Sunday, March 25, 2012

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်




လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။

မိမိအနေဖြင့် လက်ရှိကာလတွင်
`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များနှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။

မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသော အဖြစ်မှန်များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူ တစ်ဦးတယောက်၊ တသင်းတဖွဲ့ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်း
ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ

(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများ အားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေ အသီးသီးမှ ရောက်ရှိလာသော ရှစ်လေးလုံး သပိတ် တိုက်ပွဲဝင်ကျောင်းသား၊ လူငယ်၊ လူကြီးအပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသော စခန်းများကို အခြေခံ၍ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတကို ၁၉၈၈ ခုနှစ်
နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။

၈၈ ကျောင်းသား လှုပ်ရှားမှုအတွင်း တည်ရှိခဲ့သော ကျောင်းသားအုပ်စု အသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို့ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသော သက်တမ်းအတွင်း အရေးပေါ် ညီလာခံတရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း
တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင် ဖွဲ့စည်းခဲ့သလို ကျောင်းသား အမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်
သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲများလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။
`မကဒတ´ ကို တဆင့်ပိုမို ကျစ်လစ် ခိုင်မာစေသော ဒုတိယအကြိမ် ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဌ၊ မိမိက ဒု-ဥက္ကဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ်
မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါသည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန်
ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာသော ကာလလည်းဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများနှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာပြည် နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာ စင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ် တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်းဆောင်မှု တိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသောဂိုဏ်းကွဲ အုပ်စုမှ လက်နက်နှင့် ၀ိုင်းခဲ့သည့် ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ
၁၉၉၀ ရွေးကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည့်အပေါ်မိမိအား စေ့စပ် ကြေအေးရေး အတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ့ စွပ်စွဲ တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့် ဗဟိုကော်မတီ အကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်း အခြေပြုရာ ဘုရားသုံးဆူ စခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယအကြိမ် ညီလာခံတွင် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့်အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင် နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ် ကြေအေးရေး အတွေးအခေါ်သမားများ
လွှမ်းမိုးနေသည် ဟူသော စွပ်စွဲ တိုက်ခိုက်မှုဖြင့် ယာယီ တော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည့် စင်ပြိုင် လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့် ၀ိုင်းခဲ့သည့် ကိစ္စကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့် အခြေအနေများလည်း ရှိနေပါသည်။

ဤယာယီ တော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။
သံလွင်စခန်းတွင် စတင် ကျင်းပ ပြုလုပ်ခဲ့သော မကဒတ တတိယ အကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ့ (နေ့လည်ပိုင်း) အစည်းအဝေးတွင် တပ်ရင်း(၂၀၈) ယာယီ တော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူး ကိုမျိုးသန်.က ယာယီ တော်လှန်ကော်မတီ၏ နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန် ကိုယ်တိုင်
ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။

