တပတ်အတွင်း သတင်းမှတ်စု
ဧပြီလ ၂၀ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
နိုင်ငံရေး ဆုံးဖြတ်ချက်များ ပါဝင်သည့် အစည်းအဝေး အန်အယ်လ်ဒီ ခေါ်တော့မည်
ယခုလအတွင်းပြုလုပ်မည့် အဖွဲ့ချုပ်အစည်းအဝေးတွင် ထူးခြားချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်း ထည့်သွင်းဖိတ်ကြားထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
“အခုအစည်းအဝေးမှာ နိုင်ငံရေးအလှည့်အပြောင်းရော၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော အားလုံးအကျုံးဝင်မယ့် ဆွေးနွေးပွဲသဘောမျိုးဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ ကြိုပြီးတော့လည်း မသိသလို အခုအချိန်မှာလည်း ပြောလို့မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။
အစည်းအဝေးကို (၂၈-၂၉) ရက်တို့တွင် အဖွဲ့ချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းစည်းအဖွဲ့ဝင်များနှင့် ပါတီဝင်များကို (၂၇) ရက် အရောက်လာရန် ဖိတ်ကြားထားကြောင်း သိရသည်။
ယခုအခါ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများလည်း ရှိနေသည့်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်များ၏ အနေအထားနှင့် သဘောထားခံယူချက်များကို အစည်းအဝေးတွင် အကြံဉာဏ်တောင်းခံရန်ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။
“အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြောင်းဖို့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့အပေါ်မှာတော့ တစုံတရာအပြောင်းအလဲအနေနဲ့ ရှိချင်လည်းရှိမယ်ပေါ့။ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောနိုင်ပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။
၎င်းကဆက်လက်ပြီး “လူထုရဲ့ မျှော်လင့်ချက် အားကိုးမှုတွေကို အလဟဿဖြစ်မသွားအောင်လို့ လုပ်ပေးရမယ့် တာဝန်ရှိတယ် ဆိုတာတော့ အကုန်လုံးက သဘောပေါက်ပါတယ်။ အဲဒါကို တကယ်လက်တွေ့ အကောင်အထည် ဖော်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို အခုဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မွန်ပြည်သစ်မှ ခရိုင်ကော်မတီဝင် တဦး လုပ်ကြံခံရ ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားသော မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မတီဝင် တဦးသည် ပြီးခဲ့သည့် စနေနေ့က အမည်မသိ သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။
ဒေါက်တာ မင်းနောင် ခေါ် နိုင်မင်းနောင် (၄ဝ နှစ်) သည် မွန်ပြည်သစ်ပါတီ - NMSP အတွက် ဆန် ဝယ်ရန် မော်လမြိုင်မြို့ ဘဏ်တခုမှ ကျပ်သိန်း ၁၈ဝ ထုတ်ယူပြီး မြို့နယ်အတွင်းရှိ မုဒုံကားလမ်းပေါ်ရှိ ဖာအောက်နှင့် ရိုးဂိုးကျေးရွာကြား အရောက်တွင် ပစ်ခတ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။ ကမာဝက်ရွာ နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နောက်ကျောမှ ပစ္စတိုဖြင့် အပစ်ခံရခြင်း ဖြစ်သည်။
လုပ်ကြံသည့် တရားခံကို မသိရှိရသေးဘဲ၊ ဆက်လက် စုံစမ်းနေသည်။
နိုင်မင်းနောင်သည် ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသားဘဝမှ NMSP သို့ ဝင်ရောက်ခဲ့ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ ဇာတိဖြစ်ကြောင်း ထိုင်းအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) အဆိုအရ သိရသည်။
NMSP တွင် စစ်သည်ဘဝ၌ သတင်းထောက်လှမ်းရေးတပ် ဒုအရာခံဗိုလ်၊ NMSP သတ္တမ အကြိမ်မြောက် ညီလာခံမှစ၍ ခရိုင်ကော်မတီဝင်၊ NMSP ဗဟို ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးအဖြစ် NMSP အုပ်ချုပ်မှုအောက်ရှိ ကျေးရွာ ရွှေ့ပြောင်းခံရသော မွန်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းရန် ကြိုးပမ်းရင်း ယခုလို လုပ်ကြံခံရခြင်း ဖြစ်ကြောင်း IMNA က ပြောသည်။
ထို့အပြင် လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်းခံထားရကာ ထိုင်းနိုင်ငံမှ လာသော လက်နက်တမျိုးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု လုပ်ကြံခံရသော နေရာအနီးတဝိုက်မှ ရှာဖွေတွေ့ရှိသည့် ကျည်ခွံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဝန်ကြီးချုပ် ထိုင်းခရီးစဉ် နောက်ကျပြီးမှ ဖေါ်ပြယခုလအတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး ရေးသားဖော်ပြခွင့် ပိတ်ပင်ထားသည့် အပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ခရီးစဉ်အကြောင်းကိုလည်း (၇) ရက်ကြာ နောက်ကျပြီးမှ ဖော်ပြခွင့် ရကြောင်း မြန်မာ့အလင်းသတင်းစာတိုက်မှ စာတည်းတဦးက ပြောသည်။
၎င်းက “ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေ တက်ဖို့ ထိုင်းနိုင်ငံ ပတ္တရားမြို့ ကို ဧပြီ (၁ဝ) ရက်နေ့မှာ ထွက်သွားတာကို (၁၁) ရက်နေ့ သတင်းစာတွေမှာ ဖော်ပြတယ်။ အဲဒီနောက် သတင်းအား လုံးကို အမှောင်ချထားလိုက်တာ တရုတ်ပြည် ဟိုင်နန်ကျွန်း ဘိုအောင်းဆွေးနွေးပွဲ သွားတက်တဲ့အထိ ဘာသတင်းမှ မဖော်ပြဘူး။ ဧပြီ (၁၆) ဝန်ကြီးချုပ် တရုတ် ပြည်သွားတဲ့ သတင်းကို ဧပြီ (၁၇) ကျနော်တို့ သတင်းစာမှာ ဖော်ပြပြီး နောက်တနေ့ ဧပြီ (၁၈) ရက်ရောက်မှ ဝန်ကြီးချုပ်ရဲ့ ထိုင်းနိုင်ငံက ဧပြီ (၁ဝ- ၁၁) ရက်နေ့ သတင်းတွေကို ပြန်ပြီး ဖော်ပြတယ်။ ဒါတောင် ဆန္ဒပြသူတွေကြောင့် အာဆီယံ အစည်းအဝေး ပျက်သွားတဲ့ အကြောင်း ရေးတာမျိုး မဟုတ်ဘဲ အစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတ အာရိုယိုကို တွေ့ဆုံနှုတ်ဆက်တဲ့ ခေါင်းစဉ်နဲ့ပဲ ဖော်ပြခဲ့တယ်။ ဒါက ဆိုးဝါးတဲ့ သတင်းအမှောင်ချမှုပဲ”ဟု ပြောသည်။
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးကမူ နအဖစစ်အစိုးရ သတင်းစာများသည် ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံခြား ခရီးထွက်သွားသည်ကို လိုက်ပို့သည့်သတင်း အရင်ဖော်ပြလေ့ရှိပြီး ခရီးစဉ် ပြီးဆုံး၍ မြန်မာနိုင်ငံ ပြန်ရောက်မှသာ ခရီးစဉ်နှင့် ပတ်သက်သည်တို့ကို ပြန်လည်ရေးသား ဖော်ပြလေ့ရှိကြောင်း၊ အဆိုပါစည်းကမ်းကို မည်သူမှ ချိုးဖောက်၍ မရကြောင်း ပြောသည်။
ပြီးခဲ့သည့်လ ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းတွင်ပြုလုပ်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မိမိအပါအဝင် ပြည်တွင်းသတင်းထောက်အချို့ လိုက်ပါသွားခဲ့သော်လည်း ဟွာဟင်းမှ ပေးပို့သည့် မည်သည့် သတင်းမျိုးကိုမှ ဂျာနယ်တွင် ဖော်ပြခွင့်မပြုဘဲ ခရီးစဉ်ပြီးဆုံး၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြန်ရောက်ပြီး အစိုးရပိုင် သတင်းစာတို့တွင် ဖော်ပြပြီးမှသာ ရေးသားဖော်ပြခွင့်ရကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို ချင်းမိုင် (မဇ္ဈိမ)။ ။ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေသည်ဟု နာမည်ထွက်နေသော ဝ’ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ နှင့် လက်တွဲခြင်းကြောင့် နိုင်ငံရေးသိက္ခာကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုက ယနေ့ပြောသည်။
