Monday, July 13, 2009

သတင်းမှတ်စု ( ၂၇ )

ဇူလိုင်လ ၆ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးအခွင့်အလမ်းများ ဆုံးရှုံး ဟု ဘန်ကီမွန်းပြောကြား

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းများကို မြန်မာစစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်တောင်းခဲ့သည်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် မစ္စတာဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန်စိတ်ပျက်မိကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသည်မှလွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက်ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများကလက်ခံနိုင်ရန် လုပ်ဆောင်လိုသည့်ဆန္ဒရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာဘန်ကီမွန်းက ထည့်သွင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေးထားဟု နအဖသတင်းစာတွင် ဖေါ်ပြ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေး ထားပြီးဖြစ်ကြောင်း နအဖသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် မစ္စတာဂမ်ဘာရီ လာရောက်ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီးဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂဘက်က အသေးစိတ်ပြောဆိုခြင်းမပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင်ညှိနှိုင်းထားချက်များကို မြန်မာစစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် (၂) ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေးပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါကြောင်းဟု သုံးနှုန်းပြောဆိုသွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ် ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအား စစ်အစိုးရအနေဖြင့် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ဆောင်ရွက်သင့်သော်လည်း ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

နအဖစစ်အစိုးရသည် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း လိုက်နာမှုမရှိကြောင်း ဇူလိုင်လ (၄) ရက် ညနေတွင် ရန်ကုန် မြို့ မူးယစ်ဆေးဝါးပြတိုက်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဂျာနယ်များမှ သတင်းတာဝန်ခံများ၊ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်တွင်းမီဒီယာများက မေးခွန်းများ မေးခွင့်ရရန် မျှော်လင့်ခဲ့ကြသော်လည်း ဘန်ကီမွန်းကို မေးခွန်းများ မေးခွင့်မပေးကြောင်း ရှင်းလင်းပွဲတက်ခဲ့သည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်း နိမ့်ကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးယူထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ပေးထားသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၇ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်း ဖြစ်သည်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား

အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက် အားလုံးကို နအဖစစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီဖြစ်သည်ဟု အန်အယ်လ်ဒီပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲချမှတ်ရေးမှာလည်း ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီးပြောသော အားလုံးပါဝင်ခွင့်ရှိရေးနှင့် မစ္စတာဘန်ကီမွန်းပြောသော အားလုံးပါဝင်ခွင့်ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည်မဟုတ် ကြောင်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန် ဂျီမေးလ် အသုံးပြုသူများ အခက်ကြုံ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂူဂဲလ် google အင်တာနက်မှ အခမဲ့ ဝန်ဆောင်မှုပေးသော ဂျီမေးလ် Gmail များ အသုံးပြုရာတွင် အခက်အခဲဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် အသုံးပြုသူများက ပြောသည်။

ပြီးခဲ့သည့် ၄-၅ ရက်ခန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ ဂျီမေးလ် အသုံးပြုသူများက မေးလ်လက်ခံစာများ ဖတ်ရန်၊ သို့မဟုတ် စာပို့ရာတွင် အခက်တွေ့နေရခြင်း ဖြစ်သည်။
ဂျီမေးလ်ဖွင့်ကာ Inbox ကို နှိပ်အပြီး ၁၀ စက္ကန့်အကြာတွင် Error ဟူ၍ ပေါ်လာပြီး ပြန်ဖွင့်မရသည်မှာ ၅ ရက်ခန့် ရှိနေပြီဖြစ်ကြောင်း ဂျီမေးလ်အသုံးပြုသူ ရန်ကုန်ဒေသခံတဦး အဆိုအရ သိရသည်။

သို့သော် ရန်ကုန်တိုင်းအတွင်းရှိ တချို့မြို့နယ်များတွင်မှု ဂျီမေးလ်များကို အသုံးပြု၍ အဆင်ပြေနေပြီ ဖြစ်သည်။

ယခုလို ဂျီမေးလ်အသုံးပြုမှု ခက်ခဲချိန်သည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ၂ ရက်ကြာ ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဇူလိုင် ၇ ရက်၊ ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ

စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ကျင်းပသည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) မှ တာဝန်ခံ ကိုမင်းနိုင်က စစ်အာဏာရှင်စနစ်နှင့် တဆက်တည်း ပေါ်ပေါက်လာသည့် ကျောင်းသားလှုပ်ရှားမှုကို ရည်စူးပြောကြားခြင်းဖြစ်သည်။
ကျောင်းသားစိတ်ဓာတ်၊ သမဂ္ဂစိတ်ဓာတ်ကို ကျောင်းသားအဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်သွားရန် လိုအပ်ကြောင်း သိရှိနိုင်ရန်အတွက် အခမ်းအနားဖြစ်မြောက်ရေးကော်မတီက ယခုကဲ့သို့ နှစ်စဉ်အခမ်းအနားများ ကျင်းပခြင်းဖြစ်သည်ဟုလည်း ကိုမင်းနိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၌ မနက်ဖြန်တွင် ထပ်မံ ဆွေးနွေးသွားမည်ဟု သိရသည်။

ဤသည်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် စတင်အဆိုပြုခဲ့သည့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းသည် ၅ ကြိမ်မြောက် ဖြစ်မည်။