ဤအခြေအနေများအောက်တွင် ကျင်းပခဲ့ရသော ထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း (မြောက်ပိုင်း ကော်မတီ ကိုယ်စားလှယ်) တို့လည်း ယင်းညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ် ရွေးချယ် တင်မြောက်ခံရသည့် ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည့် အချိန်အထိ ယခင် ဗဟို ကော်မတီဟောင်းတွင် တာဝန်နှင့် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိပါသည်၊
မြောက်ပိုင်းကိစ္စနှင့် တတိယ အကြိမ်ညီလာခံ ( သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့
၁၉၉၁ခုနှစ်) သံလွင် စခန်းညီလာခံအတွင်း တင်းမာမှုများေ ပ်ါပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူသူလျှိုများကို ဖေါ်ထုတ် ဖမ်းဆီး ရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟို ကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း
ညီလာခံ ခန်းမအတွင်း၌ ထုတ်ဖေါ် ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို့က အပြင်းအထန် ကန်.ကွက် ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူများလည်း ပိုမို ကြီးထွားလာခဲ့ပါသည်။
မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ် ရွေးချယ် တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာ ကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည့် အချိန်အထိ ယခင် ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိပါသည်။ သို့ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း
အနေဖြင့် မည်ကဲ့သို. ပြန်လည် ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံ ကိုယ်စားလှယ် တဦးသာဖြစ်သည့် မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်း ဗဟိုကို ကြေးနန်း တစောင် ပြန်ကြားခဲ့သည်ဟုသာ
မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည် ကြားသိခဲ့ရပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံ ရေးဆွဲရေး အဖွဲ့၊ ရှေ့လုပ်ငန်းစဉ် ရေးဆွဲရေး အဖွဲ.နှင့် စစ်ရေး လမ်းစဉ် ရေးဆွဲရေး အဖွဲ့ဆိုသည့် အလုပ်အဖွဲ့ (၃)ဖွဲ့ကို ဖွဲ့စည်းပေးပြီး ညီလာခံကို ခေတ္တ ရပ်နားခဲ့ပါသည်။ လုံခြုံရေး အခြေအနေအရ (၁၃)ရက်နေ့တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံ ကောင်မရှင်တို့၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်တွင်
မာနာပလော၌ ညီလာခံကို ဆက်လက် ကျင်းပခဲ့ပါသည်။
မာနာပလောတွင်လည်း  ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက် ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နားလိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ် တင်မြှောက်ပွဲပြုလုပ်မည့် စက်တင်္ဘာ(၂၈) ရက်နေ့တွင် ကိုမိုးသီးဇွန်တို့ဘက်က အများစု၏ လျို.၀ှက် ဆန္ဒမဲဖြင့် ရွေးချယ်မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို
ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီ တပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြားဝင်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ် တဦးစီ ပါဝင်သော အဖွဲ့က ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်ခဲ့ကြပါသည်။

ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည် ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟု စွပ်စွဲ ဖမ်းဆီးခံရပြီး ထွက်ပြေး လွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာ ရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ (မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ (၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော်
အပါအ၀င် ဗဟိုကော်မတီဝင် (၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက် စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန့် သေဆုံးသွားပြီး ဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးလာသူ (၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရ ရေဒီယိုမှ တဆင့် ညီလာခံ ကိုယ်စားလှယ်တချို့ ကြားသိ ခဲ့ရပါသည်။
မဟာမိတ်များမှလည်း မိမိတို့၏ အခြေအနေကို ညှိနှိုင်းပေးရင်း လက်ပမ်းကြလာပြီး သံလွင်စခန်းတွင် ပြန်လည် ပြုလုပ်ကြရန် ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက် ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီး အနေဖြင့် ပြဿနာများ ဖြေရှင်းရင်းနှင့်အကွဲအပြဲ ဖြစ်သည်အထိ ရောက်ရှိသွားသောကြောင့် မြောက်ပိုင်းကိစ္စကိုအလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများ အနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။


မိမိတို့ အနေဖြင့် ညီလာခံ ဆက်လက် ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်မည်ဟု ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သော အဖွဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူ စခန်းမှ ခွဲထွက်သွားသော အဖွဲ့များ၊ ယာယီ တော်လှန်ကော်မတီ အဖွဲ့များနှင့် ပထမအကြိမ် ညီလာခံ သက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်းတချို့ ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့် ညီလာခံတခုကို စင်ပြိုင် ကျင်းပပြု လုပ်ခဲ့ပါသည်။
မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံ ကိုယ်စားလှယ် အများစုနှင့် ညီလာခံကို ဆက်လက် ကျင်းပပြီး တတိယအကြိမ် ညီလာခံ သက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။

ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။ ညီလာခံ ပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလော တစ်ဝိုက်ရှိ စခန်းများ ထိုင်းဖက်ကမ်းသို့  ရွှေ့ပြောင်းနေရပြီး၊ ယနေ့ DKBAဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်း ကူညီ ဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည် စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေး တွေ့ရှိချက်များ အမြန်ဆုံး ပေးပို့ပါရန်နှင့် မိမိတို့ ဗဟိုကော်မတီ၏ ဗဟို ဆုံးဖြတ်ချက် မပါဘဲ မည်သည့် အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက် ထူထောင်ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတ မြောက်ပိုင်း၌
စပိုင်များကို သတ်ဖြတ် အရေးယူလိုက်သည်ဆိုသော ကိစ္စပါလာကြောင်း မိမိတို့ ဘန်ကောက်ရုံးမှ ပေးပို့သည့် ကြေးနန်း မိမိတို့တောတွင်း ဌာနချုပ်သို့ ရောက်ရှိလာချိန်မှာ ဤကိစ္စကို မိမိတို့ သိရှိရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ် မတ်လ ၁
ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက် နိုင်ငံခြားရေးရုံးမှ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ (၁၇)ရက်နေ့တွင် ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့ တောင်ပိုင်း ဗဟိုအနေနှင့် ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း
အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီဖြေရှင်း ပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါသည်။

၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီ တခုလုံးအား ယုံကြည်ရန် ခက်ခဲနေခြင်းကြောင့် ၎င်းတို့၏ ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေး တွေ့ရှိချက်များအရ မကဒတ မြောက်ပိုင်း ကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။
မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်း ပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှ လက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံ မလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။

မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ
မသိရသေးသော်လည်း မကဒတ အကွဲအပြဲနှင့် ရန်သူ့ သူလျှိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန် သတိကြီးစွာဖြင့် ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ် ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲ တိုက်ခိုက်ခံနေရသဖြင့် ပိုမို သတိထားရပါသည်။ ဗဟို ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုး
မလုပ်သင့်ကြောင်း၊ ရန်သူ့သူလျှို ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်းတွင် သူ့တူမဖြစ်သူတစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြား ကမ်းလှမ်းလာသောကြောင့်
မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို့သွားရောက်ရန် စီစဉ်ခဲ့ပါသည်။

ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း(သို့မဟုတ်) အခြား သင့်တော်ရာ ပုံစံတခုဖြင့် လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင် ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီတောင်းခံခဲ့သော်လည်း အိမ်ရှင် တရုတ်နိုင်ငံ၏ သဘောဆန္ဒ မပါဘဲ မဆောင်ရွက်နိုင်ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍
ကိုင်တွယ် ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။

 နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကို ဖြတ်၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း သိရှိခဲ့ရပြီးနောက် မကဒတ အနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသော အသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊
ဗိုလ်မှူကြီး စိုင်းလိတ် (SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။

ကချင် ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း

KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။ မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက် ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။


မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေး အရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့် အဖွဲ့တွင်းနှင့် ပြည်တွင်း ပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ၊ တောင်ပိုင်း ဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊အခက်အခဲများကို နားလည် လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်း ဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှု ရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံ ပစ္စည်းများ ထုတ်ပြခဲ့ပါသည်။
မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့် မြောက်ပိုင်း စစ်ဒေသတွင် တပ်ရင်းသစ်များ ဖွဲ့စည်းထူထောင်ရန် မကဒတ တောင်ပိုင်း (ဗဟို)မှ တာဝန်ပေး စေလွတ်ခဲ့သော ရဲဘော်များအနက် ဖမ်းဆီးခံရသူ တချို့တို့ကို မြောက်ပိုင်း တာဝန်ခံ ရဲဘော် တချို့ရှေ့မှောက်တွင် မေးမြန်းခွင့် ရရှိခဲ့ပါသည်။ ထို့နောက် မိမိမှ မြောက်ပိုင်း ဗဟိုကော်မတီနှင့် အခြေအနေ တစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။

- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊
- သို့သော်လည်း ဤမျှ များပြားသည့် အရေအတွက်ဖြင့် ထိုးဖေါက် ၀င်ရောက်သည်ဆိုသည့် အချက်မှာလည်း လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊
- ရန်သူ၏ စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီး ခံထားရသူများအား ဘေးကင်းရာ နေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း
ဆွေးနွေးတင်ပြခဲ့ပါသည်။