ဝ’ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ - ဝသပ (UWSP) ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် ၂ဝ ပြည့် အထိမ်းအမှတ်ပွဲသို့ ပေးပို့သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု - အန်ဒီအက် ၏ သဝဏ်လွှာ၌ “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောင်နိုင်သည်အထိ အန်ဒီအက်နှင့်အတူ ဝသပမှ ဦးဆောင်ပါဝင်ရန်” ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ အန်ဒီအက် သဝဏ်လွှာကို ‘ဝသပ’ နိုင်ငံခြားရေးဌာနသို့ ယခုလ ၁၅ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း လက်တွဲရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍မူ တစုံတရာ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်းနှင့် ‘ဝသပ’ အနေဖြင့် အန်ဒီအက်နှင့် ပူးပေါင်းပြီး နအဖကို တော်လှန်တိုက်ခိုက်မည်ဆိုပါက တံခါးဖွင့်ထားကြောင်း အန်ဒီအက်က ဆိုသည်။
အန်ဒီအက်ကို ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် တိုင်းရင်းသားများ၏ တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁ဝ ဖွဲ့ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့ဝင်အချို့သည် နအဖနှင့် အပစ်အခတ် ရပ်စဲသွားသဖြင့် ယခုအခါ အဖွဲ့ဝင် ၈ ဖွဲ့ဖြင့်သာ ဆက်လက်လှုပ်ရှားနေသည်။
လက်ရှိအဖွဲ့ဝင်များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ၊ ဝအမျိုးသားအဖွဲ့ WNO ၊ မွန်ပြည်သစ်ပါတီ NMSP တို့ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်တွင် ကာလ၀မ်းရောဂါကြောင် လူသေဆုံးပြီးခဲ့သည့် လမှစတင်ကာ တလကျော်ဖြစ်ပွားခဲ့သည့် ၀မ်းရောဂါကြောင့် ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် လူ (၃) ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။ သာကေတမြို့နယ် ဆေးခန်းတခုမှ ဓာတ်ခွဲခန်းဝန်ထမ်းတဦးကလည်း ၎င်းတို့ထံ သာကေတ၊ ဒေါပုံနှင့်သင်္ကန်းကျွန်း ဘက်မှ ၀မ်းနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးမှုများရှိကြောင်း၊ အများစုမှာ ရေနှင့်အစားအသောက် မသန့်ရှင်းမှု ကြောင့် ကူးစက်သည့် Vibro cholera ပိုးအမျိုးအစားဖြစ်ပြီး ၀မ်းရောဂါပိုးတွေ့ရှိသူအများစုမှာ ဆေးရုံတင်ထားရ ကြောင်း ပြောသည်။
သာကေတ (၃) ရပ်ကွက်တွင် ၀မ်းရောဂါဖြစ်ခဲ့သည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီ အလံထောင်ကာ စခန်းဖွင့်ပေးပြီး ရောဂါဖြစ်သူများကို ဆေးသွင်းခြင်းနှင့် စားဆေးပေးခြင်း စသည့် အကူအညီများ ပေးသည်ကို တွေ့ရကြောင်း မျက်မြင်တဦးက ပြောသည်။
ဝမ်းရောဂါဖြစ်ပွားခဲ့သည့် မြို့နယ်အများစုတွင် စည်ပင်သာယာမှ ပိုက်ဖြင့် ရေဖြန့်ဖြူးသည့်စနစ် မရှိသကဲ့သို့ နေအိမ်အများစုသည်လည်း စီးပွားရေး အဆင်မပြေ၍ ရေသန့် မ၀ယ်နိုင်ကြောင်း၊ ထို့အပြင် အဆိုပါ မြို့နယ် ရပ်ကွက်များတွင်ရှိသည့် ရေခဲရေ၊ ကြံရေ၊ အအေး၊ အသုတ်၊ အကင်၊ ဖရဲသီး၊ နာနတ်သီး စသည်တို့ရောင်းချသည့် ဆိုင်များမှာလည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိကြောင်း သာကေတမြို့နယ်မှ ဆရာဝန်တဦးက ပြောသည်။
ထို့အပြင် နေအိမ်များ၏ အိမ်သာစနစ်၊ ရပ်ကွက်များ၏ ရေမြောင်းစနစ်၊ အမှိုက်စွန့်ပစ် စနစ်များသည်လည်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိဟု သိရသည်။
လှိုင်သာယာ နှင့် ရွှေပြည်သာ မြို့နယ်တို့တွင်လည်း ၀မ်းရောဂါဖြစ်ပွားနေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြောခွင့်ရသူတဦးကပြောသည်။ ယခုလဆန်းပိုင်းတွင် လှိုင်သာယာ၌ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားသူ (၃၀) ဦးခန့်ရှိပြီး သေဆုံးသူ (၃) ဦးခန့်ရှိကြောင်း မြို့နယ်တွင်း ဖွင့်လှစ်ထားသည့် ကြံ့ဖွံ့ဆေးခန်းတာဝန်ကျ တဦးကပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကရင်ရွာသားများ စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရ မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ပေါ် ခွ၍ နေကြသော ကရင်ရွာသား ၂၀၀၀ ကျော်မှာ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
သူတို့သည် စစ်ဖြစ်ပွားနေသော ဇုံအတွင်း ပိတ်မိနေကြပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုအပြင် ကောက်ချင်သလို ကောက်နေသော အခွန်အကောက်များနှင့် ဆိုးရွားလာနေသော ကျန်းမာရေး အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
ကောဆာ၊ ကလောဂေါ၊ ကောပိုးပိုးနှင့် ပေါဘူးလှတာ ကျေးရွာ ၄ ရွာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်၏ တောင်ဘက်တွင်ရှိပြီး အုန်းဖျံမဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနယ်စပ်မြို့ အုန်းဖန်အကြား တည်ရှိကာ လူဦးရေ ၂၁၁၁ ဦး ရှိသည်။
သူတို့မှာ ယခုအခါ စားစရာ ဆန်အနည်းငယ်သာရှိပြီး နောက်ထပ် ဆန်နှင့် ငါးပိ အရေးတကြီး လိုအပ်နေသည်ဟု အဆိုပါ ရွာသားများက ယမန်နေ့ နံနက်ပိုင်းတွင် ပြောသည်။ ဤရိက္ခာများမှာ ကရင်လူမျိုးများ၏ ပင်တိုင်ရိက္ခာ ဖြစ်သည်။
သတင်းရပ်ကွက်များ၏ အဆိုအရ ရွာတိုင်းသည် မြန်မာစစ်တပ်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) သို့ တရက်လျှင် ပေါ်တာ ၅ ဦး အခမဲ့ပေးကြရပြီး မကြာသေးခင် လများအတွင်း တိုးတက်ဖြစ်ပွားလာနေသော တိုက်ပွဲများကြောင့် ရွာသားများအတွက် စားစရာပင် အနိုင်နိုင် ဖြစ်လာနေကြရသည်ဟု ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ရန်ကုန်သင်္ကြန် ရေမရှိ မစည်ကားပြီးခဲ့သည့်ရန်ကုန်သင်္ကြန်သည် ယခင် သင်္ကြန်များနှင့် နှိုင်းယှဉ်ပါက စည်ကားမှု လျော့နည်းလာကြောင်း နာမည်ကြီး အဆိုတော် အနဂ္ဂ၊ ယုန်လေးနှင့် လူငယ်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီ (၁၇) ရက်နေ့ MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် အဆိုပါ နာမည်ကြီး အဆိုတော်များနှင့် လူငယ် အယောက် (၂ဝ) ကျော် ပါဝင်သည့် စကားဝိုင်းတွင် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ယခုနှစ်သင်္ကြန်သည် အင်းလျားကန် ပတ်လည်၌သာ စည်ကားပြီး အခြားနေရာများတွင် ခြောက်ကပ်နေကြောင်း၊ ယခင်က ရှိခဲ့သည့် အလှပြယာဉ်များလည်း ပျောက်ကွယ်ကုန်ပြီ ဖြစ်ကြောင်း ပြောဆိုသွားကြသည်။
သင်္ကြန် ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ချုပ်ကိုင်ထားကြောင်း ၊ ယခုနှစ် ရန်ကုန်တွင် ရေပေးဝေရေးနှင့် ပတ်သက်၍ အခက်အခဲများစွာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ယခုကဲ့သို့ သင်္ကြန်မစည်ကားခြင်းသည် ရေပြဿနာ အပါအဝင် စစ်အစိုးရ၏ အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ်မှု၊ ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး အဆင်မပြေမှု စသည်တို့ကြောင့်လည်း ပါဝင်ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဧပြီလ ၂၁ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
စီအာပီပီ၊ တိုင်းရင်းသား ပါတီများနှင့် အန်အယ်လ်ဒီ အကြိုညှိနိုင်းလာမည့် (၂၈-၂၉) ရက်တို့တွင် ကျင်းပမည့် အန်အယ်လ်ဒီ အထူးအစည်းအဝေးတွင် စာတမ်းသုံးစောင် တင်သွင်း သွားမည်ဖြစ်ကာ အဆိုပါ စာတမ်းသုံးစောင်နှင့် အစည်းအဝေးကျင်းပမည့်အကြောင်းများကို အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အကြို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း စီအာပီပီအထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
အန်အယ်လ်ဒီပါတီ၊ စီအာပီပီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အကြိုညှိနှိုင်းဆွေးနွေးမှုကို ယခုလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ကျန်းမာရေးကြောင့် အနားယူထားရသည့် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အချို့မှလွဲ၍ အားလုံးစုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အထူးအစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များ၊ လူငယ်ဖော်ဆောင်ရေးတာဝန်ခံများ ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ရာ ပါတီသက်တမ်း အနှစ်နှစ်ဆယ် ကျော်အတွင်း တတိယအကြိမ်မြောက် အကျယ်ပြန့်ဆုံး အစည်းအဝေးဖြစ်မည်ဟု မျှော်လင့်ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဘီဂျလီကြောင့် ဆားလုပ်ငန်းရှင်များ အကြွေးဆပ်ရန် အခက်တွေ့ နယူးဒေလီ (မဇ္စျိမ)။ ။ ဘီဂျလီ မုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့သဖြင့် ဟိုင်းကြီးကျွန်း တဖက်ကမ်း ကျေးရွာများရှိ ဆားလုပ်ငန်းရှင်များသည် မိုးရာသီ မရောက်မီ ၁ဝ ရက်အလို၌ လုပ်ငန်းများ ရပ်ဆိုင်းရပြန်သဖြင့် အစိုးရချေးငွေပေါ် အတိုးငွေပေးရန် ဝန်ထုပ်ဝန်ပိုး ဖြစ်ရပြန်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောကြသည်။ ဆားလုပ်ကွင်း ဧက ၄ဝ အတွက် အစိုးရဘဏ်တွင် ချေးငွေ ကျပ်သိန်း ၁၂ဝ ထုတ်ယူခဲ့ရာ ယခုလ ဧပြီလကုန်တွင် အမြတ်ငွေသွင်းရမည်။
ယခုလို ဘီဂျလီကြောင့် နေလှမ်းဆား လုပ်ငန်းများရပ်ဆိုင်းလိုက်ရသည့် ဆားလုပ်ငန်းရှင်များအနေဖြင့် ဇွန်လတွင် ပေးဆောင်ရမည့် အမြတ်ငွေအတွက် မည်ကဲ့သို့ ဖြေရှင်းရမည်ကို စဉ်းစားနေကြဆဲဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒီကေဘီအေနှင့် ကေအင်ယူ အပစ်အခတ် မရပ်စဲသေးကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းတွင် ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲ မပြီးဆုံးသေးသော်လည်း ဒီကေဘီအေဘက်မှ ကေအန်ယူနှင့် အပစ်အခတ်ရပ်စဲလိုက်သည်ဟု မီဒီယာအချို့တွင် ၀ါဒဖြန့်ပြောဆိုမှုများသည် လိမ်လည်မှုသာဖြစ်သည်ဟု ကေအန်အယ်လ်အေက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) ၏ ဒု-ရင်းမှူးဗိုလ်ကြီးဘူးဖောက “ဒီကိစ္စမဟုတ်ဘူး။ ဒီကေဘီအေကလိမ်တာ သူတို့နဲ့ကျနော်တို့ ဘာသဘောတူညီချက်မှ မရှိဘူး။ မနေ့ညကလည်း ကျနော်တို့လူတွေကို အဝေးကနေ ပွိုင့် (၅) စက်သေနတ်နဲ့ အချက်ပေါင်းမနည်းဘူးပစ်တာ။ ကျနော်တို့ကို အဓိက လာတိုက်တာ ဒီကေဘီအေ (၉၀၇) နဲ့ နအဖ တပ်တွေဖြစ်တယ်။ အခု ကျနော်တို့ကို သူတို့ဆက်မတိုက်တာ သူတို့ဘက်က ထိခိုက် အကျအဆုံးများလို့ဖြစ်တယ်။ သူတို့ဘာသာသူတို့ အပစ်ရပ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ သူတို့ထပ်လာရင်တော့ ခုခံ တိုက်ခိုက်ရမှာပဲ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲကို ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ဘက်မှ ဗျူဟာမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်သည် ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်သို့ ကိုယ်စားလှယ်စေလွှတ်ကာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးလိုကြောင်း ဆက်သွယ်လာသော်လည်း ကေအန်အယ်လ်အေဘက်မှ ၎င်းအဆိုကို ပယ်ချခဲ့သည်ဟု စောဘူးဖောက ပြောသည်။
၎င်းဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) မှ ဗိုလ်မှူးကြီးတဦးက “ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ ဒီလို ကလေးကလားဆန်ဆန် ပြောတာတွေကို လက်မခံဘူး။ အရင်ကလည်း ဒီလိုပုံစံမျိုးနဲ့ ဆက်သွယ်လာဖူးတယ်။ ဒီကေဘီအေက သူတို့အထိနာပြီဆိုရင် ဆက်သွယ်တယ်၊ သာပြီးဆိုရင် ပြန်လာချတယ်။ ဒီကေဘီအေဆိုတာက သူတို့ကိုယ်သူတို့ ပိုင်တာမဟုတ်ဘူး။ သူများနှာခေါင်းနဲ့ အသက်ရှူနေရတဲ့လူတွေ။ ဒါကြောင့် လက်မခံတာပါ” ဟု ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
တရုတ်က မြန်မာတွင် ပိုမို ရင်းနှီးမြှုပ်နှံဖွယ်ရှိဟု လေ့လာသူက ပြောဆို ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ် လုပ်ငန်းရှင်များအနေဖြင့် မြန်မာပြည်တွင် ပိုမို၍ ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူတဦးက ယနေ့ ပြောဆိုသည်။
မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယခုလ ၁၉ ရက်နေ့က ဖူကျန်ပြည်နယ်မှူး ဟွမ်ရှောင်ကျင်းနှင့် တွေ့ဆုံစဉ် တရုတ်လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သည့်အပေါ် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ဦးအောင်ကျော်ဇောက ယခုလို ပြောဆိုခြင်းဖြစ်သည်။
သူက ''ဗမာပြည်အနေနဲ့ ပြောမယ်ဆိုရင် တရုတ်ရဲ့ မြှုပ်နှံမှုက အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
တရုတ်မီဒီယာများတွင် ဖော်ပြနေသည့် စာရင်းများက ၂ဝဝ၄ ခုနှစ်အတွင်း တရုတ်မှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၆၄ မီလျံနှင့် အဆင့် ၁၅ နေရာတွင်သာ ရှိသော်လည်း၊ ၂ဝဝ၈ ခုနှစ် နောက်ဆုံး အပတ်တွင် ဒေါ်လာ ၈၅၅ ဒဿမ ၉၉ သန်းနှင့် အဆင့် ၄ နေရာအထိ ရောက်ရှိလာကြောင်း ဆိုထားသည်။
မြန်မာဝန်ကြီးချုပ်သည် ကိုယ်စားလှယ် ၃ဝ ကျော်နှင့်အတူ တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်မြို့၌ ကျင်းပခဲ့သော ပိုအော်အရှဖိုရမ် ၂ဝဝ၉ ခုနှစ် အစည်းအဝေးသို့ တက်ရောက်အပြီး ၃ ရက်ကြာ လည်ပတ်စဉ် ယခုလ ၁၉ ရက်နေ့ ညပိုင်းက ဖူကျန်ပြည်နယ်မှူး ဟွမ်ရှောင်ကျင်းနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က တရုတ်-မြန်မာ နှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သတ္ထုတူးဖော်ရေး၊ ကုန်သွယ်ရေး လုပ်ငန်းများတွင် အောင်မြင်ဖြစ်ထွန်းမှုများ ရှိသဖြင့် ဆက်လက်၍ ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
အောက်ခြေ ၀န်ထမ်းများအား ရှားပါးစရိတ် ပေးတော့မည်၀၀၉ -၂၀၁၀ ခုနှစ် ဘဏ္ဍာရေးနှစ်အစမှ စ၍ အောက်ခြေအဆင့် ၀န်ထမ်းတဦးလျှင် (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးသွားတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ မြန်မာ့စီးပွားရေးဘဏ် အရာရှိတဦးက ပြောသည်။
“ဘဏ်တွေကိုတော့ အကြောင်းကြားစာတွေ ၀င်လာပါပြီ။ ဒီလကုန်ရင် စပေးတော့မှာပါ ” ဟု အဆိုပါအရာရှိကပြော သည်။
ယင်းအစီအစဉ်ကို ယခုဧပြီလကုန် လစာထုတ်ရက်မှစ၍ ပေးသွားမည်ဟု သိရသည်။
လစာအနေဖြင့် တိုးမြှင့်ပေးခြင်းမဟုတ်ဘဲ ၀န်ထမ်း ရှားပါးစရိတ်ပေးခြင်းမျိုးဖြင့် ပေးသည်ဟု အသုံးပြုထားခြင်းမှာ အစိုးရအနေဖြင့် အဆိုပါသတင်းကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာန အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
လွတ်မြောက်ရေး ဆုတောင်းသူ နှစ်ဦး ဖမ်းဆီးခံရ ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်ဆောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ အန်အယ်ဒီ ပါတီဝင် ၅၀ ခန့်က ယနေ့ ဝတ်ပြုဆုတောင်းရာ ဦးဆောင်သူ နှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ နှစ်နီးပါးရှိသူ ဦးချစ်ဖေနှင့် စည်းရုံးရေးအဖွဲ့ဝင် အသက် ၄၀ နှစ်အရွယ် ဦးမောင်စိုးဝေ ဦးဆောင်သည့် ဇီးဖြူကုန်းရွာ ပါတီဝင် ရွာသားများနှင့် လူငယ်အဖွဲ့ဝင် စုစုပေါင်း ၅၀ ခန့်သည် ယနေ့နံနက် ၈ နာရီမှ ၉ နာရီအထိ အဖတ်တရာ စေတီတော်ကြီး၌ ဝတ်ပြုဆုတောင်းအပြီး မကြာမီ ဒေသ အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
တွံတေး အန်အယ်ဒီအနေဖြင့် ယနေ့မှ စတင်ကာ ပထမဆုံး ပြုလုပ်သည့် ဆုတောင်းပွဲဖြစ်သည်။
ဖမ်းဆီးမခံရခင်က အန်အယ်ဒီ မြို့နယ် ဒုဥက္ကဋ္ဌ ဦးချစ်ဖေထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခွင့် ရခဲ့ရာ ဆုတောင်းပွဲနှင့် ပတ်သက်၍ သူက ယခုလို ဖြေကြားခဲ့သည်။
“အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့လူတွေ အားလုံး လွတ်မြောက်ဖို့ ဆုတောင်းပါတယ်။ ကျနော်တို့ ၈ နာရီကနေ စတာ ၉ နာရီမှာ ပြီးတယ်။ ကျေးရွာရှိ အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ အားလုံး ၅၀ ဦးခန့် ပါဝင်တက်ရောက်တယ်။ အင်္ဂါနေ့တိုင်း အင်္ဂါထောင့်မှာ ဒေါ်စုမွေးနေ့တိုင်း ဆက်လုပ်သွားမယ်။ ဒီနေ့ကနေ စလုပ်သွားမယ်” ဟု သူက ပြောခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြင်ခြံထောင်တွင် အကျဉ်းကျနေသူများ ကျန်းမာရေး စောင့်ရှောက်မှု မရမြင်းခြံအကျဉ်းထောင်၌ ဆရာဝန်ရှိသော်လည်း အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရှိကြောင်း နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးက သူမ၏မိခင်ထံသို့ စာရေးအကြောင်းကြားကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား မမိုးမိုး၏ မိခင်ဖြစ်သူက “စာထဲထည့်ရေးထားတာ မြင်းခြံထောင်ဆရာဝန် no good တဲ့။ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝရှိပုံ မရဘူး။ တခါသွားရင် ပါရာစီတမော အလုံး (၁၀၀)၊ အမိုင်နို အလုံး (၁၀၀)၊ ၀မ်းပိတ်ဆေး၊ ၀မ်းကိုက်ပျောက်ဆေး အကုန်ယူသွားရတယ်။ ထောင်အမှုထမ်းတွေဆီ ဆေးထုပ်အပ်လိုက်ရင် သူတို့က သမီးကို ပို့ပေးတယ်။ အရက်ပြန်၊ ပတ်တီးကအစ မှာတယ်” ဟု ပြောသည်။
ထို့အပြင် မြင်းခြံထောင်အတွင်း မိခင်များအကျဉ်းကျရာတွင် အတူပါသွားသည့် ကလေးသူငယ်များမှာလည်း ထောင်ဝင်စာပို့သူမရှိ၍ စားရေး သောက်ရေးကအစ အခက်အခဲရှိနေကြောင်း သိရသည်။
“အန်တီ့သမီးဆီ ထောင်ဝင်စာပို့ရင် အဲဒီကလေးတွေအတွက်လည်း သယ်သွားရတယ်။ ငါးပိကြော်တွေ၊ သရက်သီးသနပ်တွေရယ်၊ ကလေးတွေဝတ်ဖို့ အ၀တ်အစားတွေကျ ဟိုကဒီက အလှူခံ။ သကြားလုံး၊ မုန့်လုံးတွေ ၀ယ်သွားပေါ့။ ကလေးတွေ ငတ်တော့ အန်တီ့သမီးက မနေနိုင်ဘူး” ဟု မမိုးမိုး၏ မိခင်က ပြောသည်။
မြင်းခြံထောင်၌ မသက်သက်အောင်၊ မမိုးမိုးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၆) ဦးရှိပြီး လူရွှင်တော် ဇာဂနာ၏တပည့် ကတုံးအပါအ၀င် အမျိုးသားများလည်း ရှိနိုင်သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++<
span style="font-weight:bold;">
လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်များ ပြောကြား
ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ စစ်တပ်၏ မြေယာ အဓမ္မသိမ်းယူခံရသည့် မွန်၊ ပအိုဝ်းနှင့် ရခိုင် ဒေသခံ တိုင်းရင်းသားများ စားဝတ်နေရေး ခက်ခဲနေကြောင်း တိုင်းရင်းသား လူငယ်များက ယနေ့ ထုတ်ဖော်ပြောဆိုသည်။
တိုးတက်သော မွန်လူငယ် အစည်းအရုံး (MYPO)၊ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) စသည့် အဖွဲ့များက ၁၉၉၃ ခုနှစ်မှစ၍ ၂ဝဝ၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် အကြောင်းအရာ အချက်အလက်များကို စုဆောင်း၍ “ကျွန်ုပ်တို့၏ မြေယာများကို သိမ်းပိုက်ထားခြင်း” အမည်ရှိ အစီရင်ခံကို ယနေ့ ပူးတွဲထုတ်ပြန်ရာ၌ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။
“Report အဓိကထားတာက ရေးမြို့နယ်မှာရှိတဲ့ လမိုင်းမြို့နယ်ခွဲ၊ ခေါ်ဆာမြို့နယ်ခွဲတွေထဲက ရွာတွေပေါ့နော်။ ၉၈ ကနေပြီး ၂ဝဝ၈ ပေါ့နော်။ လယ်ယာမြေကို သူတို့ သိမ်းပြီးတော့ တပ်ဆောက်တယ်၊ စစ်တပ် မိသားစုတွေနေဖို့ ရွာအသစ်တည်တယ်။ တချို့မြေယာကို စစ်တပ်က အုတ်ဖုတ်တာ ရှိတယ်။ အချို့ ရာဘာခြံတွေကို သိမ်းပြီး ဒေသခံ စီးပွားရေးသမားတွေဆီကို ကော်မရှင်စားပြီး ပြန်ရောင်းတယ်” ဟု ကျေးရွာများသို့ ကိုယ်တိုင် ကွင်းဆင်းပြီး အချက်အလက် ကောက်ယူခဲ့သော “တိုးတက်သော မွန်လူငယ် အစည်းအရုံး” (MYPO) မှ တာဝန်ခံတဦးဖြစ်သူ ကိုဉာဏ်စိုက်က မဇ္ဈိမကို ပြောသည်။
စစ်တပ်စခန်းများ တည်ဆောက်ရန်နှင့် စစ်တပ်မိသားစုများ အခြေချနိုင်ရေး၊ စစ်တပ်စီးပွားရေး လုပ်ကိုင်ရန်၊ နိုင်ငံခြားနှင့် ပြည်တွင်း စီးပွားရေး ကုမ္ပဏီများကို နေရာအငှားချပေးရေးတို့ ရည်ရွယ်ပြီး ဒေသခံများ၏ မြေယာများကို အခကြေးငွေ မပေးဘဲ သိမ်းယူခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူငယ် တာဝန်ခံများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ထိုင်း လူမှုဖွံ့ဖြိုးရေးဝန်ကြီး မြန်မာပြည် အလည်အပတ် လာရောက်မည် ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းလူမှု ဖွံ့ဖြိုးရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် လာရောက် လည်ပတ်မည်ဖြစ် ပြီး လူကုန်ကူးမှု တားဆီးရေးနှင့် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ ညီချက်များကို လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။
ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့် လူသား လုံခြုံရေးဝန်ကြီး အစ်ဆရာဆွန်ချိုင်း (Issara Somchai) သည် တနင်္လာနေ့က ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပကာ သူ၏ ခရီးစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား လူကုန်ကူးမှု ကိစ္စများ ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုအားဖြည့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်ဟု ပြောဆိုသွားခဲ့ပါသည်။
“ဆွေးနွေးပွဲရဲ့ အကြောင်းအရာကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် လူတွေခိုးသွင်းပြီး ကျေးကျွန်လို အခြေအနေမှာ အဓမ္မ ခိုင်းစေနေတဲ့ လူကုန်ကူးမှု လုပ်ငန်းတွေ ရပ်တန့်သွားအောင်နဲ့ ပပျောက်သွားဘို့ပါ” ဟု ဆုန်ချိုင်းက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂၂ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လက်မှတ်ပေါင်း ( ၃ ) သိန်းခန့် ရရှိနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိနေပြီဟု အဆိုပါအဖွဲ့တွင် ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်သည့် ကိုတိတ်နိုင်က ပြောသည်။
ယခင်လ (၁၃) ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွတ်မြောက်ရေး အတွက် ရည်ရွယ်ကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကင်ပိန်း (campaign) ကို စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကော်မတီသည် လက်မှတ်ကောက်ယူမှုကို နိုင်ငံအရပ်ရပ်တွင် ပြုလုပ်လျက် ရှိပြီး လက်မှတ်ပေါင်း (၈၈၈,၈၈၈) ခုထိ ရရှိရန် ရည်ရွယ်ထားကာ ရရှိသည့်လက်မှတ်များကို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရှိ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ ရယူသွားမည်ဟု သိရသည်။
ယမန်နှစ်ကလည်း ကမ္ဘာအရပ်ရပ်တွင်ရှိသည့် သမ္မတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးသည် ကမ္ဘာနှင့် မြန်မာတွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးပို့ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားများကို ၂၀၀၈ ခု ဒီဇင်ဘာ (၃၁) မတိုင်မီ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အရှေ့တောင်အာရှမှ နိုင်ငံ့ခေါင်းဆောင် (၂၄၀) ကျော်ကလည်း လက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဝတ်ပြုဆုတောင်းသူ နှစ်ဦး သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံရ နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ ယမန်နေ့ ဆုတောင်းပွဲ၌ ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် နှစ်ဦးကို မြို့နယ်တရားရုံးက ယနေ့ တရားစွဲဆိုလိုက်သည်။
ပါတီဝင်လူငယ်နှင့် ရွာသား စုစုပေါင်း ၅ဝ ခန့်ကို ဦးဆောင်၍ အဖတ်တရာ စေတီကြီးတွင် ဆုတောင်းကြသဖြင့် ယမန်နေ့က အဖမ်းခံခဲ့ရသူ တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ယနေ့တွင် မြို့နယ်တရားရုံးက သာသနာတော်ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက် ဦးဉာဏ်ဋ္ဌေးက တရားလိုအဖြစ် ဆက်လက် ထွက်ဆိုသွားမည်ဟု သိရသည်။
ယခု စွဲဆိုလိုက်သည့် ပုဒ်မသည် ပြစ်ဒဏ်အဖြစ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ကျောင်းသားလူငယ်များကို ကြံဖွံ့က စည်းရုံး
(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သို့ အသစ်ပြောင်းရွှေ့လာသည့် သွင်းကုန်တာဝန်ခံက မူဝါဒအသစ်များချမှတ်ကာ ကုန်ပစ္စည်း ဖမ်းဆီးမှုများ လုပ်နေသဖြင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်နေသည်ဟု ကုန်သည်များက ပြောသည်။
စစ်တပ်မှ နကသသို့ ဧပြီ (၁၈) ရက်မှစ၍ ပြောင်းရွှေ့တာဝန်ယူသည့် ဗိုလ်ကြီး မိုးမြင့်အောင်သည် ကုန်သည်များ၊ ဧဂျင့်များအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံကာ တင်းကျပ်သော မူဝါဒအသစ်များ ချမှတ်နေသောကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်နေသူများ အခက်အခဲဖြစ်နေသည်ဟု ဧဂျင့်တဦးက ပြောသည်။
ကြံ့ဖွံ့က နွေရာသီအမျိုးသားယဉ်ကျေးမှုနှင့် စာရိတ္တပညာသင်တန်းဟု အမည်တပ်ကာ ကျောင်းသားကျောင်းသူများ ကို စည်းရုံးဆွဲဆောင်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
အဆိုပါသင်တန်းကို ပြီးခဲ့သည့် ၂၀၀၈ ခုက စတင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွံ့အသင်းသား တဦးက ပြောသည်။ ၎င်းတို့ပြောပြချက်အရ မြောက်ဥက္ကလာပမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က သင်တန်း (၁၆) နေရာဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသားဦးရေမှာ (၁၃,၄၀၀) ကျော်ရှိကြောင်း သိရသည်။
ယခုနွေရာသီတွင် မြောက်ဥက္ကလာပမြို့နယ် ကြံ့ဖွံ့က သင်တန်းကို စံပြအဖြစ် ဆောင်ရွက်နေကြောင်း၊ အခြား မြို့နယ်များတွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး သင်တန်းဖွင့်ရန် လိုအပ်သောငွေကြေးများကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက မတည်ပေးကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပနှင့် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားနေသည်။
မြောက်ဥက္ကလာ အမှတ် ၂ ရပ်ကွက်တွင်မူ ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ယနေ့ထိ ဝမ်းရောဂါဖြစ်သူ ဦးရေ ၆ဝ ခန့် ရှိနေပြီး၊ အချို့မှာ ဆေးရုံများတွင် တက်ရောက်ကုသနေဆဲ ဖြစ်သည်။
အထက်လန် အောက်လျှောဖြစ်နေသဖြင့် ရပ်ကွက်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံ၌ ရပ်ကွက်ကောင်စီ - ရယက နှင့် ကြံ့ခိုင်ရေး အသင်းလူကြီးများ၏ အစီအမံဖြင့် ကျန်းမာရေးဌာနမှ အလှည့်ကျ ဆရာဝန်တဦးနှင့် ဝန်ထမ်း ၁ဝ ဦးခန့်က ဝိုင်းဝန်း ကုသပေးနေသည်။
ယခု လဆန်းပိုင်းအတွင်း ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၃ ၊ ၄ နှင့် ၆ ရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး၊ ဒေါပုံ၊ သန်လျင်နှင့် ပုဇွန်တောင်မြို့နယ်တွင်လည်း ဝမ်းရောဂါ ဖြစ်ခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
တားမြစ်အမိန့် မလိုက်နာသူများမှာ စစ်အာဏာပိုင်များသာ ဖြစ်
စစ်အစိုးရက ထုတ်ပြန်ထားသော တားမြစ်မှုများကို ဖောက်ဖျက်ကျူးလွန်သူများမှာ စစ်ဖက်ဆိုင်ရာအာဏာပိုင်များ သာ ဖြစ်ကြောင်း ငွေဆောင်ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ဒုတိယတိုင်းမှူးကိုယ်တိုင် ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ထားသော်လည်း စစ်ဖက်မှ အရာထမ်းများနှင့် ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူများက တားမြစ်ချက်ကို အလေးမထားဘဲ ဆိုင်ကယ်များ မောင်းနှင်နေကြကြောင်း ဒေသခံများကပြောသည်။
ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်းပြချက်ဖြင့် ငွေဆောင်ကမ်းခြေတွင် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မြန်မာ ICT ပြပွဲ စပွန်ဆာပေးရန် စိတ်ဝင်စားမှုနည်း ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာပြပွဲ (Myanmar ICT Exhibition -May 2009) ကျင်းပရန် ငွေကြေးမတည်သူများ ( Main Sponser) အတွက် ICT ကုမ္ပဏီအများအပြားကို ဖိတ်ခေါ်ထားသော်လည်း ကုမ္ပဏီများဘက်မှ စိတ်ဝင်စားမှု နည်းနေသေးကြောင်း ပြပွဲကျင်းပရေး ကော်မတီဝင် တဦးက ပြောသည်။
ယင်းပြပွဲတွင် ပြသရန် အီလက်ထရောနစ် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ ပါဝင်ပြသရန် စာရင်းပေးသွင်းထားကြောင်း၊ သို့သော် အဓိက ငွေကြေးထောက်ပံ့မည့် ကုမ္ပဏီနည်းနေသေးကြောင်း သူက ပြောကြားသည်။
ရန်ကုန်မြို့ ဦးဝိဇာရလမ်း တပ်မတော်ခန်းမတွင် မေလ ၁ ရက်မှ ၃ ရကနေ့ အထိ ပြသမည် ဖြစ်သည်။
ပြခန်းများအား အမျိုးအစား (A) မှ (F) အထိ ခွဲခြားထားပြီး တစ်ခန်းလျှင် FEC-100 နှုန်း ကြိုတင်ငွေ ပေးသွင်း၍ စိတ်ကြိုက် အခန်းအရေအတွက် ရယူနိုင်ကြောင်း၊ ပြခန်းများအား ယခုလ ၂၃ ရက်နေ့တွင် မဲနှိုက်၍ နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂၃ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား၊ အသည်းရောင် အသားဝါကြောင့် ကျန်းမာရေး ဆိုးဝါးဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ်သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူးရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။
ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။
ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။
ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်းမရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။
မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေးအရေးကြီးသည့်အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ရှေ့နေ ကိုဖိုးဖြူ အယူခံဝင် ချင်းမိုင် (မဇ္ဈိမ)။ ။ လယ်အသိမ်းခံရသည်ကို အိုင်အယ်အိုသို့ တိုင်ပေးသဖြင့် အဖမ်းခံရသူအတွက် အမှုလိုက်သူ ရှေ့နေ ကိုဖိုးဖြူအား ထောင်ဒဏ်ချသည်ကို ယမန်နေ့က မကွေးခရိုင် တရားရုံး၌ အယူခံဝင်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ် တရားရုံးက မတရား အသင်းအဖွဲ့ ပုဒ်မဖြင့် ထောင်ဒဏ် ၄ နှစ်ချခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် မကိုက်ညီဟုဆိုကာ သူ၏ အကျိုးဆောင်ရှေ့နေများက ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းခြင်း ဖြစ်သည်။
အယူခံအတွက် မန္တလေးမြို့မှ ရှေ့နေများဖြစ်သည့် ဦးမြင့်သွင်နှင့် ဦးရွှေလှက ဆောင်ရွက်ခဲ့သည်။
ကိုဖိုးဖြူအား ပုဒ်မ ၃ (ဂ) အရ အသင်းအဖွဲ့ကို မှတ်ပုံမတင်ဘဲ ဖွဲ့စည်းမှု၊ ၅ (ဂ) အရ အစိုးရ၏ ယန္တရားကို ရပ်တန့်စေရန် ပြုလုပ်မှုဖြင့် စွဲချက်တင် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နေပြည်တော်မှာ အလောင်းတွေ မီးရှို့လို့မရနေပြည်တော်ကွင်းကြီး သုသာန်မီးသင်္ဂြိုဟ်စက်ကြီးမှာ မီးအားမနိုင်သည့်အတွက် အလောင်းများ မီးရှို့၍မရ ဖြစ်နေသည်ဟု အသုဘရှင်တဦးက ပြောသည်။
အဆိုပါ မီးသင်္ဂြိုဟ်စက်ကြီးမှာ လျှပ်စစ်ဓာတ်အားသုံးသည့် မီးသင်္ဂြိုဟ်စက်ကြီးဖြစ်သည်။ မီးရှို့ရာ၌ load မနိုင်ဘဲ Fuse မကြာခဏပြတ်နေသည့်အတွက် အလောင်းများမီးရှို့မရသဖြင့် အသုဘရှင်များ စိတ်ညစ်နေကြသည်ဟု စုံစမ်းသိရသည်။
နေပြည်တော်စတင် တည်ဆောက်ချိန်က သုသာန်အတွက် မစဉ်းစားဘဲ တည်ဆောက်ခဲ့ရာ အစောပိုင်းမှာ ၀န်ထမ်းများသေလျှင် မည်သည့်နေရာ သင်္ဂြိုဟ်ရမှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့သည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကန်ဒေါ်လာသန်း ၈ဝဝ တန် သတ္တုတွင်း စီမံကိန်း တရုတ် ရရှိ ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့မြောက်ပိုင်း တကောင်းတောင် သတ္တုတွင်း စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဇူလိုင်လ ကတည်းက စတင်ဆွေးနွေးထားသော ယင်းစီမံကိန်းမှာ ယခုလအတွင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ တရုတ်နိုင်ငံတွင် ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ခရီးစဉ်တွင် အကောင်အထည်ပေါ် ခဲ့ခြင်းဖြစ်သည်။
China Non-Ferrous Metal Group (CNMC) သည် မြန်မာစစ်အစိုးရနှင့် သဘောတူပြီးပြီဟု တရုတ်ဘာသာဖြင့် ရေးသားသည့် ယခုလ ၂၂ ရက်နေ့ထုတ် တရုတ်သတင်းစာကို ကိုးကား၍ Alibaba.com ၌ ဖော်ပြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွက် အကြီးမားဆုံး သတ္ထုတွင်း စီမံကိန်းဖြစ်ကြောင်း CNMC ၏ အထွေထွေ မန်နေဂျာ Luo Tao က ပြောဆိုသည်။
ဤသတ္ထုတွင်းမှ ကန်ဒေါ်လာ သန်း ၈ဝဝ တန် ဖာရိုနီကယ် - Ferro nickel (သန့်စင်စတီးလ် ပြုလုပ်ရာ၌ အသုံးပြုသည့် ဓာတ်သတ္ထုတမျိုး) စီမံကိန်းမှာ တန်ချိန် ၈ သောင်း သတ္ထုသိုက်ဖြစ်ပြီး၊ အကောင်အထည် ပေါ်ပါက မြန်မာနိုင်ငံ တမျိုးသားလုံး အသားတင် ထုတ်လုပ်မှု (GDP) မှာ ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု CNMC က ဆိုထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဒုက္ခသည် အသိအမှတ်ပြုခွင့်ရရေး ပွဲစားများ ခြေရှုပ်ဒုက္ခသည်စခန်းအချို့တွင် ယခင်လဆန်းပိုင်းက ဒုက္ခသည်လူသစ်များအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) မှ အသိအမှတ်ပြုဓာတ်ပုံရိုက်ယူနေမှုသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု သည့် အစီအစဉ်မဟုတ်ဟု ဒုက္ခသည်စခန်းအကြီးအကဲတဦးက ပြောသည်။
ယခုလမှစတင်ကာ လူသစ်များကို ဒုက္ခသည်များအဖြစ် ယူအန်အိပ်ခ်ျစီအာက အသိအမှတ်ပြုပေးမည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အကြီးဆုံး ဒုက္ခသည်စခန်း နှစ်ခုဖြစ်သည့် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများသို့ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်နှင့်ချီသည့် လူများသည် ဒုက္ခသည် အသိအမှတ် ပြုခွင့်ရရှိရေးအတွက် နည်းမျိုးစုံဖြစ်ဝင်ရောက်ရန် ကြိုးပမ်းကြသဖြင့် စခန်းအခြေအနေ ရှုပ်ထွေးမှုများနှင့် နစ်နာဆုံးရှုံးမှုကိစ္စရပ်များ ပေါ်ပေါက်လာသည့်အတွက် အခြေအနေအမှန်ကို သိရှိရန် အသိပေးပြောကြားရခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။
မြန်မာပြည်မှလာ၍ မယ်လဒုက္ခသည်စခန်းတွင် ကျပ်ငွေသိန်းရာချီ၍ အကုန်အကျခံသည့်မိသားစုများနှင့် ငွေကြေးတတ်နိုင်သူများကြောင့် စခန်းများအတွင်း အကျင့်ပျက်ခြစားမှုများ တိုးပွားလာသည်ဟု စခန်းဒု-ဥက္ကဋ္ဌက ပြောသည်။
ပြည်တွင်းမှ လူများမှာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံတခုခုသို့ ထွက်ခွာခွင့် ရရှိရေးအတွက် အိုးအိမ်ခြံမြေများနှင့် လက်ငုတ်လက်ရင်းများရောင်းချကာ မိသားစုအလိုက် ဒုက္ခသည်စခန်းများသို့ မျှော်လင့်ချက်ကြီးမားစွာဖြင့် လာရောက်ကြသော်လည်း ကြားပွဲစားများ၏ လိမ်လည်မှုများ ခံကြရပြီး ဟိုမရောက် ဒီမရောက်နှင့် ဘ၀ပျက်သွားသူများ အများအပြားရှိသောကြောင့် စဉ်းစားချင့်ချိန်ကြရန်နှင့် လက်ရှိအခြေအနေမှာ ပွဲစားများပြောသကဲ့သို့ မလွယ်ကူကြောင်းကို သိစေချင်သည်ဟု မယ်လစခန်းဒု-ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဒဂုံမြို့သစ်တောင်ပိုင်း ပဲစက်ရုံ မီးလောင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၁ အတွင်းရှိ ပဲစက်ရုံတရုံ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မီးလောင်ခဲ့သည်။
ပဲခူးလမ်းပေါ်ရှိ မေယု ပဲမျိုးစုံ သန့်စင်စက်ရုံတွင် တနာရီ နီးပါး မီးလောင်ခဲ့ခြင်း ဖြစ်သည်။
စက်ရုံတွင် ပဲသန့်စင်ရာမှ အပူလွန်ကဲပြီး မီးလောင်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးမှ စစ်ဆေးတွေ့ရှိသည်။
မီးလောင်သော ဂိုဒေါင်မှာ အကျယ်ပေ (၁၀၀x၅၀) ရှိပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ အဆောက်အအုံနှင့် ကုန်လှောင်ပစ္စည်းများအပါအ၀င် အပျက်အစီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း (၅၀၀) အထက်ရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ခန့်မှန်းသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီးကမူ မီးလောင်မှု ဆုံးရှုံးမှုပမာဏမှာ စုစုပေါင်း ကျပ် သိန်း (၉၀) ခန့်ဟု ခန့်မှန်းကြောင်း မီးသတ်အရာထမ်းတဦးက မီးငြိမ်းပြီးချိန်တွင် ပြောကြားသည်။
( ခေတ်ပြုင်+ မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာပြည်တွင် အင်တာနက် ဆိုင်များ ပိုမို ဖွင့်ခွင့်ပေးမည်ရန်ကုန် မြို့တော်ပါ မကဘဲ အခြား နယ်မြို့ များနှင့် ကျေးလက် ဒေသများ ပါ မကျန် အင်တာနက် ဆိုင်များ ပိုမို ဖွင့်လှစ် နိုင်ရန် ခွင့်ပြု မိန့်များ ချမှတ် ဆောင်ရွက် ပေးသွားမည် ဟု မြန်မာ တယ်လီပို့တ် က ကြေညာ လိုက်သည်။
မြန်မာ နိုင်ငံ အတွင်း (၂၀၀၃) ခုနှစ် နောက်ပိုင်း အင်တာနက်ဆိုင်များ တစထက် တစ များပြား လာခဲ့ရာ ထိုစဉ်က ဆိုင် စုစုပေါင်း (၂၀) မျှသာ ရှိခဲ့သော်လည်း ယခု အခါ ဆိုင်ပေါင်း (၄၆၃) ဆိုင် အထိ တိုးပွား လာခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းတို့ အနက်မှ ရန်ကုန် မြို့တွင်း ၌ပင် ဆိုင် ပေါင်း (၃၅၅) ဆိုင်ရှိနေရာ ကျန်ရှိနေသော မြို့များတွင်မူ အင်တာနက် ဆိုင် အရေအတွက် အလွန် နည်းပါး နေဆဲ ဖြစ်သည်။
မြန်မာ နိုင်ငံရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု တာဝန်ရှိသူများ က အစိုးရ အနေ နှင့် နိုင်ငံ တ၀ှမ်း မြို့များ အားလုံးတွင် အင်တာနက် ဆက်ကြောင်းများ ချိတ်ဆက် သွယ်တန်း ထားသည်ကို အလိုရှိ ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ကြသည်။
မြန်မာ အင်ဖိုတက် အဖွဲ့အစည်း မှ ကောက်ခံသော စစ်တမ်း အရ မြန်မာ နိုင်ငံတွင် အင်တာနက် အသုံးပြုသူ (၃) သိန်းမျှ ရှိနေ ကြောင်း သတင်း ရရှိသည်။
( လူထုအသံက ကောက်နှုတ်ချက် )
+++++
၂လောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲ သတင်း ဖော်ပြခွင့်မပြု နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ၂ လောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲ သတင်းကို အာဏာပိုင်များက ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ပိတ်ထားသည်။
လူသတ်တရားခံ ဖမ်းမိပြီဖြစ်ကြောင်း ဗိုလ်တထောင် ရဲစခန်းနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တို့မှ ဂျာနယ်များ၏ မေးမြန်းချက်ကို အတည်ပြု ဖြေကြားခဲ့သော်လည်း ပြည်တွင်း ဂျာနယ်များအနေဖြင့် သတင်းရေးသား ထုတ်ဝေခြင်း မပြုရန် ပိတ်ပင်ခံရခြင်း ဖြစ်သည်။
ယခုလဆန်းပိုင်းတွင် အသတ်ခံရသူသည် တပ်မတော် အကြီးအကဲဟောင်း တဦး၏ သမီးဖြစ်သူ ဒေါ်အေးအေးဝင်း (၄၃ နှစ်) နှင့် ခင်ပွန်းဖြစ်သူ ဦးခင်မောင်လေး (၄၆ နှစ်) တို့ အသတ်ခံခဲ့ရသည်။ ခင်ပွန်းသည်မှာ သင်္ဘောသားဖြစ်ကာ မာလိမ်မှူးစာမေးပွဲ ဖြေဆိုထားသူ ဖြစ်သည်။
ယခုလို နောက်ဆက်တွဲသတင်း ရေးသားဖော်ပြခွင့် ပိတ်ပင်ထားခြင်းသည် အာဏာပိုင်များ ဖမ်းဆီးထားသည့် လူသတ်တရားခံသည် စစ်ဘက်ဆိုင်ရာ အကြီးအကဲတဦး၏ ဆွေမျိုးသားချင်းတဦး ဖြစ်သည့်အတွက် ယခုလို ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မီဒီယာ အသိုင်းအဝိုင်းက ယုံကြည်နေသည်။
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်နေသည့် အရေးကြီး တရားခံ တဦးကို ယခုလ ၁၅ ရက်နေ့က ဖမ်းဆီး စစ်ဆေးနေကြောင်း မဇ္စျိမကို ပြီးခဲ့သည့် တနင်္လာနေ့က အတည်ပြု ပြောဆိုခဲ့သည်။
လူအများ စိတ်ဝင်စားနေသည့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ လူကုံထံ မိသားစုဝင် ၅ ဦး ၂ဝဝ၈ ခုနှစ် မတ်လ ၃ ရက်နေ့က အသတ်ခံရခြင်းနှင့် ပတ်သက်၍ ယနေ့ထိတိုင် အာဏာပိုင်များဘက်က တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂၄ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု၊ ဗိုလ်သန်းရွှေထံ တင်ရန် လျာထားဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟိုအာဏာပိုင်မပါသော အဖွဲ့အစည်းတရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ်မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင် ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဂြိုဟ်တုစလောင်းများ ကန့်သတ်ရန် ထပ်မံ ရေးသားလာ နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံရှိ ဂြိုဟ်တုစလောင်းများ အကျယ်အပြန့် တပ်ဆင်အသုံးပြုနေသဖြင့် ဂြိုဟ်တုအရောင်းဆိုင်များ ရပ်ချိန်တန်ပြီဟု ရေးသားထားသည့် ဆောင်းပါးတပုဒ်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ပါရှိလာသည်။
“သတင်းစာထဲ ဒီနေ့ ပါလာကိုတွေ့တော့ အံ့သြသွားတယ်။ ကျနော်တို့ အရောင်းဆိုင်တွေကို သတိပေးတာပေါ့ဗျာ။ ဒါပေမဲ့ အခုလောလောဆယ် ဆိုင်တွေကို ဘာမှ မလုပ်သေးဘူး။ နောက်ထပ် ၁ဝ-၁၅ ရက်လောက် စောင့်ကြည့်ရအုံးမယ်” ဟု ရန်ကုန်ရှိ TATA Sky ဂြိုဟ်တုစလောင်း သွင်းကုန်အရောင်းဆိုင်မှ အရောင်းစာရေး ကိုညီညီနိုင်က မဇ္စျိမကို ပြောသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပန်းပုပြပွဲ ရုပ်ထုများကို ၀န်ကြီးချုပ်က ရောင်းချရန် တားမြစ်ဆရာစံပလာဇာတွင် ကျင်းပနေသော နာဂစ်လွန်မြန်မာအနုပညာနှင့် ပန်းပုအရောင်းပွဲတော်တွင် ပန်းပုရုပ်များ ၀ယ်ယူ၍မရကြောင်း ဈေးဝယ်သူများက ပြောသည်။
မည်သည့်အကြောင်းကြောင့် ပန်းပုရုပ်များကို မရောင်းသေးကြောင်း ပြပွဲတာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခြင်းမရှိဟု သိရသည်။
အဆိုပါ ပန်းပုပြပွဲကို ကောင်းမြန်မာအောင်ကုမ္ပဏီနှင့် ဗဟိုသမ၀ါယမအသင်းလီမိတက်တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ပုဂ္ဂလိကမှလည်း ပါဝင်ပြသရောင်းချလျက်ရှိသည်။
ပုဂ္ဂလိကအရောင်းဆိုင်များမှာ နာဂစ်သစ်ပင်များကို ရန်ကုန်မြို့တော်စည်ပင်မှ တန်ချိန်ဖြင့်ဝယ်ယူကာ ပန်းပုထုလုပ် ရောင်းချခြင်းဖြစ်သည်။
ပြပွဲကို နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ဧပြီ (၃) ရက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပန်းပုရုပ်ထုများမှာ အမေရိကန်ဒေါ်လာ သောင်းဂဏန်းထိ တန်ဖိုးရှိကြောင်း ကောင်းမြန်မာအောင်ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြောသည်။
“လောလောဆယ် ၀န်ကြီးချုပ်က မရောင်းပါနဲ့အုံးလို့ ပြောပါတယ်ခင်ဗျာ” ဟု ၎င်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
မွန်ပြည်သစ် အဖွဲ့ဝင်ကို လုပ်ကြံသူဟု ယူဆရသူကို ရဲက ဖမ်းဆီးရမိ ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင်အား လုပ်ကြံသူဟု ယူဆရသူ ၃ဦးကို မော်လမြိုင် ရဲတပ်ဖွဲ့က ယခုလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိထားသည်ဟု ပါတီ တာဝန်ရှိသူတဦးက ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် မော်လမြိုင်မှ နေရပ်ကျေးရွာသို့ မော်လမြိုင်မှ ဆိုင်ကယ်ဖြင့် ပြန်နေစဉ် လမ်းခုလတ်၌ လူတစုက နိုင်မင်းနောင် (၄ဝ နှစ်) အား ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒိုင်းဝန်ကွင်းရပ်ကွက်တွင် နိုင်အောင်ချမ်းအဖွဲ့မှ တပ်ရင်းမှူး နိုင်အောင်မွန်နှင့် အဖွဲ့ဝင် ၃ ဦး အဖမ်းခံရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအခြေစိုက် မွန်သတင်းအေဂျင်စီက နိုင်မင်းနောင်အား လုပ်ကြံသူ ၃ ဦးကို ယမန်နေ့ ညက မော်လမြိုင်မြို့ လမ်းပေါ်တနေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံမှုထဲတွင် ပါဝင်သူ နောက်ထပ် ၂ ဦး ကျန်ရှိနေသည်ဟု ဖော်ပြထားသည်။
၂ဝဝ၈ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့နယ် ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၌ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ယခုလ ၁၈ ရက်နေ့တွင် သူသည် ဆန်ဝယ်ယူရန်အတွက် မော်လမြိုင်ရှိ ဘဏ်တခုမှ ကျပ်ငွေ ၁၈ဝ သိန်း ထုတ်ကူကာ သူ နေထိုင်ရာ ကျေးရွာသို့ ပြန်လာစဉ် မုဒုံလမ်းပေါ်ရှိ ဖားအောက်နှင့် ရိုးဂိုးကျေးရွာအကြားတွင် လုပ်ကြံခံရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
စောဌေးမောင်၏ စွပ်စွဲချက်ကို ပြန်လှည် ရှင်းလင်း
ယမန်နေ့ ညက ထုတ်လွှင့်သည့် မြ၀တီရုပ်မြင်သံကြားအစီအစဉ်တွင် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ စောဌေးမောင်က ကေအန်ယူအပေါ် စွပ်စွဲပြောဆိုချက်များ အခြေအမြစ်မရှိကြောင်း ပြန်လည်ဝင်ရောက်လာသူများက ရှင်းလင်းပွဲတရပ်ပြုလုပ်သည်။
ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲကို ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့များမှ ကေအန်ယူအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာကြသူ (၂၇) ဦးက ရှင်းလင်းခဲ့ကြသည်။
စောဌေးမောင်က ကေအန်ယူထံ ပြန်သွားကြသည့် ကရင်ခွဲထွက်အဖွဲ့များမှ လူများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ ဦးဆောင်ကာ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြသည်ဟု ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောလှကျော်ကလည်း “ကျနော်ပြန်လာတာ (၁) နှစ်ပြည့်တော့မယ်။ ပြန်လာတဲ့လူတွေကို ဘယ်သူမှ မသတ်ဘူး။ အားလုံးရှိကြတာပဲ။ အခု စောဌေးမောင်ပြောတဲ့ ကိစ္စက နအဖ ပြောခိုင်းလို့ ပြောရတာဖြစ်တယ်။ သူက အသက်လည်းကြီးပြီး အမှတ်သညာလည်း မကောင်းတော့ဘူး” ဟု ပြောသည်။
ကရင်ခွဲထွက်အဖွဲ့အစည်းအသီးသီးမှ ပြန်လာကြသည့် အဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိစာရင်းအရ (၇၀) ခန့်ရှိပြီး ၎င်းတို့ဆန္ဒအတိုင်း ကောင်းရောင်းကောင်းဝယ် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်ဟု ပြန်ဝင်ရောက်လာသူတဦးက ပြောသည်။
ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-3 စသည့် ရုပ်သံလိုင်းများမှ ညစဉ် ကေအန်ယူအဖွဲ့အား ထိုးနှက်ပုတ်ခတ်သည့် အစီအစဉ်များကို တင်ဆက်လျက်ရှိသည်။
အဓိက ထိုးနှက်ပုတ်ခတ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များမှာ ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏သား စောနေစိုးမြ၊ စောဌေးမောင်နှင့် သမီးဖြစ်သူ နော်ကပေါ်ထူးတို့ ဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုဇာဂနာ ဆေးကုသခွင့် မရ နယူးဒေလီ (မဇ္ဈိမ) ။ ။ ဟာသပညာရှင်နှင့် ဒါရိုက်တာ မောင်သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနား ထောင်တွင် အသည်းယောင် အသားဝါ ဖြစ်နေရာ၊ ယနေ့အချိန်ထိ လိုအပ်သည့် ဆေးဝါးကုသခွင့် မရသေးကြောင်း သိရသည်။
ယခုလ ၂၂ ရက်နေ့က မြစ်ကြီးနားထောင်သို့ ရန်ကုန်ရှိ မိသားစုဝင်တဦးက ထောင်ဝင်စာ သွားတွေ့ရာမှ ယခုလို သိခဲ့ရခြင်း ဖြစ်သည်။
ကိုဇာဂနာအား အာဏာပိုင်များက ၂ဝဝ၇ ခု စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာမှ ၃၅ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။
သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်သဖြင့် ထောင်ဆေးရုံတွင် ပြောင်းရွှေ့ ဆေးကုသခွင့် ရယူရေးအတွက် မြစ်ကြီးနား ထောင်အာဏပိုင်များထံမှ ယနေ့ နံနက်ပိုင်းက တင်ပြတောင်းဆိုခဲ့ကြောင်း မငြိမ်းက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ပြည်တွင်း၌ ငွေစက္ကူအကြွေ ရှားပါးပြည်သူများ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် ငွေစက္ကူအသစ်များ လဲလှယ်ထုတ်ပေးနေသည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြနေသော်လည်း လက်တွေ့တွင် ငွေစက္ကူအကြွေများ အလွန်ရှားပါးနေကြောင်း သိရသည်။
ထိုသို့ရှားပါးနေသည့်အတွက် ပြည်တွင်းသုံးငွေကို ပြည်တွင်းသုံးငွေနှင့် အလဲအထပ်ပြုနေသည့် ဈေးကွက်မှာ ပန်းဆိုးတန်း ခြောက်ထပ်ရုံးအနီးတွင် စည်ကားနေသည်ဟု ငွေအလဲအထပ်ဆိုင်ဖွင့်ထားသူတဦးက ပြောသည်။
တပ်မတော်အစိုးရက နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနောက်ပိုင်းတွင် (၅၀၊ ၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁,၀၀၀) ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေးအဖြစ် ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ သည့်မတိုင်မီက ထုတ်ဝေခဲ့သည့် (၄၅၊ ၉၀) ကျပ်တန် ငွေစက္ကူများသည် ဖျက်သိမ်းခြင်းမဟုတ်ဘဲ လုံးဝပျောက်ကွယ်သွားပြီး (၅၀၊ ၁၀၀၊ ၂၀၀) ကျပ်တန် များမှာလည်း ရှားပါးသွားကာ အဟောင်းအနွမ်း၊ အစုတ်အပြဲများဖြင့် ပြည်တွင်း၌ လှည့်ပတ်သုံးစွဲခဲ့ရသည်။
အဆိုပါ (၅၀၊ ၁၀၀၊ ၂၀၀) တန် ငွေစက္ကူအကြွေများကို (၅၀၀) တန်၊ (၁,၀၀၀) တန်များဖြင့် မိန်းကလေးများက ကားဂိတ်များတွင် စပယ်ယာများထံမှ ညနေငွေမသွင်းမီ လဲယူကာ ရရှိသည့် ငွေစက္ကူအကြွေများကို ခြောက်ထပ်ရုံး ၀န်းကျင်ရှိ အထိုင်အ၀ယ်သမားများက တိပ်ဖြင့်ဖာထေးဆက်စပ်ကာ အုပ်စည်းဖွဲ့ကြကြောင်း ဆိုင်သမားတဦးက ပြောသည်။ ယင်းသို့ ငွေအပိုအဆောင်း အလဲအထပ် လုပ်နေသည့်ဆိုင်များ ရှိနေခြင်းကြောင့်သာ ပြည်တွင်းသုံးငွေ အကြွေတွေ တိုင်းပြည်တွင် လည်ပတ်နိုင်ခြင်းဖြစ်ပြီး အဟောင်းဖျက်ဆီး အသစ်ပြန်ထုတ်စနစ်က ပြည်တွင်းငွေကြေး လည်ပတ်မှု ဈေးကွက်ကို လုံလုံလောက်လောက် အထောက်အကူမပေးနိုင်ကြောင်း အငြိမ်းစားဘဏ် အရာရှိတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ကိုမင်းကိုနိုင် ဂွမ်ဂျူးဆု ရရှိ ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယားနိုင်ငံမှ အမြင့်မားဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ချီးမြှင့်လိုက်သည်။
Gwangju Prize for Human Rights ဆုကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ “May 18 Memorial Foundation” အဖွဲ့မှ ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ် ဆုရှင်အတွက် မြန်မာနိုင်ငံမှ ကိုမင်းကိုနိုင်၏ အမည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မေလ ၁၈ ရက်နေ့တွင် ဂွမ်ဂျုံးမြို့ရှိ May 18 Memorial ခန်းမဆောင်တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အတူ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုတံဆိပ်ပါ ရွှေပြားနှင့် ဂုဏ်ထူးဆောင် လက်မှတ်တို့ကို ပေးအပ်မည် ဖြစ်သည်။
ဂွမ်ဂျူးဆုကို ၂ဝဝဝ ခုနှစ်မှ စတင် ပေးအပ်လာခဲ့ပြီး အရှေ့တီမော ခေါင်းဆောင် ဇာနာနာ ဂတ်စ်မားအိုး ရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ပါကစ္စတန်မှ မစ္စတာ မူနီးယား မာလစ် ကို ပေးအပ်ခဲ့သည်။ အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၂ဝဝ၄ ခုနှစ်က ပေးအပ်ခဲ့သည်။
“May 18 Memorial Foundation” အဖွဲ့ကို ဝမ်ဂျူးမြို့မှ ကျောင်းသားများက ကိုရီးယားသမ္မတ ချန်ဒူးဝမ်၏ အာဏာရှင်စနစ်ကို ၁၉၈ဝ ခုနှစ် မေလ ၁၈ ရက်နေ့မှ စတင်၍ တော်လှန်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ တောင်ကိုရီးယား အစိုးရက အဓိက ထောက်ပံ့ပေးနေသည်။
“May 18 Memorial Foundation” အဖွဲ့ကို ဝမ်ဂျူးမြို့မှ ကျောင်းသားများက ကိုရီးယားသမ္မတ ချန်ဒူးဝမ်၏ အာဏာရှင်စနစ်ကို ၁၉၈ဝ ခုနှစ် မေလ ၁၈ ရက်နေ့မှ စတင်၍ တော်လှန်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ တောင်ကိုရီးယား အစိုးရက အဓိက ထောက်ပံ့ပေးနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဧပြီလ ၂၅ ရက်
ရက်သတ္တပတ် ၁၇ ၊ ၂၀၀၉
မြန်မာသတင်း
ပျောက်ဆုံးနေသော အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦး အင်းစိန်ထောင်တွင် ရောက်ရှိ ချင်းမိုင် (မဇ္ဈိမ)။ ။ ဖမ်းဆီးခံရပြီး တလကျော် ပျောက်ဆုံးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးမှ ၃ ဦးသည် ယခုလအတွင်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
ပြီးခဲ့သည့်လအတွင်း အဖမ်းခံရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်း)၊ ဦးရွှေဂျိုး (လှိုင်)၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံ) နှင့် ဦးကြည်လွင် (တောင်ဒဂုံ) တို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရဘဲ ပျောက်နေရာ ယခုလ ၂ဝ ရက်နေ့ကမှ အင်းစိန်ထောင် သီးသန့်ဆောင်သို့ ရောက်ခဲ့ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိခဲ့ရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
မြန်မာနိုင်ငံအတွင်း ရေအား လျှပ်စစ် စီမံကိန်းအတွက် အိန္ဒိယကုမ္မဏီ NHPC ဆောင်ရွက်ဖွယ်
မြန်မာ နှင့် ဘူတန် နိုင်ငံများတွင် ရေအား လျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ ဟိုက်ဒရို အလက်ထရစ် NHPC ကုမ္မဏီက ကြေညာလိုက်သည်။
အိန္ဒိယနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီး သည် နိုင်ငံအတွင်း ရေအား လျှပ်စစ်စီမံကိန်း အတွက် အကြီးမားဆုံး ကုမ္မဏီကြီး အဖြစ် ရပ်တည် လျက်ရှိသည်။ အိန္ဒိယ ရူပီးငွေ (၄၃၀) ဘီလျံမျှထိ ကုန်ကျဖွယ် ရှိသော စီမံကိန်းများ ကို မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်သွားရန် ညှိနှိုင်းနေကြောင်း ကုမ္မဏီ အကြီးအကဲ ဂက်က သတင်းထောက်များထံ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အတွင်း ရေစီး အားကောင်းသော မြစ်ချောင်း အင်းအိုင်များ ပေါများခြင်းကြောင့် ရေအား လျှပ်စစ် စီမံကိန်းအတွက် ကောင်းမွန်သော အရင်းအမြစ်များ ပင်ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် ကွင်းဆင်း လေ့လာမှုများ ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂက် ကဆိုသည်။
ထို့အပြင် အိန္ဒိယ အစိုးရထံမှ ခွင့်ပြုမိန့် ကိုလည်း ရယူဦးမည်ဟု ဂက်က ပြောကြား သွားသည်။ NHPC အနေနှင့် အိန္ဒိယ နိုင်ငံ အတွင်း ရေအား လျှပ်စစ် သာမက နေ နှင့် လေ တို့မှ စွမ်းအင် ထုတ်နိုင်ရန်ပါ ကြံဆဆောင်ရွက် နေကြောင်း သတင်း ရရှိသည်။
( လူထုအသံမှ ကောက်နှုတ်ချက် )
+++++