“ကျနော်တို့နဲ့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ၈ ရက်နေ့မှာ မြစ်ကြီးနားမှာ ဆွေးနွေးမယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ စီစဉ်နေတုန်းဆိုတော့ တွေ့မယ့် အပိုင်းကိုပဲ ပြောနိုင်သေးတယ်” ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

မနက်ဖြန် ဆွေးနွေးပွဲသည် မေလ ၃ဝ ရက်နေ့တွင် KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ကိုင်တွယ်ရန် ဖွဲ့စည်းထားသည့် ၇ ဦး ကော်မတီနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မည်။

ပထမအကြိမ် တွေ့ဆုံခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့ ဆွေးနွေးပွဲတွင် KIO က မြန်မာစစ်အစိုးရ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သဖြင့် မနက်ဖြန်တွင် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်အရေး ကိုင်တွယ်ရန် ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် ဗိုလ်မှူးကြီး ဇော်ယော် ကိုပါ အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်တင်းထားသဖြင့် ကော်မတီဝင်ပေါင်း ၈ ဦး ရှိသွားပြီ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၈ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ဖားကန့် ရေဘေးကယ်ဆယ်ရေး မလုပ်နိုင်သေး၊ ရေဘေးများ အခက်အခဲကြုံနေရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဇူလိုင် (၅) ရက်က စတင်၍ ဒေသတခုလုံး ရေကြီးခဲ့ရာ လူအများအပြားသေဆုံးပြီး အိုးအိမ်အမြောက်အမြား ရေနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့အချိန်အထိ မပြုလုပ်သေးကြောင်း ဒေသအတွင်းကလာသည့် သတင်းများအရ သိရသည်။

ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျသွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိနေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့်ကိုယ်သာ ရှင်းလင်းနေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေးကယ်ဆယ်ရေးအကူအညီ ယခုချိန်ထိ ရောက်ရှိမလာသေးကြောင်း ဖားကန့်မြို့ခံတဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့မှစတင်၍ မိုးများဆက်တိုက်ရွာသွန်းပြီး နောက်ပိုင်း ဖားကန့်ဒေသအတွင်း ဥရုချောင်း၊ ဝေခါချောင်း အပါအဝင် ချောင်းအသီးသီးမှရေများ ရုတ်တရက်မြင့်တက်လာသလို မြေစာပုံများ ပြိုဆင်းမှုကြောင့် လူနေအိမ်အများအပြား ရေအောက်နစ်မြုပ်သွားသလို လူ (၃ဝ) ထက်မနည်း သေဆုံးသွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး


ချင်းမိုင် ။ ။ KNU ၏ လက်နက်ကိုင်တပ် KNLA မှ တပ်မဟာ ၇ ထိန်းချုပ်သည့် ဘားအံခရိုင်ရှိ နယ်မြေ ၂၅ ရာခိုင်နှုန်းခန့်ကို နအဖ နှင့် ဒီကေဘီအေ ပူးတွဲတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာ ၇ မှ ပြောက်ကျားတပ်များသည် ကျန်ရှိသည့် နယ်မြေ ၇၅ ရာခိုင်နှုန်းခန့်အနက် ၂၀ ရာခိုင်နှုန်းကျော်၌သာ ဝင်ထွက်လှုပ်ရှားနေကြောင်း KNU - ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုခြင်း ဖြစ်သည်။
ပီးခဲ့သည့် လဆန်းပိုင်းမှစ၍ နအဖ၊ ဒီကေဘီအေနှင့် KNU အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးများသည်လည်း ယခုအခါ အရှိန်လျော့သွားကာ၊ တိုက်ပွဲငယ်များသာ ကြိုကြား ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကာလတလျှောက် ဒီကေဘီအေ ဘက်မှ ၈၄ ဦး ကျဆုံး၍ ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ နအဖ တပ်ဖွဲ့များဘက်၌ ၁၀ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် KNU ဘက်မှ တဦးသာ ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမား ကျယ်ပြန့်လာ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာဈေးကွက်သည် တစထက်တစ ပိုမိုကြီးမားလာနေပြီး ပြည့်တန်ဆာလုပ်သူများ ပိုမိုများပြားလျက်ရှိသည်။

မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ်အဆောက်အအုံ၌ ရွှေမြို့တော် အအေးခန်းဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့် လပ်ကီးအနှိပ်ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။

ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့်နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး ပျော်ပါးလိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက ပြောသည်။ တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအပါအ၀င် လုံခြုံရေးအဖွဲ့အစည်းများအား ပြည့်တန်ဆာထိန်းများ က သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေးပေးဆောင်ကြရကြောင်း၊ တည လိုင်းကြေးစုစုပေါင်း (၁) သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။

နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ၊ ၂၀၀၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပိတ်သိမ်းလိုက်ရသောစက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့် မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့်များလာကြောင်း အဆိုပါ ပြည့်တန်ဆာထိန်းလူငယ်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကရင် ဒုက္ခသည်များအား စခန်းပြောင်းရန် စီစဉ်

လာမည့်သုံးရက်အတွင်း နောင်ဘိုးဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၃၅၅) ဦးသည် နောင်ဘိုးရွာတောင်ခြေသို့ ပြောင်းရွှေ့နေထိုင်ကြရမည်ဖြစ်သည်။

အဆိုပါနေရာသည် ထိုင်းအာဏာပိုင်များက သဘောတူခွင့်ပြုသည့် ဧက (၃၀) ခန့်စီရှိ မြေနေရာနှစ်ခုဖြစ်ပြီး ဒုက္ခသည်များကို နောင်ဘိုးကျေးရွာ ရွာသူကြီးနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏အစီအစဉ်ဖြင့် ပြောင်းရွှေ့ပေးမည်ဖြစ်သည်။

နောင်ဘိုးဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို ကူညီမှုပေးနေသည့် လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “အခြေအနေအရ ဟိုဘက်ပြန်ဖို့ မရဲသေးဘူး။ အခု နောင်ဘိုးတောင်ခြေမှာ ဧက (၃၀) မြေနေရာ (၂) ခုမှာ အားလုံးလာပြီး ပေါင်းနေဖို့ စီစဉ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခင်က ထိုင်းအာဏာပိုင်များ၊ ယူအန်အိတ်ခ်ျစီအာ၊ တီဘီဘီစီ၊ ကေအာစီ၊ အိုင်အာစီနှင့် အခြား အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သဘောတူထားသည့် ထီးနိုခို့နေရာကို ထိုင်းအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ဖျက်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ

နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးက ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည့်အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

ယခုလ ၃ ရက်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာတွင် အရေးကြီးသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးရန် အချိန်လုံလောက်မှု မရှိသည့်အပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ၄ ယောက်စလုံးက လုံးဝ ကျေနပ်အားရမှု မရှိဘူးလို့ ပြန်ပြောကြတယ်။ မစ္စတာ ဘန်ကီမွန်းကိုလည်း ဒီလိုအရေးကြီးတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ပြောဆိုဆွေးနွေးဖို့ အချိန်မလုံလောက်ဘူးလို့ သူတို့ ပြောခဲ့တယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “ဟဲလို၊ ဘိုင့်ဘိုင် ပြောတာနဲ့တင် ၃-၄ မိနစ် ပြည့်သွားပြီလေ” ဟု ပြောသည်။

CEC အဖွဲ့ဝင်များထဲမှ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနှင့် ဦးလှဖေက မစ္စတာ ဘန်ကီမွန်းနှင့် ၁ဝ မိနစ်ကြာ သီးခြားပြောဆိုခွင့်ရရှိရာ NLD က အချက် ၄ ချက် တင်ပြခဲ့သည်။

၎င်းအချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၉ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ပထမဆုံး A (H1N1) တုပ်ကွေး တွေ့ရှိရသူ ဆေးရုံမှ ဆင်းပြီ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိရသူ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

လူနာနှင့် ဆက်စပ်ပတ်သက်မှု ရှိနေသူများသည်လည်း ရောဂါကူးစက်ခြင်း မရှိသဖြင့် ၎င်းတို့အား “ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ” ရုတ်သိမ်းခဲ့ကြောင်းလည်း သတင်းစာ၌ ဖော်ပြထားသည်။

မိန်းကလေးငယ်၏ မိသားစုဝင်များ၊ စာဖတ်ဝိုင်းမှ သူငယ်ချင်းများ၊ ဆရာမ စုစုပေါင်း ၁၃ ဦး၊ စင်္ကာပူမှ သူမ လိုက်ပါလာသည့် လေယာဉ်မှ ဝန်ထမ်းများနှင့် ခရီးသည် စုစုပေါင်း ၉၁ ဦး၊ ရန်ကုန်လေဆိပ်မှ တာဝန်ကျဝန်ထမ်း ၁၅၉ ဦး တို့အား ရောဂါရှိမရှိ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခုအခါ ရောဂါကူးစက်နိုင်ခြေရှိသောကာလ ၁ဝ ရက်ကျော်လွန်ပြီဖြစ်၍ ယခုလ ၆ ရက်မှစ၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ရုတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သတင်းစာထဲတွင် ဖော်ပြထားသည်။

သို့သော် ရောဂါတွေ့ရှိရသည့် မိန်းကလေးငယ်အား ဓာတ်ပုံသွားရောက်ရိုက်ယူခဲ့သူ Weekly Eleven ပြည်တွင်းဂျာနယ်မှ သတင်းထောက် ကိုဝင်းမြင့်ကျော်အား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ရုတ်သိမ်းမှု ရှိမရှိကိုမူ ရှင်းလင်းစွာ ဖော်ပြခြင်း မတွေ့ရပေ။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် အပြင်ထွက်ခွင့်ရ

တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မကြာမီရက်ပိုင်းက အပြင်ထွက်ခွင့်ရသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇူလိုင် (၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီးဟောင်း၏ဇနီး ဒေါ်ခင်စန်း၏ ဈာပနသို့ လာရောက် နာရေးမေးမြန်းခဲ့စဉ် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေးခရီးစဉ်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စီစဉ်ပေးခြင်းဖြစ်ကာ နာရေးအိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးအပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း

နယူးဒေလီ ။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက မြန်မာနိုင်ငံသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်လည်ပတ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျ သဘာပတိသည့် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံသို့ လည်ပတ်လိုသည်ဟု ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး၏ အဆိုအရ သိရသည်။
သို့သော်လည်း ထိုင်းဝန်ကြီးချုပ်မှ ကမ်းလှမ်းထားသည့် ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသေးစိတ် မှတ်ချက်ပေးရန် သူက ငြင်းဆိုသည်။ ဤခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်အသစ်၏ သံခင်းတမန်ခင်း ခရီးစဉ်တခုသာဖြစ်ကြောင်း ထိုင်းအစိုးရ သတင်းရပ်ကွက်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည်

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရုံးများတွင် e- Telegram ခေါ် အင်တာနက်သုံးပြီး ကြေးနန်းပို့နိုင်သည့်စနစ် စတင်ကျင့်သုံး တော့မည်ဖြစ်သည်။

ယခု ကျင့်သုံးမည့် e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်ကြောင်း ကမ်းနားလမ်း စာတိုက်ကြီးရုံးမှ အကြီးတန်းအရာရှိတဦးက ပြောသည်။ ယခု e- Telegram စနစ်တွင် ကိုယ့်ဘာသာကိုယ် အင်တာနက်အီးမေးလ် အသုံးပြုနိုင်သူများအနေဖြင့် ကြေးနန်းရုံး သွားစရာမလိုဘဲ မြန်မာ့ဆက်သွယ်ရေးက ထုတ်ရောင်းသည့် Pre-paid Card Account ကတ်ကိုသုံးပြီး www.etelegram.net.mm ဝက်ဘ်ဆိုက်သို့ဝင်ကာ user name နှင့် password ဖြည့်ပြီး ကိုယ်ပို့ချင်သည့် လိပ်စာကို ကိုယ်ရေးချင်သည့် စာရိုက်ထည့်ပေးပို့နိုင်ကြောင်းလည်း သိရသည်။

ထိုသို့ပေးပို့လိုက်သည့် မေးလ်သည် သက်ဆိုင်ရာ မြို့နယ် စာတိုက်ကြေးနန်းရုံးသို့ ရောက်သွားပြီး ပရင့်အောက်ထုတ်ကာ လိပ်စာရှင်ထံ စာပို့သမားက စာရွက်နှင့် ပို့ပေးမည့် စနစ်ဖြစ်သည်။

သို့သော် မြန်မာတနိုင်ငံလုံး ကြေးနန်းရုံးပေါင်း (၇ဝဝ) ကျော်ရှိသည့်အနက် ကွန်ပျူတာအင်တာနက် သုံး၍ရသည့် ရုံး (၇ဝ) ခန့် တွင်သာ ယခုစနစ် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မူလ ကြေးနန်းရုံးရှိရာ ဒေသ (၁ဝ) ရာခိုင်နှုန်းခန့်တွင်သာ e- Telegram စနစ်ကို အသုံးပြုနိုင်မည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လက်ဖက်အချို့ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့်ပြု

ချင်းမိုင်(မဇ္ဈိမ)။ ။ ဓာတုဆိုးဆေးပါဝင်၍ ပိတ်ပင်ထားခံခဲ့ရသည့် လက်ဖက် အမျိုးအစား အချို့အား ဆိုးဆေး ကင်းရှင်းကြောင်း ထောက်ခံချက်များ ထုတ်ပေးကာ ရောင်းချခွင့် ပေးလိုက်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ကပြောကြားလိုက်သည်။
မန္တလေးမြို့အခြေစိုက် နာမည်ကြီး အရီးတောင်း၊ ရွှေတုပ်၊ ရည်မွန်တို့နှင့် ရန်ကုန်မှ ယုဇန၊ ပင်ပျိုရွက်နု တို့ အပါအဝင် စုစုပေါင်း အမှတ်တံဆိပ် (၁၀) မျိုးခန့်အား ထောက်ခံချက်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ဖက် အမှတ်တံဆိပ် ၁၀၀ ကျော်၌ အဝါရောင်ဆိုးဆေး Auramine O ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ၂ လ ခန့်အကြာတွင် ယခုကဲ့သို့ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ထောက်ခံချက်ပေးနိုင်ရန် စစ်ဆေးရာတွင် လက်ဖက်အတွင်း၌ ဓါတ်တုဗေဒပစ္စည်းပါဝင်မှု ရှိမရှိ သာမက ဆိုင်ခန်းသန့်ရှင်းရေး၊ လုပ်ငန်းလုပ်နေသူများ၏ ကျန်းမာရေး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ အလုပ်ရုံအနေအထား စသည်တို့ကိုလည်း ထဲ့သွင်းစဉ်းစားသည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပန်ဆိုင်းရဲများ ပစ်ခတ်၍ ကယ်ရီသမားလူငယ် ၂ ဦး သေဆုံး

ဇူလိုင် (၇) ရက် ညပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအတွင်းရှိ အိမ်တအိမ်တွင် ပန်ဆိုင်းမြို့မှ ရဲများရောက်ရှိနေစဉ် ဆိုင်ကယ် ကယ်ရီသမားများက ဝင်ရောက်တိုက်ခိုက်ရာ ရဲများကပြန်လည်ပစ်ခတ်ခဲ့သဖြင့် လူငယ်နှစ်ဦးပွဲချင်းပြီး သေဆုံးသွားသည်။

မူဆယ်မြို့နယ်အတွင်းရှိ (၁ဝ၅) မိုင်နှင့် ပန်ဆိုင်းအကြား နမ့်တောင်းကျေးရွာရှိ အိမ်တအိမ်တွင် စခန်းချပြီး ဖြတ်သန်း သွားလာနေကြသည့် မှောင်ခိုကယ်ရီသမားများထံမှ ငွေတောင်းခံနေကြသည့် ရဲသား (၅) ဦးခန့် ရောက်ရှိနေစဉ်အတွင်း ဆိုင်ကယ် ကယ်ရီသမားအချို့က အိမ်အတွင်းသို့ဝင်ရောက်ပြီး ဓားဖြင့်ခုတ်ရန်ကြိုးစားသဖြင့် ရဲများက သေနတ်ဖြင့် ဝိုင်းပစ်၍ ဆိုင်ကယ် ကယ်ရီသမား တရုတ်လူငယ် (၂) ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မူဆယ်ဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘင်္ဂလားနယ်စပ်တွင် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိ

ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသည်ဟု ယုံကြည်ရသော ဘိန်းဖြူ ၂ ကီလိုဂရမ်ခန့်ကို နှစ်နိုင်ငံ နယ်စပ်ဒေသ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ယခုတပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်လုံခြုံရေးတပ် သတင်းရပ်ကွက်နှင့် မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။

ယခုလ ၄ ရက်နှင့် ၇ ရက်နေ့တွင် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ တက္ကနာနှင့် ကော့စ်ဘဇာမြို့သို့ သွားရောက်ရာ ကားလမ်းပေါ်ရှိ နယ်စပ် လုံခြုံရေးတပ် BDR စစ်ဆေးရေး ဂိတ်များက တကြိမ်လျှင် တကီလိုခန့် ဝင်ဆန့်သည့် ဘိန်းထုပ်တထုပ်စီကို မော်တော်များပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

၎ ရက်နေ့တွင် 'ဒုံးဒုံးများ' အမည်ရှိ BDR နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်၌ ရှာဖွေရရှိကြောင်း ဂိတ်တာဝန်ကျ BDR တပ်သားတဦးက မဇ္ဈိမကို ပြောဆိုသလို၊ ၇ ရက်နေ့တွင် ဝိုက်ကျောင်းအမည်ရှိ BDR ဂိတ်၌ သိမ်းဆည်းရမိကြောင်း မျက်မြင်သက်သေ ဝိုက်ကျောင်းရွာသားတဦးကလည်း ပြောသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများမှာ မြန်မာဘက်မှ ဝင်ရောက်သော ဘိန်းဖြူများဖြစ်ကြောင်း တက္ကနာမြို့မှ ထောက်လှမ်းရေး တဦးက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် မိုးရာသီ၌လည်း လျှပ်စစ်အပြည့်အ၀မရ

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သည့် မိုးတွင်းကာလရောက်နေသော်လည်း ရန်ကုန်မြို့တွင် နွေရာသီကဲ့သို့ပင် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ပေးဝေနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးအဖွဲ့ အကြီးတန်းအရာရှိကြီးတဦးက ဇူလိုင်လတွင် လျှပ်စစ်မီးအပြည့်အ၀ရရှိမည်ဟု ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် ပြီးခဲ့သည့်မေလကုန်တွင် ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ယခင်အတိုင်း လျှစ်စစ်မီးကို အချိန်ပိုင်းဖြင့် ပေးနေသည့်အပြင် မီးအားအပြည့်မရဘဲ မီးပျက်သည်ကများနေကြောင်း မြို့ခံများက ပြောသည်။

ရေအားလျှပ်စစ်ဖြင့် ရန်ကုန်မြို့တွင် မီးပေးဝေရန် အဆင်သင့်ဖြစ်နေကြောင်း၊ သို့သော် အမှတ် (၂ ) လျှပ်စစ်ဝန်ကြီးက မပေးဝေရဟု အမိန့်ထုတ်ပြန်ထားကြောင်း၊ မည်သည့်အကြောင်းကြောင့် တိတိကျကျ မပြောနိုင်သော်လည်း အထက်မှ အမိန့်ကြောင့်ဟု ခန့်မှန်းနိုင်ကြောင်း ရန်ကုန်မြို့လျှပ်စစ်ပေးဝေရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက် ပမာဏမှာ မြန်မာတနိုင်ငံလုံးသုံးစွဲမှု၏ ထက်ဝက်ကျော်ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့၏ တရားဝင်စာရင်းများအရ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းသွားချင်သူများ ကော့သောင်းတွင် ဘတ် ၃ ထောင်ထိ ပေးရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများက ကော့သောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူပွဲစားများအား ဘက်ငွေ ၃၀၀၀ ထိ ပေးနေရသည်။

ကော့သောင်း တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်ခြင်း မပြုနိုင်ရန် အာဏာ ပိုင်များက ဖွဲ့ထားသော တားဆီးရေးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း မခံရစေရန် ပွဲစားများမှ တဆင့် လဝက၊ ရဲတို့ကို ငွေပေးနေရခြင်းဖြစ်သည်။
ပွဲစားနှင့် ကြိုတင်အချိတ်ဆက် မရှိသူများသည် ဖမ်းဆီးခြင်းခံရပြီး နေရပ်ရင်းသို့ လာလမ်း အတိုင်း ပြန်ပို့လျက်ရှိသည်။

ကော့သောင်းမှတဆင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ မသွားရောက်နိုင်ရန် တားဆီးရ မည်ဟု အမိန့်ထုတ်ထားသော်လည်း လာဘ်ငွေယူ၍ လွှတ်ပေးနေမှုများကို အထက်အရာ ရှိများ သိရှိသွားသဖြင့် ဝန်ထမ်းများကို နေရာရွှေ့ပြောင်းမှုများ မကြာခဏ ပြုလုပ်လေ့ ရှိနေသည်။
ကော့သောင်းမြို့သို့လာရာ လမ်းတလျှောက်တွင်လည်း လုံခြုံရေးဂိတ်များ အဆင့်ဆင့် ဖြတ်သန်းရပြီး ဂိတ်ကြေးများအဖြစ် ဂိတ်အသေးဖြတ်လျှင် ကျပ် ၁၀၀၀-၂၀၀၀ ပေးရပြီး၊ ဂိတ်ကြီးများတွင်မူ အနည်းဆုံး ကျပ် (၁-၂) သောင်း တောင်းကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၀ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရုံးချိန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် သောကြာနေ့က ပြုလုပ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့သို့ သတ်မှတ်လိုက်သည်။

သူမကို ထောက်ခံသူ အများအပြား အင်းစိန်ထောင်ရှေ့သို့ သွားရောက် စောင့်ဆိုင်းနေခဲ့ကြပြီး လုံထိန်းရဲများနှင် လက်နက်ကိုင် စစ်သားများကလည်း အဆင်သင့်ရှိနေချိန် တရားခွင်ကို ပြုလုပ်ခဲ့သည်။

ခေတ္တခဏသာ ကြာမြင်သည့် တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဒုတိယမြောက် သက်သေ ဒေါ်ခင်မိုးမိုးကို ရုံးထုတ်ခဲ့သော်လည်း ထွက်ဆိုခွင့်မရဘဲ ရုံးချိန်းရက်သာ ပေးလိုက်ခြင်း ဖြစ်သည်။

အစောပိုင်းကတော့ တရားဆိုင်ဘက်က တင်ပြထားသော အခြားသော သက်သေ နှစ်ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးကလည်း ပယ်ချလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒုတိယမြောက် A( H1N1 ) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားသူ နောက်ထပ်တဦး ထပ်မံတွေ့ရှိကြောင်း စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ကြေညာသည်။

အဆိုပါရောဂါတွေ့ရှိသူမှာအသက် (၂၀) အရွယ် အမျိုးသားဖြစ်ကြောင်းနှင့် ၎င်းသည် ဇူလိုင် (၆) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ်အမှတ် FD 3770 ဖြင့် ပြန်လာခဲ့ကြောင်း ယမန်နေ့ ညနေသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်တွင် အဆိုပါအမျိုးသားမှာ ဇူလိုင် (၇) ရက် မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက်တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေအိမ်ကိုသွားရောက်ကြည့်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဆေးရုံ၏ သီးသန့်လူနာခန်းတွင် ထားရှိကာ ပြည်သူ့ကျန်းမာရေးဌာနက စမ်းသပ်စစ်ဆေးချက်အရ New Influenza A(H1N1) ရောဂါရှိသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

ရောဂါတွေ့ရှိသောသူနှင့် အတူလေယာဉ်စီးလိုက်ပါလာသော ခရီးသည် (၁၀၄) ဦး၊ လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို လိုက်လံရှာဖွေလျက် စောင့်ကြပ်ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ် ကရင်အဖွဲ့တခုဖြစ်သော ဟောင်သရောအဖွဲ့ (KPF) မှ တပ်ရင်း (၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်များ အား ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒအရ လာရောက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ငြင်းဆိုလိုက်သည်။

“ဒု ဗိုလ်မှူးကြီး မန်းလေးဝါး” နှင့် အဖွဲ့ဝင်တချို့ကို KNLA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ် (မြိုင်သာယာ) တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီး လိုက်သည်ဟု KPF နှင့် နီးစပ်သူများကို ကိုးကား၍ ထိုင်းနယ်စပ်အခြေစိုက် ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း “တပ်ရင်းမှူးစောလေးဝါး” နှင့်အဖွဲ့အား KNLA တပ်ဖွဲ့ ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းတွင် ဖမ်ဆီးလိုက်သည်ဟု KNU နှင့် နီးစပ်သူများ ကို ကိုးကား၍ ရေးသားထားသည်။

ဒုဗိုလ်မှူးကြီး မန်းလေးဝါး အဖွဲ့ထံမှ RPG (၁) လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂) လက်၊ ပစ်စတို (၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို KNLA က သိမ်းဆည်းသွားကြောင်း ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

သို့သော် ဗိုလ်မှူးစောလှငွေကမူ လာပူးပေါင်းသည့် အင်အားမှာ (၃ဝ) ခန့်ရှိပြီး ၎င်းတို့နှင့်အတူ RPG၊ AK-47၊ M-16 အပါအဝင် လက်နက်စုံ (၂၁) လက်နှင့် စကားပြောစက် (၅) လုံးခန့် ပါလာ သည်ဟုဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မုံဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ကျောင်းတက်သူ ဦးရေ ထက်ဝက်ခန့်လျော့ကျ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကျောင်းသားအချို့ သေဆုံးခဲ့သောကြောင့် ယခုသီတင်းပတ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ လျော့ကျသွားကြောင်း မြို့ခံများက ပြောသည်။

ဇွန်လကုန်ပိုင်းမှစ၍ မော်လမြိုင်ဆေးရုံကြီး၌ တုပ်ကွေးရောဂါဖြစ်ပွားနေသည့်ကလေးငယ် အများအပြားရှိနေပြီး အများစုမှာ ကော့ကရိတ်၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့မှဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ယခုနှစ်တွင် မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူများ ယမန်နှစ်ကထက် များပြားပြီး သွေးလွန်တုပ်ကွေးကြောင့် ကျောင်းသားအချို့ သေဆုံးမှုများဖြစ်ပွားနေချိန်သည် မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါစွဲကပ်သူတဦး တွေ့ရှိကြောင်း အစိုးရက တရားဝင်ကြေညာခဲ့ပြီးနောက်ပိုင်း ရောဂါကာကွယ်ရေး သတိပေးချက်များ အဆက်မပြတ်ထုတ်ပြန်နေချိန်ဖြစ်သည့် အတွက် မုဒုံမြို့တွင် ကျောင်းသားအချို့ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသွားသည်ဟူသော ကောလာဟလသတင်း များလည်း ထွက်ပေါ်နေသည်။

ထိုသို့သတင်းများထွက်ပေါ်နေသည့်အတွက် ကျောင်းသားမိဘများက စိုးရိမ်ကာ ကျောင်းသားများအား ကျောင်းသို့ စေလွှတ်ရန် ငြင်းဆန်နေခြင်းကြောင့် ယခုအခါ မုဒုံမြို့ အမှတ် (၁) နှင့် အမှတ် (၂) အ.ထ.က ကျောင်းများတွင် ကျောင်းသားဦးရေ (၅၀) ရာခိုင်နှုန်းခန့် လျော့ကျသွားကာ စာသင်ကြားရန် မဖြစ်နိုင်တော့ကြောင်း မုဒုံမြို့ အမှတ် (၂) အထက်တန်းကျောင်းမှ ကျောင်းဆရာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပုစွန်လုပ်ငန်းမှ ဆားငန်ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး

ရန်ကုန်။ ။ ရေငန်ပုစွန်ဖမ်း လုပ်ငန်းများက အဆင်အခြင်မဲ့ ရေအထုတ်အသွင်း လုပ်သဖြင့် လယ်များအတွင်း ရေငန်ဝင်သောကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပြင်စလူကျွန်းပေါ်တွင် လယ်မြေအများအပြား စပါးစိုက်မရကြောင်း ဒေသခံများအဆိုအရ သိရသည်။

ယခုနှစ်တွင် လေလံပစ်၍ လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းရှင်များက ကျွန်းကို ဆားငန်ရေ ဝင်ရောက်မှုကို ဟန့်တားနိုင်ရန် ပြုလုပ်ထားသည့် ပတ်တာ (ကျွန်းကို ပတ်ပတ်လည် ကာရံထားသည့်တာ) ကို ဖွင့်၍ ရေသွင်းရေထုတ် ပြုလုပ်ကာ ပုစွန်ဖမ်းသဖြင့် လယ်များအတွင်း ဆားငန်ရေဝင်ကာ ပျက်စီးကုန်ခြင်း ဖြစ်သည်။ အရာရှိ ရှင်းအီမှာအို Shin _mao က “အနည်းဆုံး ကီလိုမီတာ ၁၀၀၀ လောက် တာပေါင်ပြင်ဖို့ ဒါမှမဟုတ် ပင်လယ်ရေ မဝင်နိုင်အောင် ပိုပြီးမြင့်အောင်ဖို့ဘို့ လိုအပ်နေပါတယ်။ အခုကတော့ ကီလိုမီတာ ၁၀၀ လောက်ပဲ ကောင်းကောင်း ပြင်ရသေးတာပါ” ဟု ဆိုသည်။

လယ်မြေများအတွင်း ဆားငန်ရေ ထပ်မံ၍ မဝင်ရောက်နိုင်ရေးအတွက် ကြိုတင်လုပ်ဆောင်ထားရန် အရေးကြီးသလို၊ ကုန်ကျငွေအားဖြင့် အနည်းဆုံး ဒေါ်လာသန်း ၁၀၀ လိုအပ်နိုင်ကြောင်းနှင့် ဆားငန်ရေ ဝင်ရောက်မှုကြောင့် လယ်မြေများသာမက အရေးကြီးသည့် ရေအရင်းအမြစ်များပါ ပျက်စီးရကြောင်း သူက ဆက်ပြောသည်။

ဖျာပုံမြို့နယ်ရှိ လယ်သမားတဦးကမူ သူတို့၏ မြို့နယ်တဝိုက်တွင် ဆားငန်ရေ ဝင်ရောက်သည့် အန္တရာယ်ကို ကြိုတင် ကာကွယ်ထားသဖြင့် စပါးခင်းများ ပျက်စီးခြင်း မရှိကြောင်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာငွေဈေးကျသဖြင့် မြန်မာဆန် အ၀ယ်လိုက်