မြောက်ပိုင်းမှ လုံခြုံရေး အနေအထားအရ ချက်ခြင်း လွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတ အပေါ် နားလည်မှု မလွဲစေရန် ဆက်လက် ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံ ရဲဘော်များအား သံခြေကျင်းများ မခတ်ရန်၊ စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခြား ရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။

ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏ တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူတပါတည်း ထည့်ပေးလိုက်ရန် မြောက်ပိုင်းဗေဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။
မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများ ပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန် ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီ တင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်
မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။

မိမိ ပြန်လည်ထွက်ခွာပြီး (၃/၄) ရက် အကြာ မေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံ နေရသူအားလုံး ထွက်ပြေး လွတ်မြောက်သွားပြီဖြစ်ကြောင်း ကြားသိရပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေအနေကို သဘောထား ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်တင်ပြ အစီရင်ခံခဲ့ပါသည်။

 မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေး စီမံချက်ဖြစ်သည့် ရေလှိုင်း စီမံချက်ကို စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏ တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို့ ထုတ်ပြန်ထားသည့်  တည်ဆဲဥပဒေအရ မိမိတို့ဗဟိုကော်မတီ၏ သဘောထားမပါဘဲ အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို့ ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရ
တာဝန်ခံပြီး ဦးဆောင် ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက် စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကို အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိ
ပညာပေးမူများ ဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့် ကင်းလွတ်သော တရားစီရင်ရေး စံနစ်တစ်ရပ် ဖော်ထုတ် ကျင့်သုံးရန်တို့ကို ဆုံးဖြတ်ခဲ့ကြပါသည်။

မိမိ မှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်းတို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်းတို့နှင့် တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ့အခွင့်အရေး၊ နိုင်ငံရေး အံတုမှု သင်တန်းများ သွားရောက် ပို့ချပေးနိုင်ခဲ့ပါသည်။မြောက်ပိုင်းမှ ရဲဘော်များကိုလည်း တောင်ပိုင်းတွင် ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြား သင်တန်းများတွင် ပါဝင် တက်ရောက် စေခဲ့ပါသည်။

မြောက်ပိုင်းကိစ္စနှင့် ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ နှစ်ဦးမှ တပ်ဖွဲ့ဝင် အများအပြား ထပ်မံ အဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များကို အသေအချာ သတိထား စီစစ်ခဲ့ပြီး ၎င်းတို့  ၂ဦးအပေါ် မှန်ကန် မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးခဲ့ပါသည်။

ကျန်ရှိနေသော မေးခွန်းများ
၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်း က်ာမတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ဗဟို ကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသော လက်နက်၊ ဆက်သွယ်ရေး ကိရိယာများနှင့် ဆက်သွယ်ရေး ဝှက်စာများ)မှာ တစ်ယောက်ချင်း ခွဲခြားစစ်ဆေးထားခြင်း ဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ ဤကိစ္စ စတင်ပေါ်ပေါက်ရခြင်းမှာလည်း မကဒတ မြောက်ပိုင်းတပ်မှ ထွက်ပြေးသော တပ်ပြေး တယောက်ကို မြောက်ပိုင်း ကော်မတီက ပြန်လည် ဖမ်းမိရာမှ အစပြု ပေါ်လာခြင်း ဖြစ်ပါသည်။

တချို့ရေးသား ပြောဆို နေကြသကဲ့သို့ မြောက်ပိုင်း ကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊ သတ်လုပ်ခြင်းတော့ မဟုတ်ပါ။ ရန်သူ့ ထောက်လှမ်းရေး အဖွဲ့ အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို
အချင်းချင်း ချိတ်ဆက်ပေးရမည့် မိမိတာဝန် အောင်မြင် ပြီးဆုံးပြီ ဖြစ်သဖြင့် ပြည်တွင်းသို့ ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေး ရဲဘော်က ၀န်ခံထွက်ဆိုရာမှ ဆက်လက် ဖေါ်ထုတ် အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက် ၀င်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင်ရောက်ခြင်း မရှိနိုင်ဘူးလားဟု မေးလျှင် ဖြစ်နိုင်မှန်း လူတိုင်း နားလည်နိုင်ပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက် ၀င်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေး အင်အားစုများ၊ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့် သင်တန်းပေးထားသူများကို တာဝန်ပေး စေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း
စစ်အာဏာရှင် စနစ်အောက်တွင် ရှင်သန် ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ ရှစ်လေးလုံး လူထု အရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထု လူတန်းစား
အလွှာ အသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံဖြင့် ထိုးဖေါက် ၀င်ရောက်ခဲ့ကြပြီး အဖျက်အမှောင့် လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည့် သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။

 မဆလ စစ်အစိုးရ ခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို့ကို ခွဲခြားသိရှိနိုင်ရန် အလွန် ခက်ခဲမည်ကို တွေးတော ဆင်ခြင်ကြည့်နိုင်ပါသည်၊
(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင် ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊
ခေါင်းဖြတ် သတ်လိုက်သည်များကို အရေးမယူဘူးလား၊
မြောက်ပိုင်း ကိုယ်စားလှယ်များ၊ ဗဟိုသို့ ရောက်လာခြင်းများ ရှိခဲ့ကြသော်လည်း မိမိတို့ တောင်ပိုင်း ဗဟိုမှ ၎င်းတို့ထံ ရောက်ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသတွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။ တတိယအကြိမ် ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သော အုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှုနှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့်
အုပ်ချုပ်နေခြင်း ဖြစ်ပါသည်။

 မြောက်ပိုင်း ကိုယ်စားလှယ်များ တောင်ပိုင်း ဗဟိုသို့ ရောက်ရှိ လာခြင်းများ ရှိသော်လည်း တောင်ပိုင်း ဗဟိုကော်မတီဝင်တွင် ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်း တင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်း ဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။

မိမိ ဧပြီလ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ် မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကို ယုံတချက်၊ မယုံတချက် ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်းဖွယ်ရာများ သိလာကြရခြင်း ဖြစ်ပါသည်။

မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်း ကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူ ထိန်းသိမ်း ခဲ့ရခြင်း ဖြစ်သည်။ မိမိတို့ အကောင်းဆုံး လုပ်နိုင်ရန် ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်
`မကဒတ´ မြောက်ပိုင်းကို တောင်ပိုင်း ဗဟိုအောက်တွင် ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။

ဤကဲ့သို့ဝင်ရောက် ဆောင်ရွက်ခဲ့သည့်အတွက်ထင်သာ မြင်သာ ဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟို ကော်မတီနှင့် မြောက်ပိုင်း ကော်မတီ တို့အနေဖြင့် သိရှိ ခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။

မကဒတ မြောက်ပိုင်း ကိစ္စတွင် ၀င်ရောက် သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများ ရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူ စပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကို ပုံဖေါ်ရင်း အမှန်ကို မေ့သွား ဖုန်းကွယ်သွားသည့်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတနှင့် ကျောင်းသားတပ်မတော် ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန် ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။
မိမိတို့ အားလုံးသည် ပေးဆပ်ရပုံခြင်း မတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များ ဖြစ်နေပါသည်။ မိမိတို့အဖိနှိပ်ခံ ပြည်သူများ အချင်းချင်း ဆန့်ကျင်ဖက် ပုံစံဖြင့် ပြုမူ ဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုး စီးပွားအတွက် အမြဲ ဖြစ်နေပါလိမ့်မည်။

 ထို့ကြောင့် ...
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များ ထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေး သင့်ပါသည်။
(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊သီးခြား လွတ်လပ်သူများဖြင့် ဖွဲ့စည်း စစ်ဆေးသင့်ပါသည်။
(၃) ဆုံးရှုံး နစ်နာမှုများ တွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
မြောက်ပိုင်း သူလျိုများအား ဖမ်းဆီး အရေးယူသည့် ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများ အားလုံးကို မကဒတ ဥက္ကဋ္ဌဟောင်း တယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

အဖြစ်မှန် ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်း ဆောင်ရွက်ပေးပါမည်။

မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ အမှန်တကယ် သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့်လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။



လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်

1 comment:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog