖြစ်မယ် ခင်ဗျ။ သေချာလားဆိုတော့ အခုဟာက Finalize ပေါ့။ မြန်မာ့လေကြောင်းတို့ ဟိုတယ်/ ခရီး တို့နဲ့ ဆွေးနွေး နေပါတယ်။ နောက် တလလောက်ဆိုရင်တော့ သေချာပါပြီ “ ဟု ဒေါက်တာခင်မောင်ဝင်းက မဇ္ဈိမသို့ ပြောသည်။
လမ်း ၃ဝ အထူးကုဆေးခန်းပိုင်ရှင် ဒေါက်တာခင်မောင်ဝင်းသည် ၂ဝဝ၇ ခုနှစ် အထိ အစိုးရ ကျန်းမာရေး ဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်လာမည့် အလိုအလျောက် သွေးစစ်ဆေးတိုင်းတာနိုင်သည့် အမေရိကန်ဒေါ်လာ ၂ သန်းတန် ဓာတ်ခွဲခန်း စက်တခုကို မတ်လအတွင်းက ဂျာမဏီနိုင်ငံမှ တင်သွင်းဝယ်ယူခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂ ရက်
ရက်သတ္တပတ် ၁၄ ၊ ၂၀၀၉
မြန်မာသတင်း

KNU ခွဲထွက်အဖွဲ့အားလုံး ရွေးကောက်ပွဲအပြီး လက်နက်မဖြုတ်ပဲ နယ်ခြားစောင့်တပ်ဖွဲ့ ပေးမည်


နအဖနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်ခွဲထွက်အဖွဲ့များအပါအ၀င် ငြိမ်းချမ်းရေးအဖွဲ့များအားလုံး နအဖ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် လက်နက်များ ဖြုတ်သိမ်းမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်များအဖြစ် ပြန်လည်ဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ပြောသည်။

စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်က နေပြည်တော်၌ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က စောဌေးမောင်နှင့် အဖွဲ့ဝင်များကို ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က “ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးပြောရရင် တပ်မတော်ကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ငြိမ်းချမ်းရေးတပ်တွေ ဘာပြဿနာမှ မရှိဘူး။ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ငါတို့ အကုန်ပြန်ဖွဲ့ပေးမယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် စောဌေးမောင်အဖွဲ့အပါအ၀င် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းများကိုလည်း စရဖ အရာရှိချုပ်က သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် “နောက်တခုကွာ မင်းတို့ကို ငါဖွင့်ပြောလိုက် မယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး မင်းတို့သေနတ်တွေကို အတင်းမသိမ်းဘူး၊ အဓမ္မမခိုင်းဘူး၊ မင်းတို့ သေနတ်ထက်ကောင်းတဲ့ သေနတ်တွေ ငါတို့မှာ အများကြီးပဲ သိတယ်မဟုတ်လား။ ဖထီးတို့ သေနတ်ကလေး ဘာရှိလို့လဲ ငါတို့မှာ အများကြီးပေးလို့ရတယ်” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်း မြန်မာပြည် အလယ်ပိုင်းကို ဖြတ်သန်းမည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် မြန်မာ-တရုတ် စွမ်းအင်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ စတင်ကာ မြန်မာပြည်တွင်းသို့ ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အဆုံးသတ်မည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ စတင်မည့် ပိုက်လိုင်းမှာ အထက်မြန်မာပြည် မြို့တော် မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်မှတဆင့် တရုတ်နယ်စပ်မြို့ ရွှေလီကို ဖြတ်ကာ နိုင်ငံ့အရှေ့တောင်ဘက် ယူနန်ပြည်နယ် ကူမင်းတွင် အဆုံးသတ်မည်ဟု ယနေ့ထုတ် Asia Times အွန်လိုင်းသတင်းစာတွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

ဤသည်မှာ တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ လောင်စာဆီ အကြမ်းထည်ကို မလက္ကာ ရေလက်ကြားမှ သယ်ယူနေရာက၊ ယခုအခါ ဘင်္ဂလားပင်လယ်အော်မှ ဖြတ်သန်းကာ သယ်ယူရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ လောင်စာဆီ အကြမ်းထည်ကို ကျောက်ဖြူအနီး ကျွန်းတခုရှိ ဆီသိုလှောင်ကန်တွင် ထားရှိပြီးနောက် မြန်မာပြည်တွင်းသို့ သွယ်တန်းဖောက်လုပ်မည့် ပိုက်လိုင်းမှ အဆင့်ဆင့် သယ်ယူသွားမည်။

လုပ်ငန်း အကောင်အထည် ပေါ်လာပါက တရုတ်၏ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသမှ လောင်စာဆီကြမ်းကို မလက္ကာရေလက်ကြားမှ ရေလမ်းဖြင့် သယ်ယူရခြင်းထက် လမ်းခရီးတွင် ကြန့်ကြာချိန် တပတ်ခန့် လျှော့ချနိုင်မည်။

ပိုက်လိုင်းစီမံကိန်းကို တရုတ်စွမ်းအင်ကုမ္ပဏီ CNPC (China National Petroleum Corporation) က ၅ဝ ဒဿမ ၉ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ၄၉ ဒဿမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်။ ပိုက်လိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း အပြီးသတ်ရန် လျာထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
လေဘေးသင့် ပြည်သူများ မိုးကျခါနည်းမှ နေစရာအတွက် စိုးရိမ်

မိုးရာသီ ဝင်ရောက်ချိန် နီးလာပြီ ဖြစ်သည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်အချို့ရှိ လေဘေးသင့်ပြည်သူအများစု ၎င်းတို့ လက်ရှိနေထိုင်သည့် တဲသာသာ အိမ်များ၏ ခိုင်ခန့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံပြည်သူများက ပြောသည်။
၎င်းတို့ ရွာအုပ်စုလေးအတွက် ဆောက်ထားပေးသည့် အိမ်များမှာလည်း (၉) ပေပတ်လည်သာသာ ထရံကာ ပလတ်စတစ် မိုးကာစ မိုးထားသည့် အိမ်များဖြစ်ပြီး မိသားစုဝင်များ ညအိပ် နေထိုင်ရုံသက်သက် နေနိုင်သည့် အိမ်များဖြစ်ပြီး ထမင်းချက်ပါက တဲအောက်သို့ ဆင်းချက်ကြရကြောင်း သိရသည်။

လေဘေးသင့်ဒေသအနှံ့ သွားရောက်ခဲ့သူ ဂျာနယ်သတင်းထောက်တဦးက လေဘေးသင့်ပြည်သူများအား နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများ၊ အစိုးရက တာဝန်ပေးသည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ တသီးပုဂ္ဂလ အလှူရှင်များက အသီးသီး နေအိမ်ဆောက်လုပ်လှူဒါန်းသည့်အတွက် ဆောက်ပေးသည့်နေအိမ်များမှာ ပုံစံအမျိုးမျိုး ဖြစ်ကာ အများစုမှာ တန်ဖိုးနည်း အိမ်ရာများသာ ဖြစ်ခြင်းကြောင့် အိမ်လက်ခံရရှိသည့် ရွာသားများက ဆက်လက်ပြုပြင်ခြင်း မလုပ်နိုင်ပါက လာမည့် မိုးရာသီထိ ခံနိုင်မည်မဟုတ်ကြောင်း ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည် နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆန္ဒပြနေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ အဖမ်းခံထားရသူများကို ထိုင်းနယ်စပ်မှတဆင့် ပြန်လည်လွှတ်ပေးခြင်းမပြုဘဲ လဝက စခန်းတွင် ဖမ်းထားသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းဖြစ်သည်။
''ထိုင်းနယ်စပ်ကို စွန့်ပစ်ပေးဖို့ ပြောတယ်။ ထွက်ရဖို့ ဘာမှ မျှော်လင့်လို့ မရဘူးလေ။ အဲဒါကြောင့်မို့ ဆန္ဒပြတာပါ'' ဟု စခန်းတွင်းရှိ မြန်မာလုပ်သား ကိုညီညီက မဇ္ဈိမကို ပြောသည်။

စခန်းထဲတွင် ဘားတိုက် အဆောက်အဦ ၅ ခု ရှိရာ ယခုအခါ အဆောင်နှစ်ခုရှိ မြန်မာများ ဆန္ဒပြနေခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရွေးကောက်ပွဲအတွက် ၀န်ကြီး ဦးဥာဏ်ဝင်း ငွေပေးပြီး မဲဆွယ်

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းသည် ပဲခူးတိုင်း ဇီးဖြူကုန်းမြို့နယ် အရှေ့ဖက်ခြမ်းမှ ရွာများသို့ သွားရောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခဲ့သည်ဟု စုံစမ်း သိရှိရသည်။ ဤသည်မှာ စစ်အစိုးရ ၀န်ကြီးတယောက်က ငွေကြေးပေးကမ်းပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခြင်းကို ပထမဦးဆုံး ကြားသိရသည်။ ထိုသို့ ရွေးကောက်ပွဲအတွက် ၀န်ကြီးကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သော်လည်း ဇီးကုန်မြို့တွင် တိုးတက်ဖွံ့ဖြိုးမှု မရှိ၊ ယခုရက်ပိုင်းအတွင်း လမ်းပြင် လမ်းခင်းရန်အတွက် ပြည်သူများထံမှ ငွေကောက်ခံသည်ဟု ဇီးကုန်မြို့ခံများက ပြောပါသည်။
( အာအက်ဖ်အေမှ ကောက်နှုတ်ချက် )
+++++

1 comment:

မမသီရိ said...

မန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းမှာ UNHCR Representative အဖြစ် အိန္ဒိယလူမျိုး ရန်ကုန်တွင် (၃) နှစ်လုပ်စဉ်က ယခင်အတွင်းရေးမှူး (၁) ခင်ညွန့် နှင့် ပလဲနံပသင့်စေရန်လည်းကောင်း၊ ခင်ညွန့်မှလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လေးစားမှုရှိစေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီဟု အမည်ခံ အဖွဲ့အစည်းကို ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စေ၍ သံအမတ်ကြီးဟောင်းတဦး (ဦးဝင်းလွင်) မှ အတွင်းရေးမှူးအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။
.............
ကိုလူလ.. ဒီစာပိုဒ် က သိပ်မရှင်းလို့.. ဘယ်တုန်းက ဖွဲ့တာပါလဲ.. အုဒီအဖွဲ့ ကို.. အဲဒီ HCR CR က ဟိုအရင် ကအဟောင်းထင်တယ်..