မြန်မာငွေဈေးကျသဖြင့် မြဝတီမှထိုင်းဘက်သို့ တရားမဝင် မြန်မာဆန်တင်သွင်းသူများ အကျိုးအမြတ်ပိုမိုရရှိလာသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နှစ် နှစ်လယ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ် (၃.၆၀) အထိ မြန်မာငွေ ဈေးမြင့်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာကုန်ပစ္စည်းများကို ပမာဏလျှော့၍ တင်သွင်းခဲ့ရာတွင် မြန်မာဆန်ကိုလည်း ဝယ်ယူ တင်သွင်းမှု လျှော့ချခဲ့သည်။

ယခုအခါ မြန်မာကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၂.၉၈) သာ ရှိတော့သဖြင့် ယခုလဆန်းမှစ၍ မြန်မာဘက်မှဆန်များကို ထိုင်းကုန်သည်များက နေ့စဉ် ဆန်အိတ်ရေ (၅,၀၀၀) ခန့် ပြန်လည်တင်သွင်းလျက်ရှိသည်။

ထိုင်းကုန်သည်ကြီးများက ထိုင်းဆန်နှင့်စာလျှင် ထက်ဝက်နီးပါးခန့်ဈေးချိုသည့် မြန်မာဆန်ကို တင်သွင်းပြီး ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာနိုင်ငံသားများနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများ၊ မုန့်တီစက်ရုံ၊ ဆန်ခေါက်ဆွဲနှင့် ဆန်ကြာဇံစက်ရုံများသို့ တဆင့်ပြန်လည်ရောင်းချကြသည်။

ကီလို (၅၀) ဝင်အိတ်ရေ မြန်မာဆန် အိတ်ပေါင်း (၁၀,၀၀၀) ခန့်ကို ထိုင်းဘက်သို့ ယမန်နှစ်၌ နေ့စဉ်တင်သွင်းခဲ့သော်လည်း မြန်မာငွေ တန်ဖိုးတက်သွားသဖြင့် ဆန်တင်သွင်းမှုကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီးနောက် မြန်မာငွေဈေး ပြန်ကျလာသည့် အတွက် ယခုလဆန်းမှစတင်ကာ မြန်မာဆန်များကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

တာ့ခ်ခရိုင် မဲဆောက်-မယ်လမ-ဖို့ဖ (၃) မြို့နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား (၃) သိန်းခန့်မှာ သုံးချိုးနှစ်ချိုးခန့် ဈေးချိုသည့် မြန်မာဆန်ကိုသာ ဝယ်စားကြကြောင်း မဲဆောက်မြို့မှ မြန်မာဆန် လက်လီလက်ကားရောင်းသူတဦးက ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++

ကျောက်ကုန်သည်များ ကူမင်းသို့ သွားရောင်း

ရွှေလီ (မဇ္ဈိမ) ။ ။ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ယနေ့မှစ၍ ကျင်းပသည့် ကျောက်မျက်ပွဲတော်သို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ကျောက်ကုန်သည်များ လာရောက်ပြသကြသည်။

၉ ရက်ကြာ ကျင်းပမည့် ကူမင်းမြို့ နိုင်ငံတကာ ကျောက်မျက်ပွဲတော်သို့ စီးပွားရေးလုပ်ငန်းရှင်နှင့် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးတေဇ ဦးဆောင်ကာ ကျောက်မျက် ကုမ္ပဏီများမှ ကုန်သည်ဦးရေ ၂၀ ခန့်လည်း လာရောက်ပြသခြင်း ဖြစ်သည်။
မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုနှင့် စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် ဦးတေဇက သူပိုင် Air Pagan လေယာဉ်ဖြင့် မြန်မာအသင်းဝင် အားလုံးကို အခမဲ့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ပြပွဲသို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကျောက်ကုန်သည်များကိုသာ အဓိက ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အသင်းဝင်နိုင်ငံ တချို့မှ ကျောက်ကုန်သည်များ လာရောက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ယခုနှစ်ပညာသင်နှစ် ၇ လသာရှိမည်ဟု ၀န်ကြီး ပြောကြား

၂၀၀၉-၂၀၁၀ အခြေခံပညာရေး စာသင်နှစ်ကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်ကာ စာမေးပွဲများကျင်းပရမည်ဟု နအဖစစ်အစိုးရ ၀န်ကြီးတဦး၏ပြောကြားချက်ကြောင့် ယခုနှစ်အတွက် စာသင်နှစ် (၇) လသာရှိနိုင်ကြောင်း မွန်ပြည်နယ် ပညာရေး အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်နေသည်။

သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်က ပြီးခဲ့သည့် ဇွန်လအတွင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ရေးမြို့နယ်၊ ခေါဇာမြို့ အထက်တန်းကျောင်း၌ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပညာရေးဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လပတ် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ အစည်းအဝေးပြုလုပ်ရာတွင် ယင်းသတင်း စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပညာရေးစနစ်သည် အဆိုးဘက်သို့သာ ဦးတည်စိုက်ကျနေသည်ဟု ကျိုက်မရောမြို့နယ်မှ အထက်တန်း ကျောင်းအုပ်ကြီးတဦးက မှတ်ချက်ပေးသည်။ မြန်မာနိုင်ငံတွင် မူလတန်းကျောင်းမှ အထက်တန်းကျောင်းများအပါအဝင် တနှစ်တာ ပညာသင်နှစ်အတွက် ပုံမှန်အားဖြင့် ဇွန်လမှ ဖေဖော်ဝါရီလအထိ (၉) လကျော် ကြာမြင့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

No comments: