Sunday, July 26, 2009

သတင်းမှတ်စု ( ၂၉ )

ဇူလိုင်လ ၂၀ ရက်
ရက်သတ္တပတ် ၂၉၊ ၂၀၀၉
မြန်မာသတင်း

မြန်မာ့အာဇာနည်နေ့ကို တိတ်တိတ်ဆိတ်ဆိတ် ကျင်းပ

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးအာဇာနည် ခေါင်းဆောင်ကြီးများကို ချီတက်အလေးပြုရန် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကြသူများကို အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ တနင်္ဂနွေနေ့က နှင်ထုတ်ခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်များနှင့် အာဇာနည်ကြီးများကို လေးစားကြည်ညိုသူ ပြည်သူများက အာဇာနည်ဗိမာန်သို့ တနင်္ဂနွေနေ့က သွားရောက်ခဲ့ကြရာ ယင်းတို့ကို အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်လာ၍ဟုဆိုကာ အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်သွားကြသော သူတို့၏ ပါတီဝင်အများအပြားကို အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့်မပြုဘဲ အာဏာပိုင်များက အပေါက်ဝမှ မောင်းထုတ်ခဲ့ကြသည်ဟု အန်အယ်ဒီ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နာရေးကူညီမှုအသင်းနှင့်သုခဆေးခန်း ပြောင်းရွှေ့ဖွင့်လှစ်

(၆၂) နှစ်မြောက် အာဇာနည်နေ့တွင် သုခဆေးခန်းနှင့် နာရေးကူညီမှုအသင်းရုံးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ် သို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ခေတ်ပြိုင်သို့ ပြောသည်။

မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် ကျပ် သိန်းနှစ်ထောင် ၀န်းကျင် ကုန်ကျသည့် နှစ်ထပ်ဆေးခန်း တခုသာ တည်ဆောက်နိုင်သေးပြီး နာရေးကူညီမှုအသင်းရုံးခန်း၊ လူနာနားနေဆောင်နှင့် နိဗ္ဗာန်ယာဉ်ပြုပြင်ခန်းများတည်ဆောက် ရန် ကျန်ရှိနေသည်။

နာရေးကူညီမှုအသင်းရုံးခန်းအပါအ၀င် လိုအပ်သည့်အဆောက်အဦများကို ဆက်လက်ဆောက်လုပ်ရန် ကျပ်သိန်းနှစ်ထောင် ကျော်ခန့် ထပ်မံလိုအပ်လိမ့်ဦးမည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗန်းမော်တွင် လက်နက်ကြီးများနှင့်အတူ တပ်အင်အား ဖြည့်တင်းနေ

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် စစ်အင်အား ဖြည့်တင်းလာသည်။

ဧရာဝတီမြစ်အတွင်း မန္တလေး-ဗန်းမော် ပြေးဆွဲသည့် သင်္ဘောကြီးတစီးသည် အရာရှိနှင့် စစ်သည်အင်အား ၁၀၀ ကျော်အား လက်နက်ကြီးများနှင့်အတူ တင်ဆောင်ကာ ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရပ်ကွက် ဆိပ်ကမ်းသို့ ယခုလ ၁၇ ရက်နေ့ ည ၉ နာရီခန့်တွင် ဆိုက်ရောက်လာခြင်း ဖြစ်သည်။

စစ်သားများထဲတွင် ၂ ပွင့်၊ ၃ ပွင့် တပ်ဆင်ထားသည့် အရာရှိများသည် သာမန်တပ်သားများထက် အရေအတွက် ပိုမိုများပြားကြောင်း နောက်ထပ် မျက်မြင်ဒေသခံ တဦးက ဆိုသည်။

ဤသည်မှာ ယခုလ ၈ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ် ကချင် လွတ်မြောက်ရေးအဖွဲ့ - KIO ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒုက္ခသည်ကရင်ကလေးငယ်များ စာသင်ကြားရေးအခက်တွေ့

စစ်ပြေးဒုက္ခသည် ကရင်ကလေးငယ်များ စာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထ စာသင်ဆောင်ဆောက်လုပ်ခွင့်ကို ဒေသခံ ထိုင်းအာဏာပိုင်များက ခွင့်မပြုသဖြင့် ကလေးငယ်များ စာသင်ကြားရေး အခက်အခဲဖြစ်နေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသတွင် နအဖနှင့်ဒီကေဘီအေအဖွဲ့များ၏ ထိုးစစ်များကြောင့် ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် (၄,၀၀၀) အနက် (၁,၈၀၀) ခန့်သည် နောင်ဘိုးရွာတွင် ယာယီခိုလှုံလျက်ရှိသည်။

စစ်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးလာသူများအနက် ကလေးငယ်များသည် ယခုနှစ် ပညာသင်နှစ်တွင် စာသင်ကြားခွင့် မရရှိကြသဖြင့် အနာဂတ်အတွက် များစွာနစ်နာဆုံးရှုံးရကြောင်း ကလေးငယ်များနှင့်အတူ ယာယီဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကျောင်းဆရာတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဇူလိုင်လ ၂၁ ရက်
ရက်သတ္တပတ် ၂၉၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီဆုချီးမြှင့်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မဟတ္တမဂန္ဒီဆုကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီကျင့်စဉ် ကျင့်သုံးသူများအား ချီးမြှင့်သည့် ၂၀၀၉ ခုနှစ်အတွက် ယခုဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်အာဖရိကနိုင်ငံ ဒါဗာမြို့တွင် ကျင်းခဲ့ခြင်းဖြစ်သည်။

အာဖရိက အမျိုးသားကွန်ဂရက်ပါတီအမတ်ဖြစ်သူ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏မြေးဖြစ်သူ အီလာဂန္ဒီ ဦးဆောင်သည့် ဂန္ဒီဖွံ့ဖြိုးရေးအဖွဲ့က ယခုဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံတွင် တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အမှတ်တရအဖြစ် ဆုကို ၂၀၀၃ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆုလက်ခံရယူခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လူထုကို လူထုနဲ့ တိုက်ရမယ်ဟု ပြည်ထဲရေးဝန်ကြီး ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ''လူထုကို လူထုနဲ့ တိုက်ရမယ်၊ နိုင်ငံရေးကို နိုင်ငံရေးနဲ့ တိုက်ရမယ်'' ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများနှင့် တွေ့ဆုံပွဲတခုတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ညွှန်ကြားခဲ့ကြောင်း မဇ္ဈိမက လက်ခံရရှိထားသည့် ညွှန်ကြားစာအရ သိရခြင်း ဖြစ်သည်။ စာမျက်နှာ ၆ မျက်နှာပါ ညွှန်ကြားစာတွင် NGO (အစိုးရမဟုတ်သောအဖွဲ့) များကို အစိုးရဘက် ပါလာအောင် မွေးမြူထားရန်၊ လူထုကို စည်းရုံးရန်၊ စစ်တပ်ကို ထိပ်တိုက်မတွေ့ရန်၊ ပြည်ထဲရေး ဝန်ထမ်းများ ဝင်ငွေတိုးရေး လုပ်ဆောင်ရန်နှင့် NLD ပါတီကို စောင့်ကြည့်ရန်လည်း ပါရှိသည်။

ပြည်ထဲရေးဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူထံမှ တောင်းမစားဘဲ အာဏာဖြင့် ဖမ်းဆီးစားသောက်ရမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သေးသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး
ဒု-ရဲအုပ် (၁) ဦးနှင့် ပွဲစား (၂၇) ဦးကို ဖမ်းဆီးထား


ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတို့ကို နေပြည်တော်မှအထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ပွဲစား (၂၇) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နျူကလီးယားအရေး မြန်မာက ရုရှနှင့် ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂ဝဝ၆ ခု ရုရှခရီးစဉ်အတွင်း ရုရှဝန်ကြီးချုပ်နှင့် ဆွေးနွေးရာ၌ မဂ္ဂါဝပ် ၁၀ သန်း ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အစီအစဉ် ပါဝင်ခဲ့ကြောင်း သိရသည်။

နအဖ ဒုဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ ပြည်ပ ခရီးစဉ်များနှင့် ပတ်သက်၍ မကြာသေးခင်က ပေါက်ကြားခဲ့သည့် လျှို့ဝှက် အစီရင်ခံစာများအရ လေ့လာ သိရှိရခြင်း ဖြစ်သည်။

ထိုခရီးစဉ်များသည် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အပါအဝင် စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အဓိကထားကြောင်း မဇ္ဈိမက ဖတ်ရှုခွင့်ရသည့် အစီရင်ခံစာများတွင် တွေ့ရှိရသည်။

ရုရှဝန်ကြီးချုပ် မစ္စတာ မီခေးလ်ဖရက်ကော့ဗ် ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်သော လူဦးရေ ၆၀ ပါ အဖွဲ့၏ ၂၀၀၆ ခု ဧပြီလ ၂-၆ ရက်နေ့ ရုရှား ခရီးစဉ်တွင် ဝန်ကြီးချုပ်အပြင် ရုရှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘယ်လ်လူယက်ဗ်စကီး၊ ရေနှင့် လေတပ်ဦးစီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီး၊ စက်မှုလုပ်ငန်းများ ဖြစ်ထွန်းနေသော စိန့်ပီတာစဘတ်မြို့ ဒုအုပ်ချုပ်ရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်
မြန်မာကို အာဆီယံတောင်းဆို

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပါတီအားလုံးပါဝင်နိုင်စေရန် ကျင်းပရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးတို့အတွက် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း အပန်းဖြေစခန်းတွင် ယမန်နေ့က ပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၌ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးကို ပါဝင်ခွင့်ပေးသင့်ကြောင်းလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရကမူ ပြင်ပမှဖိအားများနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကြေညာချက်တွင် အာဆီယံအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကြိုးပမ်းလုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည့်အပေါ်လည်း အသိအမှတ်ပြုပါကြောင်း ဖော်ပြပါရှိသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အာဆီယံ၏ လူ့အခွင့်အရေး ကြေညာစာတမ်းမူကြမ်း ဝေဖန်ခံနေရ

နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီး - အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးများက ဤအဖွဲ့ကြီး၏ လူ့အခွင့်အရေးအဖွဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ယနေ့တွင် အတည်ပြုကြမည် ဖြစ်သော်လည်း ဤလူ့အခွင့်အရေးအဖွဲ့သည် `စကားပြောပွဲ` သက်သက်မျှသာ မဖြစ်သင့်ကြောင်းဖြင့် လှုပ်ရှားတက်ကြွသူများက ဝေဖန်လိုက်ကြသည်။

ဤသို့ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတရပ်ကို အာဆီယံအဖွဲ့ကြီးက အစပြု ထူထောင်လိုက်ခြင်းမှာ အပြုသဘောဆောင်သော်လည်း စာရွက်ပေါ်တွင်သာရှိသော သဘောတူညီချက် သက်သက်မျှ မဖြစ်သင့်ကြောင်းဖြင့် နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ - Human Rights Watch ၏ မြန်မာပြည်ဆိုင်ရာ သုတေသီ ဒေးဗစ်စကော့မက်သီဆင် - David Scott Mathieson က ပြောကြားသည်။

ထိုင်းနိုင်ငံ အပန်းဖြေကျွန်း ဖူးခက်တွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဤအဖွဲ့ကြီး၏ အဖွဲ့သစ်ဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ Terms of Reference – ToF ကို ယနေ့တွင် ထောက်ခံ အတည်ပြုကြလိမ့်မည် ဖြစ်သည်။

ဤအဖွဲ့ကြီးက အဖွဲ့တွင်း လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတရပ် ထူထောင်ရာတွင် အကြီးမားဆုံးသော စိန်ခေါ်ချက်မှာ အဖွဲ့ဝင်နိုင်ငံအားလုံးက ဤအဖွဲ့အပေါ် အသေအချာ အာမခံရမည်ဖြစ်ပြီး အဖွဲ့ဝင်များအပေါ်လည်း သက်ရောက်မှု ရှိရမည်ဟု မက်သီဆန်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့်သူများတွင် ဒေါက်တာစင်သီယာမောင် ပါဝင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် ထိုင်းနိုင်ငံရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် တွေ့ဆုံမည်ဖြစ်ရာ ယင်းသို့တွေ့ဆုံမည့်သူများတွင် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ကြောင်း သိရသည်။

ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပတော့မည့် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မနက်ဖြန်တွင် တွေ့ဆုံရန်ရှိကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၂၂ ရက်
ရက်သတ္တပတ် ၂၉၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနှင့် မြောက်ကိုးရီးယား စစ်ရေးစပ်ယှက်မှု သတိပြုသင့်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်နွှယ်မှု ကြီးထွားလာခြင်းကို အလေးအနက်ထား အာရုံစိုက်သင့်ကြောင်း အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေး (ARF) သို့ တက်ရောက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားလိုက်သည်။

ယမန်နေ့က ထိုင်းဝန်ကြီးချုပ်မစ္စတာ အဘီဆစ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ရာတွင် မစ္စစ်ကလင်တန်က မြန်မာနှင့်မြောက်ကိုရီးယားအရေးကို အလေးထားပြောဆိုသွားခြင်းဖြစ်သည်။
------------------
မြန်မာနိုင်ငံအပေါ် မှုဝါဒ ပြောင်းလဲရန် အကြံပေး


မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားရာမှ ပြန်မလွှတ်ပေးပါက အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို အဖွဲ့အတွင်းမှ ထုတ်ပယ်ရန် စဉ်းစားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ယနေ့ပြောကြား လိုက်သည်။ မစ္စစ်ကလင်တန်သည် ယမန်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ယနေ့ပြုလုပ်မည့် အာဆီယံဒေသတွင်းလုံခြုံရေး အစည်းအဝေးတက်ရောက်ရန် ဖူးခက်မြို့သို့ မထွက်ခွာမီ မေးမြန်းခန်းတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကလေးစစ်သား စုဆောင်းနေဆဲဆိုသော အစီရင်ခံစာသစ် ထွက်ရှိ


ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာ့တပ်မတော်က အရွယ်မရောက်သေးသည့် ကလေးငယ်များအား စစ်သားအဖြစ် အဓမ္မ စုဆောင်းနေကြောင်း ဖော်ထုတ်ထားသည့် အစီရင်ခံစာ စာအုပ်အား ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ရိုးမ (၃) သတင်းဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

Child-Solider-Coverတနှစ်ခွဲခန့် အချိန်ယူ ပြုစုထားသည့် စာမျက်နှာ (၇၂) မျက်နှာပါ “မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေး စစ်သားများ” (Child Soldiers Burma’s Sons of Sorrow) အမည်ရှိ ယင်းအစီရင်ခံစာကို နယ်စပ်၌ သတင်းစာရှင်းပွဲ လုပ်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုင်းနယ်စပ်တို့ ထွက်ပြေးလာသည့် ကလေးစစ်သား ၂ ဦး၊ တပ်ကြပ်ကြီးတဦးနှင့် စစ်သားအဖြစ် စုဆောင်းခံထားရသည့် ကလေးများ၏ မိဘ ၄ ဦး တို့အား တွေ့ဆုံ မေးမြန်းထားချက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်း ဒညှင်းကုန်းမြို့နယ်ရှိ အမှတ် (၁)၊ မန္တလေးမြို့ရှိ အမှတ် (၂)၊ ရမည်းသင်းမြို့နယ်ရှိ အမှတ် (၃) စသည့် စစ်သား စုဆောင်းရေး တပ်များနှင့် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာအနီးရှိ အမှတ် (၉) စစ်အခြေခံ လေ့ကျင့်ရေး ကျောင်းများမှ ရရှိသည့် သတင်းနှင့် ဓါတ်ပုံများလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချက်အလက်များကို ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများ၊ တပ်မတော်အတွင်းမှ လက်ရှိ တာဝန် ထမ်းဆောင်နေသည့် စစ်မှုထမ်းများနှင့် စစ်မှုထမ်းဟောင်းများက သတင်းဌာနသို့ ပေးပို့ခဲ့သည်ဟု ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူသည့် ဥပဒေ အမေရိကန် အောက်လွှတ်တော်မှာ သက်တမ်းတိုး

မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ဆို့အရေးယူသည့် ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးရန် အမေရိကန်အောက် လွှတ်တော်က ယမန်နေ့၌ အတည်ပြုလိုက်သည်။

အဆိုပါဥပဒေတွင် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများအပါအ၀င် တွင်းထွက် ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို ဆက်လက်၍ အထက်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်သည်။

အဆိုပါ ဥပဒေသက်တမ်းတိုးရန် အောက်လွှတ်တော်အမတ်များ ကန့်ကွက်သူမရှိအတည်ပြုကြောင်း ထုတ်ပြန်ကြေညာ လိုက်ချိန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် အာဆီယံဒေသတွင်းအစည်းအဝေး တက်ရောက်ရန် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကလေးစစ်သား သတင်း ထုတ်ပြန်ရေး အမြင်ကွဲလွဲ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကလေးစစ်သားအရေး တိုင်ကြားမှုများအပေါ် ကလေး မလွတ်မြောက်လာသေးမီ သတင်းထုတ်ပြန်သင့်၊ မသင့် နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် ဒေသခံ တက်ကြွလှုပ်ရှားသူတို့ အမြင်ကွဲနေသည်။

မြန်မာနိုင်ငံတွင် ရုံးစိုက်ပြီး အရွယ် မရောက်သေးသူများကို စစ်သားအဖြစ် စုဆောင်းခြင်းခံရမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနေသော အိုင်အယ်အို ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က မီဒီယာများကတဆင့် သတင်းထုတ်ပြန်လိုက်လျှင် လွတ်မြောက်ရေးအတွက် နှောင့်နှေးမှာကို စိုးရိမ်သည်။ သို့သော် ” လမ်းပြကြယ်” အဖွဲ့မှ ဦးအေးမြင့်ကတော့ သတင်းထုတ်လျှင် ကလေးကို မြန်မြန်ရှာတွေ့သည်ဟု ဆိုသည်။ “ဒီလိုတိုင်ကြား ချက်အကြောင်း လူသိရှင်ကြား လုပ်လိုက်ပြီဆိုရင် ဒါကို နိုင်ငံရေး အရ လှုံ့ဆော်ပြီး လုပ်တယ်လို့ ယူဆပြီး ကျနော်တို့ရဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အလုပ်မှာ ပိုခက်ခဲသွားတာဘဲ ရှိပါတယ်။ ကလေး လွတ်မြောက်ဘို့ ပိုခက်ခဲသွားပါတယ်။” ဟု မြန်မာနိုင်ငံ ဆိုင်ရာ အိုင်အယ်လ်အို တာဝန်ခံ စတိမာရှယ်က ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ခွင့်ပယ်ချခံရ

အပြီးသတ်လျှောက်လဲချက်မူကြမ်းထပ်မံတင်ပြရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံရန်ရှိသည်ကို ထောင်အာဏာပိုင်များက တွေ့ဆုံခွင့် ပယ်ချခဲ့ကြောင်း အန်အယ်လ်ဒီပါတီမှ ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။ ထိုကဲ့သို့ တွေ့ဆုံခွင့်မပြုနိုင်သည်ကို ထောင်အာဏာပိုင်များဘက်က အကြောင်းပြချက်တစုံတရာ မပေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အပြီးသတ်လျှောက်လဲချက်အတွက် နှစ်ကြိမ်ညှိနိုင်းစဉ်က ပြင်ဆင်ဖြည့်စွက်မှုများစွာ ပြုလုပ်ခဲ့ရသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၂၃ ရက်
ရက်သတ္တပတ် ၂၉၊ ၂၀၀၉
မြန်မာသတင်း

ပါတီသည် လမ်းဆုံလမ်းခွတွင် ရှိကြောင်း ဦးဝင်းတင် ပြောဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် အသက်အရွယ် ကြီးရင့်လာခြင်းနှင့် ကျန်းမာရေး အခြေအနေအရ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

အသက်အရွယ်ကြီးကာ ကျန်းမာရေး ချို့ယွင်းမှုများကြောင့် လျှောက်လှမ်းရမည့် ပါတီဦးဆောင်မှုသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ သတင်းစာ ဆရာကြီးလည်း ဖြစ်သည့် ဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်နှင့် သခင်စိုးမြင့်သည် အသက်အားဖြင့် ၈ဝ နှစ်ကျော်များ ဖြစ်နေသဖြင့် မကြာခဏ ကျန်းမာရေးက ချူချာနေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လက်ဖက်ပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူမှား နစ်နာဆုံးရှုံးမှု အစီရင်ခံစာ ထုတ်ပြန်

မြန်မာအာဏာပိုင်များက လက်ဖက်ပြဿနာများအပေါ် မမှန်မကန်ကိုင်တွယ်မှုကြောင့် ရှမ်းပြည်နယ်တွင်းရှိ လက်ဖက်တောင်သူ (၅) သိန်းခန့် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း ပလောင်တိုင်းရင်းသားများအရေး ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များက ပြောသည်။

ယင်းအဖွဲ့က နအဖ၏ လက်ဖက်စားသုံးရန် တားဆီးပိတ်ပင်မှုကြောင့် လက်ဖက်တောင်သူများ နစ်နာဆုံးရှုံးရမှုများကို ဖော်ပြထားသည့် လက်ဖက်ဖျက်ပိုးအမည်ရှိ အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

လက်ဖက်များတွင် ကျန်းမာရေးထိခိုက်စေနိုင်သည့် ဓာတုဗေဒ ဆိုးဆေး (အော်ရာမင်းအို) ပါဝင်သောကြောင့် စားသုံးရန်မသင့်ဟု နအဖကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ် မတ်လတွင် ပိတ်ပင်ခဲ့သည်။ နမ့်ဆမ်မြို့နယ်အတွင်းရှိ ဒေသခံလက်ဖက်တောင်သူများနှင့် ကုန်သည်များ သိုလောင်ထားသည့် လက်ဖက်ပိဿာချိန် (၂) သိန်းကျော်ကို အာဏာပိုင်များက ဖျက်ဆီးခဲ့ရာ ကာလပေါက်ဈေး ကျပ်သိန်း (၄၀၀) ကျော် ဆုံးရှုံးခဲ့သည့် စာရင်းဇယားများကို လည်း အစီရင်ခံစာတွင် အတိအကျဖော်ပြထားသည်။

ဆေးဝါးသုံးစွဲမှု ရှိမရှိ စုံစမ်းစစ်ဆေးမှုမလုပ်ဘဲ လက်ဖက်မှန်သမျှကို သိမ်းယူဖျက်ဆီးခြင်းဖြစ်သော်လည်း နအဖအာဏာပိုင်များ နှင့် နီးစပ်သည့် လက်ဖက်ခြောက် စက်ရုံမှူး ဗိုလ်ကြီးသန်းထွန်း၊ ဦးခွန်ပွင့်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြလေးတို့၏ လက်ဖက်များ ဖျက်ဆီးခြင်းမခံရသည်ကို ဓာတ်ပုံမှတ်တမ်း စာရင်းဇယားများနှင့် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နောက်ဆုံး လျှောက်လဲချက်အတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခွင့်ရခဲ့သည်။

အမှုအတွက် ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။ အကျိုးဆောင်အဖွဲ့သည် အတိုက်အခံခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခွင့် မရခဲ့ပါ။ သို့သော် နောက်ဆုံး လျှောက်လဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် လိုအပ်နေသေးသဖြင့် တွေ့ဆုံခွင့်ပြုရန် ပြန်လည်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မွမ်းမံသင်တန်း (၁) လ တက်ရုံဖြင့် ဆရာဝန်မှတ်ပုံတင်ရမည်

ဆေးတက္ကသိုလ်ဘွဲ့ရများအနေဖြင့် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ပြီးပါက (၁) လတာ မွမ်းမံသင်တန်း တက်ရောက်ရုံမျှဖြင့် ဆရာဝန်မှတ်ပုံတင် (ဆမ) လက်မှတ်ရရှိတော့မည်ဖြစ်သည်။

အဆိုပါမွမ်းမံသင်တန်းကို သြဂုတ် (၈) ရက်တွင် စတင်မည်ဖြစ်ကာ တက်ရောက်လိုသူများအတွက် လျှောက်လွှာများ ဆေးတက္ကသိုလ် (၁) ၌ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဆေးတက္ကသိုလ် (၂) မှ လက်ထောက် ကထိကတဦးက ပြောသည်။

ပုံမှန်အားဖြင့် ဆေးတက္ကသိုလ်ဘွဲ့ရပြီးသူများသည် အလုပ်သင်ဆရာဝန်အဖြစ် (၁) နှစ်လုပ်ကိုင်ကာ ဆရာဝန် မှတ်ပုံတင် (ဆမ) လက်မှတ်ရရှိရန် အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ် တာဝန်ထမ်းဆောင်ကြရသည်။
အစိုးရ၀န်ထမ်းအဖြစ် မလုပ်ကိုင်လိုသော ဆရာဝန်အချို့သည် ဆေးပညာရပ်များ သင်ယူထားသော်လည်း ပြည်တွင်း၌ တရားဝင်ဆေးကုသခွင့် မရရှိပေ။

ထို့ကြောင့် ဆေးဘွဲ့ရအချို့သည် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တွင်းအခြားလုပ်ငန်းရပ်များ၌ ၀င်ရောက် လုပ်ကိုင်ခြင်းများဖြင့် ရပ်တည်ကြသည်။

ယခုကဲ့သို့ အစိုးရ၀န်ထမ်းအဖြစ် (၃) နှစ်လုပ်ကိုင်ရန် မလိုဘဲ (၁) လ သင်တန်းတက်ရုံဖြင့် ဆမ လက်မှတ်ရရှိမည်ဆိုပါက သင်တန်းတက်မည့်ဦးရေ များနိုင်သည်ဟု အလုပ်သင်ဆရာဝန်တဦးက ပြောသည်။

သို့သော် သင်တန်းတက်ရောက်နိုင်သည့် ဦးရေကို ကာလအပိုင်းအခြားဖြင့် အစိုးရက ကန့်သတ်ထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လေဘေးဒုက္ခသည်အရေး သတင်းလိုက်သူ ထောင်ထဲမှာ ရောဂါဝေဒနာ ခံစားနေရ

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ် လေဘေး ဒုက္ခသည်များကိစ္စ သတင်းလိုက်ယူသဖြင့် အင်းစိန်ထောင်၌ ထောင်ဒဏ် ၇ နှစ် ကျခံနေရသူ ကိုကျော်ကျော်သန့်သည် ဦးနှောက် အာရုံကြောရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြောသည်။

အသက် ၃၀ နှစ်အရွယ် သူသည် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ အဆိုပါ ဝေဒနာ ခံစားနေရခြင်းဖြစ်ပြီး ထောင်ဆေးမှူးက ပေးသည့် ဆေးသောက်နေသော်လည်း မသက်သာသဖြင့် မိသားစုက စိုးရိမ်နေကြသည်။
ယနေ့ ထောင်ဝင်စာ သွားတွေ့ရာ လူချင်းမတွေ့ရဘဲ ပစ္စည်းသာ ပို့ခွင့်ရခဲ့သဖြင့် ဦးနှောက် အာရုံကြောဆေး၊ အားဆေး၊ အကိုက်အခဲပျောက်ဆေးများ ပေးထားခဲ့သည်။

ရန်ကုန် နည်းပညာ တက္ကသိုလ်မှ BE (civil) ဘွဲ့ရထားသူ ကိုကျော်ကျော်သန့်သည် ပြည်တွင်း ဂျာနယ်အချို့တွင် အယ်ဒီတာနှင့် ဘာသာပြန် လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။

သူသည် ပြီးခဲ့သည့်နှစ် နာဂစ်မုန်တိုင်းအပြီး ဇွန်လ ၁၀ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်မှ လေဘေးဒုက္ခသည် ဦးရေ ၃၀ ခန့်က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ရွက်ဖျင်တဲ အကူအညီ တောင်းခံကြသည်ကို သတင်းလိုက်ယူရင်း အဖော်ဖြစ်သူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ အဖမ်းခံခဲ့ရသည်။

ထို့နောက် သူ့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (က) တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ မအိမ့်ခိုင်ဦးမှာမူ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံခဲ့ရပြီး အင်းစိန်ထောင်၌ပင် ချုပ်နှောင်ခံထားရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၂၄ ရက်
ရက်သတ္တပတ် ၂၉၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်စုအမှု တံခါးပိတ် တရားခွင်သို့ သံတမန်များ တက်ရောက်ခွင့်ရ

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် အင်းစိန်ထောင်အတွင်း တရားခွင်၌ ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ကြားနာရာသို့ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အီတလီ သံတမန်များကို မြန်မာစစ်အစိုးရက တက်ရောက်ခွင့် ပေးလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုကို အများအားဖြင့် တံခါးပိတ်နည်းဖြင့် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည့်အနက် သံတမန်များကို တက်ရောက်ခွင့် ပေးခြင်းသည် ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယမြောက် ဖြစ်သည်။ ယခင်ကလည်း ရွေးချယ်ထားသည့် သံတမန်တချို့နှင့် သတင်းထောက်တချို့ကို တက်ရောက်ခွင့် ပေးခဲ့သေးသည်။

ယနေ့ တရားခွင်မှ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်။ သို့သော်လည်း အကဲခတ်များကမူ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သည့် အခြား နေ့ရက်တရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း ယုံကြည်နေကြသည်။

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ထောက်ခံအားပေးသူများနှင့် နိုင်ငံရေးလေ့လာသူများ အများအပြားသည် စုပြုံရောက်ရှိနေကြကာ ယနေ့ တရားခွင်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းသမားက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

အင်းစိန်တရားခွင်ကို ယနေ့ပြန်လည်စတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ရှေ့နေများမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ အမှာစကားတခု ပါးလိုက်သည်။ “ကုလသမဂ္ဂအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်းမရှိဘူး၊ တရားဝင်မှာလည်း မဟုတ်ဘူးဆိုတာကို ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တို့ဘာတို့ ထုတ်ပြီး ပြောသင့်တယ်တဲ့။ အဲလိုပြောလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့်ပြန်လည်ပြောပြသည်။

ယခင်တရားခွင်များကို နံနက် (၁၀) နာရီတွင် အမှုစတင်ကြားနာလေ့ရှိသော်လည်း ယနေ့တရားခွင်ကို နေ့လယ် (၂) နာရီတွင်မှ စတင်ကြားနာပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့သည်။ ထို့နောက် တရားခွင်ကို ညနေ (၄)နာရီခွဲတွင် ရပ်နားကာ ဇူလိုင် (၂၇) ရက်သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်။

တရားခွင်အချိန်ပြောင်းရွှေ့ကြားနာမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း ၎င်း၏ရှေ့နေများကို ပြောကြားခဲ့သည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်စုကို လွှတ်ပေးရန် တောင်းဆိုခြင်း နည်းလမ်းမကျဟု စစ်အစိုးရ သတင်းစာက ရေးသား

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေခြင်းသည် အဓိပ္ပါယ်မဲ့ပြီး တရားနည်းလမ်း မကျကြောင်း စစ်အစိုးရ၏ ယမန်နေ့နှင့် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ အပါအဝင် အမေရိကန်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်၍ ရေးသားဖော်ပြလာခြင်းဖြစ်သည်။

“နိုင်ငံတော်အပိုင်းက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု ကလောင်ရှင် လူသစ် ဆိုသူက သတင်းစာများ၌ ရေးသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုလ (၃-၄) ရက်များတွင် လာရောက်ခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးကလည်း မကြာသေးမီက ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပခဲ့သော ဒေသဆိုင်ရာ အစည်းအဝးကြီးမှတဆင့် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းမရှိပါက မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေးအား ပိုမိုလေးနက်စွာ ထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

သို့သော် နအဖ ၏ မြန်မာ့အလင်းသတင်းစာကမူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့် နိုင်ငံတကာက ရည်ညွှန်းနေသော နိုင်ငံရေးအကျဉ်းသားများဆိုသည်မှာ ဒီမိုကရေစီအရေးဆောင်ရွက်သဖြင့် “နိုင်ငံရေးပြစ်မှု” ဖြင့် အရေးယူခံရခြင်းမဟုတ်ပဲ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ဖောက်ဖျက်သောကြောင့် ဖမ်းဆီးထားသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းသူ အန်အယ်လ်ဒီလူငယ် ထိုးကြိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားကြီးသို့ မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်ပါတီဝင်များက ယနေ့ သွားရောက်ဝတ်ပြုဆုတောင်းခဲ့ရာတွင် စစ်အစိုးရလိုလားသူများက လူငယ်ပါတီဝင်တဦးအား ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခံနေရသော ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်လျှောက်လဲရက် ရုံးချိန်းနေ့တွင် ၀တ်ပြုဆုတောင်းပြီးအပြန် ထိုးကြိတ်ရိုက်နှက်ခံရသူမှာ မန္တလေးတိုင်းအရှေ့တောင်မြို့နယ်မှ ကိုတိုးကြီးဆိုသူဖြစ်သည်။ ကိုတိုးကြီးကို ထိုးကြိတ်ရိုက်နှက်သူများမှာ (၅) ဦးခန့်ရှိပြီး တစုံတရာပြောဆိုခြင်းမရှိဘဲ အသားလွတ် ထိုးကြိတ်သွားခြင်းဖြစ်ပြီး ကိုတိုးကြီးက တစုံတရာပြန်လုပ်ခဲ့ခြင်းမရှိဟု သိရသည်။

ထိုကဲ့သို့ ထိုးကြိတ်ခံရခြင်းကြောင့် ကိုတိုးကြီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ရင်ဘတ်ကို အကန်ခံရသဖြင့် အရှိုက်အောင့်နေ၍ ဓာတ်မှန်ရိုက်ထားရသည်ဟု ကိုမြင့်မော်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးဝင်းတင် အင်းစိန်ထောင်ရှေ့ သွားရောက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နှလုံးရောဂါဝေဒနာ ခံစားနေရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်သည် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ကြားနာနေချိန်တွင် အင်းစိန်ထောင်ရှေ့တွင် သွားရောက်ခဲ့ကာ ပါတီခေါင်းဆောင်နှင့် သွေးစည်းညီညွတ်မှုကို ပြသခဲ့သည်။

နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ အင်းစိန်ထောင်ရှေ့ အနည်းဆုံး ၃၀၀ ခန့် ရှိနေခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ ဦးရဲထွဋ်၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်တို့နှင့် ဒေါ်နော်အုန်းလှတို့ အမျိုးသမီးအုပ်စုများနှင့် ပြည်သူများ လာရောက်ကြသည်ဟု ပြောသည်။

သို့သော် ဒေါ်နော်အုန်းလှတို့ အဖွဲ့မှ ၁၀ ဦးခန့်အား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘတ်စ်ကားဖြင့် လာရောက်ကြသည်ကို ရဲများက ဘုရင့်နောင် ရဲစခန်းတခုသို့ ခေါ်ဆောင် စစ်ဆေးခဲ့သေးသည်ဟု ဦးဝင်းတင်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာကို အာဆီယံကထုတ်ရန် အကြောင်းမရှိဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန်မှာ လုံလောက်သည့် အကြောင်းများ မရှိကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ပြောကြားလိုက်သည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းမှ ထုတ်ပယ်ပစ်ရန် စဉ်းစားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ထိုင်းတီဗွီနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည့်အပေါ် လက်ရှိအာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားရသည့် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် မစ္စတာအဖိဆစ်က ယမန်နေ့က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဧဂျင်စီတွင် ဖော်ပြသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်သည်ကို မြင်လိုပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားမှု အပါအ၀င် မြန်မာနိုင်ငံအခြေအနေများကို စောင့်ကြည့်နေသည်ဟုလည်း မစ္စတာအဖိဆစ်က ပြောကြားခဲ့သည်။

မစ္စစ်ကလင်တန်က မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန်ပြောဆိုလိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ်ထင်ဟပ်စေသည့် အမြင်တခုသာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်ကပြောကြားလိုက်ကာ “တကယ်လို့ ဒီလို လုပ်လိုက်ရင်လည်း မြန်မာနိုင်ငံဟာ ပိုပြီးအထီးကျန်သွားပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟုလည်း ၎င်းက ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )

Sunday, July 19, 2009

သတင်းမှတ်စု ( ၂၈ )

ဇူလိုင်လ ၁၃ ရက်
ရက်သတ္တပတ် ၂၈၊ ၂၀၀၉
မြန်မာသတင်း

နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်ပါတီက အရေးပေါ် အစည်းအဝေး ခေါ်မည်

နအဖစစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဆုံးဖြတ်ချက်ချရန် မွန်ပြည်သစ် ပါတီက ဗဟိုကော်မတီဝင်များအား ယခုလအတွင်း အရေးပေါ်အစည်းအဝေး ခေါ်ယူရန် စိုင်းပြင်းနေကြောင်း သိရသည်။
ရေးချောင်းဖျား ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ယခုအရေးပေါ်အစည်းအဝေးသို့ စစ်ဘက်ဆိုင်ရာ ကော်မတီဝင် (၆) ဦးလည်း တက်ရောက်မည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ၏တပ်မတော် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အား နယ်ခြားစောင့်တပ် (သို့မဟုတ်) ဌာနေပြည်သူ့ စစ်တပ်အဖြစ် အသွင်ပြောင်းရန် လွန်ခဲ့သည့် ရက်ပိုင်းက ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိခဲ့၍ ဗဟိုကော်မတီဝင်အစည်းအဝေး ထပ်မံကျင်းပရခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီ၏ လက်ရှိရပ်တည်ချက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား စစ်အစိုးရက ပြင်ဆင်ခြင်းမပြုလျှင် ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန်နှင့် တပ်အသွင်ပြောင်းရန် လက်ခံမည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပျောက်ဆုံးကလေးငယ် ၁၃ ဦး ကလေးစစ်သား ဖြစ်ဖွယ်ရှိ

ချင်းမိုင် (မဇ္ဈိမ)။ ။ သူ့ထံသို့ မိဘများက လာရောက်အသိပေးထားသည့် ပျောက်ဆုံးနေသော ကလေးငယ် ၁၃ ဦးသည် ကလေးစစ်သားအဖြစ် စုဆောင်းခံရဖွယ်ရှိကြောင်း ကလေးစစ်သားကိစ္စ ဆောင်ရွက်နေသူ ပဲခူးမြို့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

ရန်ကုန်တိုင်း ဒလမြို့၊ ဒိုက်ဦးမြို့၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပဲခူးမြို့နှင့် မန္တလေးမြို့မှ ကလေးမိဘများက သူ့ထံ လာရောက်ပြောဆိုထားပြီး၊ ယခုတိုင် ဆက်လက် ပျောက်ဆုံးနေသော ကလေးငယ် ၁၃ ဦးအရေးကို ယခုလို သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကလေးအားလုံးသည် ယခုနှစ်အတွင်း ပျောက်ဆုံးနေသူများ ဖြစ်ကာ၊ မိသားစုများက လိုက်လံစုံစမ်းဆဲ ဖြစ်သည်။

အိုင်အယ်လ်အိုသို့ တိုင်ကြားထားသည့် ကလေးငယ် ၅ ဦးအနက် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ မောင်ကျော်မျိုးပိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ် တလုပ်မြို့မှ မောင်မန်းမြို့စံတို့ကို စစ်တပ်များအတွင်းမှ အိုင်အယ်လ်အိုက ပြန်ခေါ်ပေးခဲ့ပြီး ဖြစ်သည်။

သို့သော် အိုင်အယ်လ်အိုသို့ တိုင်ကြားရာတွင် ပျောက်ဆုံးသွားသော ကလေးသည် မည်သည့် တပ်စခန်းထဲတွင် ရောက်ရှိနေသည်ကို အတိအကျ ပြောပြနိုင်မှသာ အိုင်အယ်အိုက ဆောင်ရွက်ပေးနိုင်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ငရုတ်သီးမှုန့်၊ ငါးပိနှင့် ငါးပိထောင်းများတွင် စားသုံးရန်မသင့်သည့် ဓါတုဆိုးဆေး တွေ့ရှိ

ပြည်တွင်းဈေးကွက်များတွင် ရောင်းချနေသော ငရုတ်သီးမှုန့်၊ စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် အနီရောင်ဆိုးဆေး (Rodamine B) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအား အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

ဓာတုဆိုးဆေးဖြစ်သည့် (Rodamine B) ကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့အပြင် ရေရှည်တွင် ကင်ဆာရောဂါဖြစ်စေနိုင်ခြင်းတို့ကြောင့် (Rodamine B) ပါဝင်သော အစားအသောက်များကို မစားကြရန် ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

(Rodamine B) ပါဝင်သော စိမ်းစားငါးပိများမှာ ဧရာရှယ်၊ ရွှေပုဇွန်၊ ကောင်းသန့်၊ ပုစွန်သုံးကောင် စသည့် အမှတ်တံဆိပ်ပေါင်း (၂၀) တို့ဖြစ်ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ်များမှာ ရွှေငြုပ်မြိုင်၊ ရသာမွန်နှင့် မမျိုး အရောင်တင်မှုန့် (၃) မျိုးနှင့် မန္တလေးဈေးချို ပန်းတန်းရုံသစ်၊ ဆိုင်အမှတ် (၃၁) မှ ငရုတ်သီးအကြမ်းမှုန့်ဆိုင်တို့ပါဝင်ကာ ငါးပိထောင်းအမှတ်တံဆိပ်များမှာ ရှယ်၊ မိုးတိမ်လွှာ၊ စုလေးနှင့် လှိုင်ဖြိုး အမှတ်တံဆိပ်တို့ ဖြစ်ကြသည်။

အထက်ပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ရောင်းချသူများသည် အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဓာတုဆိုးဆေးများ ကို အသုံးမပြုကြရန်နှင့် မလိုက်နာပါက သက်ဆိုင်ရာမှ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲ အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လပွတ္တာ ဆားတောင်သူများ ဆားကွင်းပြန်ရွေးရန် အခက်ကြုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ်ဒဏ်သင့် လပွတ္တာခရိုင် အတွင်းရှိ ဆားတောင်သူများ အနေဖြင့် မြန်မာ့ အဏ္ဏဝါဓာတု လုပ်ငန်း၌ ပေါင်နှံထားသော ၎င်းတို့၏ ဆားကွင်းများကို ပြန်လည်ရွေးယူရန် ငွေကြေး အခက်အခဲ ကြုံတွေ့နေကြရကြောင်း လပွတ္တာမှ ဆားလုပ်ငန်းရှင်တဦးက ပြောသည်။

ခရိုင် အတွင်း ဆားလုပ်ငန်း အဓိက လုပ်ကိုင်သော တိုက်နယ် လေးခုမှာ မဲခရဲ၊ မန်းကျီးပင်၊ သင်္ကန်းကုန်း နှင့် သက္ကယ်သောင် တိုက်နယ်တို့ ဖြစ်သည်။

လက်ရှိ သက္ကယ်သောင် တိုက်နယ် တခုတည်းတွင်ပင် ဆားဧက ၃၇၉၉.၈၆ ရှိပြီး လုပ်ငန်းရှင် ၁၁၇ ယောက်တွင် လုပ်ငန်းရှင် ၂၀ ဦးခန့်သာ ချေးငွေ ဆပ်နိုင်သေးသည်ဟု သိရသည်။

စစ်အစိုးရက နာဂစ်ဒဏ်သင့် ဆားတောင်သူများကို ဆားကွင်းတဧက အတွက် ကျပ် ၃ သိန်းနှုန်းဖြင့် ယခင်နှစ် နိုဝင်လဘာက ချေးငွေများ ထုတ်ပေးပြီး တောင်သူများထံမှ ဆားကွင်း ပိုင်ဆိုင်မှု စာချုပ်ကို အပေါင်သဘော သိမ်းယူထားခြင်းဖြစ်သည်။

မြန်မာ့ အဏ္ဏဝါဓာတုလုပ်ငန်း လက်အောက်၌ ဆားကြီးကြပ် အဖွဲ့များ ဖွဲ့စည်းကာ ဆားတောင်သူများအား ဧက အလိုက် ချေးငွေများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချေးငွေ စာချုပ်အရ အတိုးနှုန်းမှာ တနှစ်အတွက် ၁၂ ရာခိုင်နှုန်းဖြစ်ပြီး သုံးလတကြိမ် အတိုးငွေ ပေးချေရမည်ဖြစ်သည်။ တနှစ် အတွင်း ချေးငွေ တဝက်နှင့် အတိုးငွေကို ပေးဆပ်ရမည်ဖြစ်ကာ ၂ နှစ်အတွင်း ချေးငွေကို အကျေ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မျောက်ရော လူများပါ တီဘီရောဂါ ကူးစက်ပျံ့နှံ့

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များနှင့် ၀န်ထမ်းများမှာပါ တီဘီရောဂါ ကူးစက်ပြန့်ပွားနေသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတဦးက ပြောသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များ ပုံမှန်မဟုတ်သည့် သေဆုံးမှု ရှိလာသည့်အတွက် ရောဂါတမျိုးမျိုးဖြစ်နေသည်ဟု သံသယရှိ၍ သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်များကို စစ်ဆေးခိုင်းရာမှ မျောက်များတွင် တီဘီရောဂါဖြစ်နေသည်ကို သိရှိရခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ တီဘီရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ စေလွှတ်၍ ဆေးကုသမှု ခံယူစေကြောင်း၊ မျောက်များကို ကုသရန်အတွက်မူ ဆေးဖိုးဝါးခ တန်ဖိုးကြီးသဖြင့် စိတ်ရှည်လက်ရှည်ကုသနိုင်ခြင်းမရှိဘဲ မျောက်အချို့သေဆုံးကုန်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မစ္စတာ ဘန်ကီမွန်း မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီသို့ အစီရင်ခံမည်

နယူးဒေလီ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီတွင် တနင်္လာနေ့တွင် အစီရင်ခံမည်ဖြစ်ကြောင်း သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းမှု စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရကို ဖျောင်းဖျပြောဆိုရန် မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ သူ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကုလလုံခြုံရေး ကောင်စီတွင် အစီရင်ခံမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၄ ရက်
ရက်သတ္တပတ် ၂၈၊ ၂၀၀၉
မြန်မာသတင်း

မြန်မာနိုင်ငံကို တကမ္ဘာလုံးက စောင့်ကြည့်နေသည်ဟု ကုလအတွင်းရေးမှူးချုပ် ဘန် သတိပေး

မြန်မာစစ်အစိုးရသည် တိုင်းပြည်အတွက် အကောင်းဆုံးရလဒ်ကို ရွေးချယ်မည်လား သို့မဟုတ် ပြည်သူလူထု၏ဆန္ဒနှင့် နိုင်ငံတကာ၏မျှော်လင့်ချက်များကို လျစ်လျူရှု မည်လားဆိုသည်ကို ကမ္ဘာကြီးက အနီးကပ် လေ့လာ စောင့်ကြည့်နေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံတင်ပြရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ၎င်းအနေဖြင့် ဘာတွေရလာသည်ဆိုခြင်းထက် မြန်မာအာဏာပိုင်များထံတွင် ဘာတွေပေးခဲ့သည် ဆိုသည်က ပို၍ အရေးကြီးပါသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ပေးထားသည့်ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ၎င်းအဆိုပြု ထားခဲ့သည့်အတိုင်း လိုအပ်သည်များကို မကြာမီအချိန်အတွင်း လုပ်ဆောင်လိမ့်မည်ဟု ၎င်းနှင့်အတူ နိုင်ငံတကာအသိုင်းအ၀န်း က မျှော်လင့်ထားကြောင်း မြန်မာအစိုးရအား တင်ပြခဲ့သည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောသည်။

ထို့အပြင် မြန်မာအစိုးရသည် ကုလအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အတွက် ဖြစ်လာမည့် အကျိုးဆက်များကို မြန်မာပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကိုယ်စား မြန်မာအစိုးရကို ဆွေးနွေးအဆိုပြုခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူများနှင့် နိုင်ငံတကာကိုပါ အဆိုပြုချက်များအား တုံ့ပြန်ရန် တာဝန်ရှိကြောင်း မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး တင်ပြသွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

၈၈ ခေါင်းဆောင် ကိုမြအေး ထောင်ဝင်စာ တွေ့ခွင့်မရ

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကယားပြည်နယ် လွိုင်ကော်ထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးအား ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုမြအေးအား ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ထောင်ဝင်စာ ပိတ်ထား ခြင်းဖြစ်ပြီး ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သူ ကိုမြအေး ဇနီးမှာ ပါဆယ်သာ ပို့ခွင့်ရခဲ့သည်။

ကိုမြအေးသည် ပြီးခဲ့သည့် ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း ဆေးကုသခွင့် လုံလောက် စွာ မရရှိဘဲ ရှိနေကြောင်းလည်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရွေးကောက်ပွဲ မတိုင်မှီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ် ပြော

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တောင်းဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံတင်ပြရာတွင် မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ သို့သော် ဦးသန်းဆွေက အကျဉ်းသား မည်မျှကို မည်သည့်အချိန်တွင် လွှတ်ပေးမည်ဆိုသည်ကို ထုတ်ဖော်ပြောခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကိုလည်း ပြောဆိုခြင်းမရှိခဲ့ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကားပစ္စည်း တင်သွင်းခွင့် မူဝါဒပြောင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်း မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်မှုဇုန်အလိုက် ကားပစ္စည်းများ ပြန်လည်တင်သွင်းခွင့် ပြုလိုက်သည်။

ကားပစ္စည်းဈေးနှုန်း မြင့်တက်မှုနှင့် ရှားပါးမှုကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်နေသော လက်ရှိ ကားထုတ်လုပ်ရေးကို ယခု မူဝါဒအသစ်ဖြင့် အစားထိုးနိုင်ရန် မြန်မာစစ်အစိုးရ ဝန်ကြီးဌာနက ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် မတိုင်မီက ပြည်တွင်း ကားထုတ်လုပ်သူများကို ကားပစ္စည်း တင်သွင်းခွင့် ပြုခဲ့သော်လည်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တင်သွင်းခွင့်ကို ဝန်ကြီးဌာနက ရန်ကုန်အခြေစိုက် ကုမ္ပဏီများဖြစ်သည့် TMC ၊ ဦးသမာဓိ၊ ရန်ကုန်မြန်မာနှင့် MOTHER Trading တို့ကိုသာ တင်သွင်းခွင့် ပြုခဲ့သည်။

ပြည်တွင်း ကားထုတ်လုပ်ရေး ကုမ္ပဏီများမှာ ကားအင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများကို အဆိုပါ ကုမ္ပဏီ ၄ ခု ထံမှ တဆင့်ဝယ်ယူကြောင်း အထောက်အထားပြမှသာ အစိုးရ ကုန်းလမ်းပို့ဆောင်ရေးက မော်တော်ယာဉ် လိုင်စင် ထုတ်ပေးသည်။

တင်သွင်းခွင့်ရ အဆိုပါ ကုမ္ပဏီ ၄ ခုမှ ကားပစ္စည်းဈေး မြှင့်လာခြင်းအပြင် စက်ပစ္စည်းကို လိုသလောက် ဝယ်ယူမရခြင်းက ကားတပ်ဆင် ထုတ်လုပ်စရိတ် တက်လာကာ ကားဈေးကွက် ကျဆင်းလာရသည်ဟု ကားထုတ်လုပ်သူ အသိုင်းအဝိုင်းက ဆိုသည်။

လက်ရှိ ဂျစ်ကား တစင်းထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၆၅ သိန်း ကုန်ကျပြီး ပြင်ပ ဈေးကွက်ပေါက်ဈေးမှာ ကျပ်သိန်း ၆၀ ဝန်းကျင်အောက်သာ ရှိနေသည်။

ပြည်တွင်းထုတ် လိုက်ထရပ် တစီးအတွက် အရင်းငွေ ကျပ် သိန်း ၈၀ ခန့် ကုန်ကျပြီး၊ အမျိုးအစားအလိုက် သိန်း ၁၀၀ မှ ၁၃၅ သိန်းကြား အရောင်းအဝယ် ဖြစ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မူဆယ် အနီး ဘူတာရုံ တည်ဆောက်ရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး လာကြည့်

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ်နှင့် မြန်မာဆက်သွယ်မည့် မီးရထားလမ်းအတွက် မူဆယ်မြို့နယ်၊ နမ့်ဟွိုင်ကျေးရွာအနီး တည်ဆောက်ရန် လျာထားသည့် မြေနေရာအား လာရောက်ကြည့်ရှုစစ်ဆေးသွားသည်။

ယခုလ (၁၁) ရက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန် ခရီးစဉ်အတွင်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အဖွဲ့သည် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်ရှိ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိလာပြီး ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမတွင် ခယက၊ မယကဥက္ကဋ္ဌများ၊ ကုန်သွယ်ရေးဇုန် ဦးစီးအရာရှိများနှင့် မူဆယ်၊ နမ်းခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းမှ အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အဖွဲ့သည် ကုန်သွယ်ရေးဇုန်နှင့် မလှမ်းမကမ်း နမ့်ဟွိုင်ကျေးရွာအနီးရှိ မြေနေရာသို့ မော်တော်ကားများဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု နယ်စပ်ကုန်သည်ကြီးတဦးက အတည်ပြုပြောဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၅ ရက်
ရက်သတ္တပတ် ၂၈၊ ၂၀၀၉
မြန်မာသတင်း

ပါတီဝင် လူငယ်များအတွက် ဥပဒေရေးရာ ဆွေးနွေးပွဲ အန်အယ်ဒီ ကျင်းပ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်နယ်နှင့် တိုင်းများမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအတွက် ပညာပေး အစီအစဉ်အဖြစ် ဥပဒေရေးရာ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

ဆွေးနွေးပွဲကို ဥပဒေ ပညာရှင် ဦးသိန်းညွန့်က ဦးဆောင်ဆွေးနွေးပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရခိုင်၊ ကချင်၊ တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ် - ၈ ခုမှ လူငယ် ၂၇ ဦး တက်ရောက်နေခြင်းဖြစ်သည်။
ဆွေးနွေးပွဲကို ဇူလိုင်လ ၁၅၊ ၁၆ နှင့် ၁၈ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး ၁၇ ရက်နေ့၌ လူငယ်များ လစဉ် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတများသာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်က မကြာသေးမီက ပြောခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနှင့် ပတ်သက်၍လည်း ဥပဒေ သတ်မှတ်ချက်များကို ဆွေးနွေးခဲ့သည်။

ယခု ဆွေးနွေးပွဲကြောင့် လူငယ်များအကြား ဥပဒေအသိပညာ တိုးပွားလာပြီး ဒီမိုကရေစီ သဘော သဘာဝကို သိရသဖြင့် အကျိုးရှိကြောင်း ဆွေးနွေးပွဲတာဝန်ခံက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စစ်အစိုးရ၏ အလုပ်သမားကာကွယ်ရေး ဖွဲ့စည်းမှု နောက်ကျ

မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြရသည်မှာ နှစ် (၂၀) ကျော်ရှိနေခဲ့ရာ ယခုမှ မြန်မာစစ်အစိုးရက အလုပ်သမားရေး တာဝန်ယူဖြေရှင်းရန် အားထုတ်ခြင်းမှာ နောက်ကျနေပြီဖြစ်ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာပါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည့် သတင်းနှင့်စပ်လျဉ်း၍ ပြောဆိုခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နာယကအဖြစ် တာဝန်ယူကာ သံရုံးဝန်ထမ်းများအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားသင့်လျော်သူများဖြင့် ဖွဲ့စည်းသွားမည်ဟု သိရသည်။

ထိုကဲ့သို့ မြန်မာသံရုံးဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်ပါက ကြိုးနီစနစ်ကျင့်သားရနေသူများဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများရှိနေမည်ဟု ကိုမိုးဆွေက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အင်အားမလျော့ဘဲ ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့ဟု ပြောင်းလဲရန် KIO က လိုလား

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် (Border Guard Force) ဟူသော အသုံးအနှုန်းအစား ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့ (Kachin Regional Guard Force) ဟု သုံးစွဲပြီး အင်အားကိုလည်း လက်ရှိအတိုင်း ထားလိုကြောင်း ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရကို တင်ပြထားသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ KIO ဗဟိုကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်တို့ တက်ရောက်ခဲ့သည်။

နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကုန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူသွားခဲ့သည့် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းပြီး၊ အင်အားကို ကန့်သတ်ရန် စစ်အစိုးရက ဖိအားပေးနေရာ အများစုက လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦးပါဝင်ပြီး မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များကိုလည်း လက်ခံရမည် ဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံ.. အရာရှိအဆင့် ၁၈ ဦး၊ အခြားအဆင့် ၃ဝ၈ ဦး၊ စုစုပေါင်း ၃၂၆ ဦး

အရာရှိစာရင်း…
ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၅ ဦး၊ ဒုဗိုလ်နှင့် ဗိုလ် ၁၀ ဦး၊
စုစုပေါင်း ၁၈ ဦး

အခြားအဆင့်…
သူနာပြုကျွမ်းကျင် .. ၁ ဦး၊ အရာခံဗိုလ် (RSM) .. ၁ ဦး၊ ဒု-အရာခံဗိုလ် (တပ်ကြပ်ကြီးစာရေး) ၁ ဦး၊ ဒု-အရာခံဗိုလ်.. ၅ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး CQ.. ၁ ဦး၊ တပ်ကြပ်ကြီးစာရေး
၈ ဦး၊ တပ်ကြပ်ကြီး ၁၆ ဦး၊ တပ်ကြပ် ၄၄ ဦး၊ ဒုတပ်ကြပ် ၃၃ ဦး၊ တပ်သား .. ၁၉၈ ဦး၊ စုစုပေါင်း .. ၃ဝ၈ ဦး
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်

ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က ဧရာဝတီတိုင်းအတွင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသခံများထံမှ သိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်သော ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်အလုံးရေ (၃၅) လုံးခန့် ပြိုသွားကြောင်း ဘိုကလေးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွား

နယူးဒေလီ။ ။ ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပြင်းထန်သည့် ပေါက်ကွဲမှုတရပ် ယနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းချင်း နီးကပ်နေသည့် ဆိပ်ကမ်းတခုမှ ဝန်ထမ်းတဦးနှင့် အလုံမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ အဆိုအရ သိရခြင်း ဖြစ်သည်။ သို့သော်လည်း အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက ငြင်းဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာနိုင်ငံတောင်ပိုင်းတွင် မြစ်ရေကြီးသဖြင့် ရေလမ်းခရီးအချို့ ရပ်ဆိုင်းထားရ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ပြီး ရေလမ်း၊ ကုန်းလမ်းခရီးအချို့ ရပ်နားခဲ့ရသည်။

သံလွင်မြစ်အောက်ပိုင်း ကရင်ပြည်နယ် ဘားအံမြို့နှင့် မော်လမြိုင်သို့ သင်္ဘောဖြင့် သွားလာနေသည့် ရေလမ်းခရီးကို ယခုလ (၁၃) ရက်မှစ၍ ရပ်နားခဲ့ကြောင်း ဘားအံမြို့မှ ဈေးသည်တဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း ယခုလ (၁၃) ရက်၌ ရေးချောင်း မြစ်ရေလျှံသဖြင့် ရေးမြို့ ကမ်းနားလမ်းတလျှောက်ရှိ ဈေးကြီးအပါအဝင် တဘက်ကမ်း ချောင်းတောင်ရွာရှိ လူနေအိမ်ခြေများ ပြောင်းရွှေ့ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်အချို့အထိ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရေမြင့်တက်မှု စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည့် ဘားအံမြို့တွင် (၆၈၆) စင်တီမီတာမှ နောက်နှစ်ရက်အတွင်း (၇၅၀) စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်း၊ မွန်ပြည်နယ် ရေးမြို့တွင် စိုးရိမ်ရေမှတ် (၉၁.၅) စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

စစ်တွေတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဒါကာ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စိတ်ကြွဆေးပြား အများအပြားကို မူးယစ် အထူးတပ်ဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

စစ်တွေမြို့ မင်ဂံရပ်ကွက်ရှိ အဝေးပြေးကားဂိတ်တွင် ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ကုန်ကားပေါ်၌ ဝေဖါ မုန့်ပုံးအတွင်း ထည့်သွင်းထားသည့် စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခြင်းဖြစ်သည်။ သို့သော် ကားမောင်းသူမှာမူ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။

ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ ပလုတ်တောင် ရဲစခန်းသို့ ဆက်သွယ်ကြည့်သော် ယခုအချိန်ထိ ဆက်သွယ်၍ မရဘဲ ဖြစ်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၆ ရက်
ရက်သတ္တပတ် ၂၈၊ ၂၀၀၉
မြန်မာသတင်း


ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နောက်ဆုံး လျှောက်လဲချက်ကိစ္စ ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမှု အကျိုးဆောင် ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံခွင့်ရကြောင်း သိရသည်။

အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ၍ ပြုလုပ်ရန် အာဏာပိုင်များနှင့် ညှိနှိုင်းသည့်အခါ ခွင့်ပြုချက် ရရှိကြောင်း သူမ၏ အမှုအတွက် အကျိုးဆောင်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေတဦးလည်းဖြစ်၊ အန်အယ်ဒီပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည့် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက နှစ်ဖက်ရှေ့နေများကို နောက်ဆုံး လျှောက်လဲချက်ပေးရန် ယခုလ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။ ထိုနေ့တွင် နောက်ဆုံး လျှောက်လဲချက်ကို ကြားနာကာ တရားရုံးက ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂ဝ ပါဝင်သည့် နောက်ဆုံး လျှောက်လဲချက်တခု ၎င်းတို့ ရှေ့နေများအဖွဲ့က ပြင်ဆင်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

တတိယမြောက် A(H1N1) တုပ်ကွေးဖြစ်သူ တွေ့ရှိ

မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါဝေဒနာရှင်တဦး ထပ်မံတွေ့ရှိကြောင်း မြန်မာအစိုးရက ယနေ့ထုတ်သတင်းစာတွင် ကြေညာသည်။

အဆိုပါ တတိယမြောက် A(H1N1) တုပ်ကွေးဝေဒနာရှင်မှာ အသက် (၅၁) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ (၁၂) ရက်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Airway လေကြောင်းခရီးစဉ် TG 305 ဖြင့် ပြန်လည် ရောက်ရှိလာခဲ့သူတဦး ဖြစ်ကြောင်း သိရသည်။

ပြန်ရောက်ရှိစဉ် အဖျားမရှိကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေ့စဉ် သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ ဇူလိုင် (၁၄) ရက်နေ့တွင် အဖျားရှိခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း လက္ခဏာများကြောင့် ဝေဘာဂီ အထူးကု ဆေးရုံကြီးကို ပြောင်းပေးခဲ့ပြီး ၎င်းအား သီးသန့်လူနာခန်းတွင်ထား၍ ဓာတ်ခွဲစမ်းသပ်ရာ New Influenza A (H1N1) ရှိသည်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက လူနာနှင့်ထိတွေ့ခဲ့သော မိသားစုဝင် (၉) ဦး၊ လူနာ၏ယာဉ်ကိုမောင်းသော မိသားစုနှင့် လူနာနှင့်အတူ လိုက်ပါလာသော လေယာဉ်စီးခရီးသည် နိုင်ငံခြားသား (၁၃၆) ဦး၊ နိုင်ငံသား (၈၄) ဦးတို့ကို စောင့်ကြည့်နေ ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးလေး ဒဏ်ရာရ

ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် နောင်မတာရွာ၌ ပြည်သူ့စစ် အဖွဲ့ဝင်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ရှမ်းအမျိုးသမီး နန်းဖေါင်ခမ်း၏ ပါးပြင်၌ ဒဏ်ရာရသည့် ဖြစ်ရပ် ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်၏ ပြောဆိုချက်အရ သိရသည်။

ည ၈ နာရီခန့်က ပစ်ခတ်မှုဖြစ်ရာ ကျည်ဆံသည် ဘယ်ဘက်ပါးပြင်မှ နားရွက်အောက်ခြေသို့ ဖောက်ထွက်သွားသဖြင့် ဒဏ်ရာကြောင့် တရုတ်နိုင်ငံဘက်ရှိ မြန်မာနိုင်ငံနှင့် ထိကပ်နေသည့် ရွှေလီမြို့ ဆေးရုံကြီးတွင် ယခုအခါ ဆေးဝါးကုသခံနေရကြောင်း သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၇ ရက်
ရက်သတ္တပတ် ၂၈၊ ၂၀၀၉
မြန်မာသတင်း

လေဆင်မောင်းသတင်း အစိုးရ ဖေါ်ပြချက် အဖြစ်မှန်နှင့် ကွဲလွဲ

ဧရာဝတီတိုင်းအတွင်း ဇူလိုင် ( ၁၄) ရက်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်ကို ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ဖော်ပြခဲ့သော်လည်း အိမ်ခြေမည်မျှ ပျက်စီးသွားသည်ကို ဖော်ပြထားခြင်းမရှိပေ။

သတင်းတွင် လူနေအိမ်အချို့နှင့် အဆောက်အအုံအချို့တို့ အမိုးအကာများ ပျက်စီးသွားကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော အိမ်ထောင်စုနှစ်စုကို ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေရာချထားပေးကြောင်း စသဖြင့် ရေးသားထားသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကြီးကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် အဆောက်အအုံအချို့ အမိုးအကာများ ပျက်စီးပြီး လူ(၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဖိုးလပြည့် ရဟတ်ယာဉ်မောင်း လေ့ကျင့်

(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်သည် ရဟတ်ယာဉ်မောင်း လေ့ကျင့်လျက်ရှိကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။

အသက် ၂၀ နှစ်ကျော် ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်သည် အဖိုးဖြစ်သူ နအဖ အကြီးအကဲပိုင် ရုရှားလုပ် ရဟတ်ယာဉ်ဖြင့် မိတ္ထီလာ လေတပ်စခန်းမှ တက်ရောက်ပျံသန်းပြီး ပုဂံမြို့တွင် သက်ဆင်းမှု ပြုလုပ်နေခဲ့သည်ဟု သိရသည်။ သင်တန်းဆရာများမှာ လေတပ်စခန်းမှ အရာရှိများ ဖြစ်ကြသည်။

အဖြူရောင် ရဟတ်ယာဉ်မှာ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက လက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့သည်ဟု စစ်ဘက် အသိုင်းအဝိုင်းတွင် ပြောကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ထိုင်းနယ်မြေအတွင်း ၀ှက်ထားသည့် လက်နက်များ တွေ့ရှိ

ထိုင်းနယ်စပ်တွင် ယမန်နေ့က သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) ၏ ပစ္စည်းများ ဖြစ်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဖလူးရွာအနီး မြေကြီးထဲ၌ ၀ှက်ထားသည့် လက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်မှ ယမန်နေ့က တွေ့ရှိသိမ်းဆည်းခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကမူ ၎င်းပစ္စည်းများနှင့်ပတ်သက်၍ ငြင်းဆိုလိုက်သည်။

ယခုသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို မဲဆောက်မြို့၏မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာအဝေးရှိ မဲ့ဖလူးရွာအနီးတွင် မြေအောက်၌ စနစ်တကျ ကွန်ကရစ်ကန်ပြုလုပ်ကာ သိမ်းဆည်းထားခြင်းဖြစ်သည်။

အဆိုပါလက်နက်များမှာ နောက်ပွင့် လက်နက်ကြီး (၁) လက်၊ စစ်သေနတ်မျိုးကွဲ (၂) လက်၊ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၄) လက်နှင့်ကျည်များ၊ ၆၀-မမ မော်တာ ကျည်ဆန်များ၊ ဒေသလုပ်မြေမြှုပ်မိုင်းများနှင့် အခြားဆက်စပ်ပစ္စည်းတို့ ပါဝင်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗိုလ်ချုပ်မောင်အေး ရှမ်းပြည်တွင်း ခရီးလှည့်လည်

(မဇ္ဈိမ)။ ။ စစ်အစိုးရအဖွဲ့၏ နံပါတ် ၂ အကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ရှမ်းပြည်နယ်အတွင်း ခရီးစဉ်ကို ယနေ့တွင် အဆုံးသတ်ဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များအရ သိရသည်။

ယခုတပတ် တနင်္လာနေ့မှ စတင်သော ခရီးစဉ်အတွင်း ပြည်နယ်အတွင်းရှိ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စ ဦးစားပေးဖြစ်သည်ဟု သိရသည်။

ယမန်နေ့က မေမြို့တွင် ရောက်ရှိနေခဲ့ပြီး နေပြည်တော်သို့ မကြာမီ ပြန်မည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

သေဒဏ်ကျ မွန်ပြည်သစ်ပါတီဝင် ၂ ဦးအား လွှတ်ပေးရန် တောင်းဆို

အင်းစိန်နှင့် သာယာဝတီအကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား လွှတ်ပေးရန် မွန်ပြည်သစ်ပါတီနှင့် ပြည်ပရောက် မွန်အဖွဲ့အစည်းတို့က တောင်းဆိုလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရာတွင် စစ်အစိုးရအနေဖြင့် ၎င်းတို့နှစ်ဦးအား မဖြစ်မနေလွှတ်ပေးရန် ၎င်းတို့နှစ်ဦး အကျဉ်းကျသည့် (၆) နှစ်မြောက် ဇူလိုင် (၁၇) ရက် ယနေ့တွင် တောင်းဆိုကြခြင်းဖြစ်သည်။
သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်မျိုးသွေးအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အခက်အခဲ ရှိနေကြောင်းနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်ခြင်းမရှိကြောင်း နိုင်မျိုးသွေး၏အစ်ကိုဖြစ်သူ နိုင်ဗညားက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မြန်မာ့အမျိုးသမီးအသင်း အာရှဖလား ခြေစစ်ပွဲအောင်

ချင်းမိုင်။ ။ တိုက်စစ်မှူး မိုင်နီလာထွေး တဦးတည်းက ၃ ဂိုးသွင်းပေးပြီး တရုတ် (တိုင်ပေ) အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရလိုက်ခြင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။

ယခုလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ် (တိုင်ပေ) တွင် ကျင်းပခဲ့သည့် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု (က) တွင် အုပ်စုပထမအဖြစ် အနိုင်ကစားနိုင်သဖြင့် ၂၀၁၀ ခုနှစ် မေလအတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှဘောလုံးအသင်း AFC ၏ နောက်ဆုံးအဆင့် အာရှဖလား အမျိုးသမီးပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခြင်း ဖြစ်သည်။

ခြေစစ်ပွဲများကို တရုတ် (တိုင်ပေ) Hsinying မြို့ Tinan County အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အုပ်စု (က) တွင် အိမ်ရှင် တရုတ် (တိုင်ပေ) နှင့် ဂျော်ဒန် အသင်းတို့ကို အနိုင်ရရှိသဖြင့် မြန်မာအမျိုးသမီးအသင်းက နှစ်ပွဲပေါင်းရမှတ် ၆ မှတ်ဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

စတုတ္ထမြောက် A(H1N1) တုပ်ကွေးကူးစက်ခံရသူ မြန်မာနိုင်ငံတွင် တွေ့ရှိ

မြန်မာနိုင်ငံတွင် စတုတ္ထမြောက် A(H1N1) တုပ်ကွေး ကူးစက်ခံရသူ (၁) ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါလူနာမှာ ရန်ကုန်မြို့နေ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဇူလိုင် (၁၂) ရက်တွင် TG 305 ဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသူတဦးဖြစ်သည်။

ထိုခရီးစဉ်ဖြင့် လိုက်ပါလာခဲ့သော ခရီးသည်များအား ၎င်းတို့နေထိုင်ရာနေရာများသို့ လိုက်လံစစ်ဆေးစဉ် ယင်းလူနာမှာ အဖျားတက်၍ တုပ်ကွေးရောဂါလက္ခဏာ တွေ့ရသဖြင့် ဝေဘာဂီဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးပြီး ရောဂါဖြစ်ပွားကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ A(H1N1) တုပ်ကွေးဖြစ်ပွားမှု နေ့စဉ်ဆက်တိုက် သတင်းစာတွင် ဖော်ပြလာသည့်အတွက် လူမသိသူမသိ ရောဂါဖြစ်ပွား သူများလည်း ရှိနိုင်ကြောင်း မြောက်ဒဂုံတွင် ဆေးခန်းဖွင့်ထားသည့် အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးကူးစက်ခံရသူ (၄) ဦးရှိပြီဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ

နယူးဒေလီ (မဇ္စျိမ)။ ။ 'စာရေးဆရာ ကိုအောင်ဆန်း' အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ စိစစ်ရေးဌာနများသို့ လွန်ခဲ့သည့် ၅ လခန့်ကတည်းက တင်ပြခဲ့သော်လည်း ယနေ့တိုင် ထုတ်ဝေခွင့် မရသေးကြောင်း သိရသည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများ၏ စာမူများနှင့် ဗိုလ်ချုပ်၏ စာမူများဖြင့် ပြုစုထားသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို နေပြည်တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် သမိုင်းဌာနတွင် သောင်တင်နေဆဲဖြစ်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းမှ စာနယ်ဇင်းသမားများ အဆိုအရ သိရခြင်း ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)

Monday, July 13, 2009

သတင်းမှတ်စု ( ၂၇ )

ဇူလိုင်လ ၆ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးအခွင့်အလမ်းများ ဆုံးရှုံး ဟု ဘန်ကီမွန်းပြောကြား

နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းများကို မြန်မာစစ်အစိုးရ အနေဖြင့် လက်လွတ် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဇူလိုင် (၃) ရက်နှင့် (၄) ရက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်တောင်းခဲ့သည်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် မစ္စတာဘန်ကီမွန်းက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်အတွက် အလွန်စိတ်ပျက်မိကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်းကမူ နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသည်မှလွဲ၍ ကျန်သည့် အဆိုပြုချက်များကို အလေးအနက်ထားပြီး စဉ်းစားနေသည်ဟု ယူဆကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အများကလက်ခံနိုင်ရန် လုပ်ဆောင်လိုသည့်ဆန္ဒရှိကြောင်း ပြသရန် အရေးကြီးကြောင်းလည်း မစ္စတာဘန်ကီမွန်းက ထည့်သွင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေးထားဟု နအဖသတင်းစာတွင် ဖေါ်ပြ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးနိုင်ကြောင်း ကြိုတင်အသိပေး ထားပြီးဖြစ်ကြောင်း နအဖသတင်းစာများတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် မစ္စတာဂမ်ဘာရီ လာရောက်ညှိနှိုင်းစဉ်ကပင် ထိုကိစ္စအား အသိပေးပြီးဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ၏ ဇွန် (၂၆) ရက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ဆိုသည်မှလွဲ၍ ကုလသမဂ္ဂဘက်က အသေးစိတ်ပြောဆိုခြင်းမပြုခဲ့ပေ။

ယခုအခါ မစ္စတာဂမ်ဘာရီ၏ အကြိုခရီးစဉ်အတွင်း ကြိုတင်ညှိနှိုင်းထားချက်များကို မြန်မာစစ်အစိုးရက ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၎င်း၏ (၂) ရက်တာခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် (၂) ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး အလေးပေးပြောဆိုခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကိစ္စကို ငြင်းပယ်ခဲ့သည်။

ထိုသို့ငြင်းပယ်ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်မျှတစွာ ဆောင်ရွက်နေသော တရားစီရင်မှုတွင် မိမိတို့အနေဖြင့် အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပေးနိုင်ခွင့်မရှိပါကြောင်းဟု သုံးနှုန်းပြောဆိုသွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန်တွင် ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲလုပ် ပြည်တွင်းမီဒီယာများ မေးမြန်းခွင့်မရ

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအား စစ်အစိုးရအနေဖြင့် လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ဆောင်ရွက်သင့်သော်လည်း ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်မပေးသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

နအဖစစ်အစိုးရသည် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကိုလည်း လိုက်နာမှုမရှိကြောင်း ဇူလိုင်လ (၄) ရက် ညနေတွင် ရန်ကုန် မြို့ မူးယစ်ဆေးဝါးပြတိုက်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဂျာနယ်များမှ သတင်းတာဝန်ခံများ၊ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်တွင်းမီဒီယာများက မေးခွန်းများ မေးခွင့်ရရန် မျှော်လင့်ခဲ့ကြသော်လည်း ဘန်ကီမွန်းကို မေးခွန်းများ မေးခွင့်မပေးကြောင်း ရှင်းလင်းပွဲတက်ခဲ့သည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်း နိမ့်ကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးယူထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ပေးထားသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇူလိုင်လ ၇ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ရွှေဂုံတိုင်ကြေညာစာတမ်းကို နအဖ ကျောခိုင်းခြင်း ဖြစ်သည်ဟု သတင်းစာဆရာကြီး ဦးဝင်းတင်ပြောကြား

အန်အယ်လ်ဒီက ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက် အားလုံးကို နအဖစစ်အစိုးရက ကျောခိုင်းထားကြောင်း မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွင်း သိသာစေပြီဖြစ်သည်ဟု အန်အယ်လ်ဒီပါတီဝင် ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က ပြောသည်။

အန်အယ်လ်ဒီပါတီက ဧပြီလအတွင်း ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင်ကြေညာချက်တွင် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး စသည့်အချက်များကို တောင်းဆိုထားသည်။

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် မူဝါဒသစ်များ ပြောင်းလဲချမှတ်ရေးမှာလည်း ပါတီဖွဲ့စည်းခွင့်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပေါ်ထွက်လာပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဦးဝင်းတင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသော်လည်း ဗိုလ်ချုပ်မှူးကြီးပြောသော အားလုံးပါဝင်ခွင့်ရှိရေးနှင့် မစ္စတာဘန်ကီမွန်းပြောသော အားလုံးပါဝင်ခွင့်ရရှိရေးသည် စံသတ်မှတ်နှုန်းများ တူမည်မဟုတ် ကြောင်း ဦးဝင်းတင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန် ဂျီမေးလ် အသုံးပြုသူများ အခက်ကြုံ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂူဂဲလ် google အင်တာနက်မှ အခမဲ့ ဝန်ဆောင်မှုပေးသော ဂျီမေးလ် Gmail များ အသုံးပြုရာတွင် အခက်အခဲဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် အသုံးပြုသူများက ပြောသည်။

ပြီးခဲ့သည့် ၄-၅ ရက်ခန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ ဂျီမေးလ် အသုံးပြုသူများက မေးလ်လက်ခံစာများ ဖတ်ရန်၊ သို့မဟုတ် စာပို့ရာတွင် အခက်တွေ့နေရခြင်း ဖြစ်သည်။
ဂျီမေးလ်ဖွင့်ကာ Inbox ကို နှိပ်အပြီး ၁၀ စက္ကန့်အကြာတွင် Error ဟူ၍ ပေါ်လာပြီး ပြန်ဖွင့်မရသည်မှာ ၅ ရက်ခန့် ရှိနေပြီဖြစ်ကြောင်း ဂျီမေးလ်အသုံးပြုသူ ရန်ကုန်ဒေသခံတဦး အဆိုအရ သိရသည်။

သို့သော် ရန်ကုန်တိုင်းအတွင်းရှိ တချို့မြို့နယ်များတွင်မှု ဂျီမေးလ်များကို အသုံးပြု၍ အဆင်ပြေနေပြီ ဖြစ်သည်။

ယခုလို ဂျီမေးလ်အသုံးပြုမှု ခက်ခဲချိန်သည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ၂ ရက်ကြာ ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဇူလိုင် ၇ ရက်၊ ကျောင်းသားအရေးတော်ပုံနေ့ ကျင်းပ

စစ်အာဏာရှင်စနစ်တည်ရှိသရွေ့ ကျောင်းသားစိတ်ဓာတ် မည်သည့်အခါမှ ကွယ်ပျောက်သွားမည်မဟုတ်ကြောင်း ယနေ့ ကျရောက်သည့် (၄၇) နှစ်မြောက် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံနေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ကျင်းပသည့် (၄၇) နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) မှ တာဝန်ခံ ကိုမင်းနိုင်က စစ်အာဏာရှင်စနစ်နှင့် တဆက်တည်း ပေါ်ပေါက်လာသည့် ကျောင်းသားလှုပ်ရှားမှုကို ရည်စူးပြောကြားခြင်းဖြစ်သည်။
ကျောင်းသားစိတ်ဓာတ်၊ သမဂ္ဂစိတ်ဓာတ်ကို ကျောင်းသားအဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်သွားရန် လိုအပ်ကြောင်း သိရှိနိုင်ရန်အတွက် အခမ်းအနားဖြစ်မြောက်ရေးကော်မတီက ယခုကဲ့သို့ နှစ်စဉ်အခမ်းအနားများ ကျင်းပခြင်းဖြစ်သည်ဟုလည်း ကိုမင်းနိုင်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KIO က နယ်ခြားစောင့်တပ်အရေး ထပ်မံ ဆွေးနွေးမည်

ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၌ မနက်ဖြန်တွင် ထပ်မံ ဆွေးနွေးသွားမည်ဟု သိရသည်။

ဤသည်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် စတင်အဆိုပြုခဲ့သည့် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းသည် ၅ ကြိမ်မြောက် ဖြစ်မည်။

“ကျနော်တို့နဲ့ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ၈ ရက်နေ့မှာ မြစ်ကြီးနားမှာ ဆွေးနွေးမယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ စီစဉ်နေတုန်းဆိုတော့ တွေ့မယ့် အပိုင်းကိုပဲ ပြောနိုင်သေးတယ်” ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

မနက်ဖြန် ဆွေးနွေးပွဲသည် မေလ ၃ဝ ရက်နေ့တွင် KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ကိုင်တွယ်ရန် ဖွဲ့စည်းထားသည့် ၇ ဦး ကော်မတီနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မည်။

ပထမအကြိမ် တွေ့ဆုံခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့ ဆွေးနွေးပွဲတွင် KIO က မြန်မာစစ်အစိုးရ အဆိုပြုချက်ကို ငြင်းပယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သဖြင့် မနက်ဖြန်တွင် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်အရေး ကိုင်တွယ်ရန် ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် ဗိုလ်မှူးကြီး ဇော်ယော် ကိုပါ အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်တင်းထားသဖြင့် ကော်မတီဝင်ပေါင်း ၈ ဦး ရှိသွားပြီ ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၈ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ဖားကန့် ရေဘေးကယ်ဆယ်ရေး မလုပ်နိုင်သေး၊ ရေဘေးများ အခက်အခဲကြုံနေရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ဇူလိုင် (၅) ရက်က စတင်၍ ဒေသတခုလုံး ရေကြီးခဲ့ရာ လူအများအပြားသေဆုံးပြီး အိုးအိမ်အမြောက်အမြား ရေနစ်မြုပ်ခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့အချိန်အထိ မပြုလုပ်သေးကြောင်း ဒေသအတွင်းကလာသည့် သတင်းများအရ သိရသည်။

ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျသွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိနေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့်ကိုယ်သာ ရှင်းလင်းနေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေးကယ်ဆယ်ရေးအကူအညီ ယခုချိန်ထိ ရောက်ရှိမလာသေးကြောင်း ဖားကန့်မြို့ခံတဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့မှစတင်၍ မိုးများဆက်တိုက်ရွာသွန်းပြီး နောက်ပိုင်း ဖားကန့်ဒေသအတွင်း ဥရုချောင်း၊ ဝေခါချောင်း အပါအဝင် ချောင်းအသီးသီးမှရေများ ရုတ်တရက်မြင့်တက်လာသလို မြေစာပုံများ ပြိုဆင်းမှုကြောင့် လူနေအိမ်အများအပြား ရေအောက်နစ်မြုပ်သွားသလို လူ (၃ဝ) ထက်မနည်း သေဆုံးသွားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး


ချင်းမိုင် ။ ။ KNU ၏ လက်နက်ကိုင်တပ် KNLA မှ တပ်မဟာ ၇ ထိန်းချုပ်သည့် ဘားအံခရိုင်ရှိ နယ်မြေ ၂၅ ရာခိုင်နှုန်းခန့်ကို နအဖ နှင့် ဒီကေဘီအေ ပူးတွဲတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာ ၇ မှ ပြောက်ကျားတပ်များသည် ကျန်ရှိသည့် နယ်မြေ ၇၅ ရာခိုင်နှုန်းခန့်အနက် ၂၀ ရာခိုင်နှုန်းကျော်၌သာ ဝင်ထွက်လှုပ်ရှားနေကြောင်း KNU - ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုခြင်း ဖြစ်သည်။
ပီးခဲ့သည့် လဆန်းပိုင်းမှစ၍ နအဖ၊ ဒီကေဘီအေနှင့် KNU အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးများသည်လည်း ယခုအခါ အရှိန်လျော့သွားကာ၊ တိုက်ပွဲငယ်များသာ ကြိုကြား ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကာလတလျှောက် ဒီကေဘီအေ ဘက်မှ ၈၄ ဦး ကျဆုံး၍ ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ နအဖ တပ်ဖွဲ့များဘက်၌ ၁၀ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် KNU ဘက်မှ တဦးသာ ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက် )
+++++

ရန်ကုန်မြို့ မင်္ဂလာဈေးမှ ပြည့်တန်ဆာဈေးကွက် ကြီးမား ကျယ်ပြန့်လာ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအောက်ဘက်ရှိ ပြည့်တန်ဆာဈေးကွက်သည် တစထက်တစ ပိုမိုကြီးမားလာနေပြီး ပြည့်တန်ဆာလုပ်သူများ ပိုမိုများပြားလျက်ရှိသည်။

မင်္ဂလာဈေးဝင်းအတွင်းရှိ မင်္ဂလာဈေးသစ်အဆောက်အအုံ၌ ရွှေမြို့တော် အအေးခန်းဧည့်ရိပ်သာနှင့် ကာရာအိုကေများ၊ ဂျေဂျေ နိုက်ကလပ်နှင့် လပ်ကီးအနှိပ်ခန်းမကြီးတို့ကို တခမ်းတနား ဖွင့်လှစ်ထားရှိသည်။

ဈေးဝင်းအတွင်းမှ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင် အစရှိသည့်နေရာများတွင်လည်း ပြည့်တန်ဆာ မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး ပျော်ပါးလိုသူများက ၎င်းတို့အား ပျော်ပါးကြေး ကျပ် (၁) သောင်းခွဲနှင့် (၂) သောင်းကြား ပေးကာ တည်းခိုခန်းများသို့ ခေါ်ယူပျော်ပါးကြကြောင်း ပြည့်တန်ဆာထိန်း လူငယ်တဦးက ပြောသည်။ တိုင်းရဲ၊ တာဝန်ကျ စခန်းရဲ၊ သတင်းတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအပါအ၀င် လုံခြုံရေးအဖွဲ့အစည်းများအား ပြည့်တန်ဆာထိန်းများ က သူ့အုပ်စုနှင့်သူ အလှည့်ကျ ညစဉ် လိုင်းကြေးပေးဆောင်ကြရကြောင်း၊ တည လိုင်းကြေးစုစုပေါင်း (၁) သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။

နာဂစ်အပြီး ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ၊ ၂၀၀၉ ခု နှစ်ဦးပိုင်း ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပိတ်သိမ်းလိုက်ရသောစက်ရုံ၊ အလုပ်ရုံများမှ ရောက်လာကြသည့် အမျိုးသမီးများကြောင့် မင်္ဂလာဈေး အောက်ဘက် ပြည့်တန်ဆာဈေးကွက်မှာ ယခင်ထက် နှစ်ဆခန့်များလာကြောင်း အဆိုပါ ပြည့်တန်ဆာထိန်းလူငယ်က ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကရင် ဒုက္ခသည်များအား စခန်းပြောင်းရန် စီစဉ်

လာမည့်သုံးရက်အတွင်း နောင်ဘိုးဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၃၅၅) ဦးသည် နောင်ဘိုးရွာတောင်ခြေသို့ ပြောင်းရွှေ့နေထိုင်ကြရမည်ဖြစ်သည်။

အဆိုပါနေရာသည် ထိုင်းအာဏာပိုင်များက သဘောတူခွင့်ပြုသည့် ဧက (၃၀) ခန့်စီရှိ မြေနေရာနှစ်ခုဖြစ်ပြီး ဒုက္ခသည်များကို နောင်ဘိုးကျေးရွာ ရွာသူကြီးနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏အစီအစဉ်ဖြင့် ပြောင်းရွှေ့ပေးမည်ဖြစ်သည်။

နောင်ဘိုးဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို ကူညီမှုပေးနေသည့် လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “အခြေအနေအရ ဟိုဘက်ပြန်ဖို့ မရဲသေးဘူး။ အခု နောင်ဘိုးတောင်ခြေမှာ ဧက (၃၀) မြေနေရာ (၂) ခုမှာ အားလုံးလာပြီး ပေါင်းနေဖို့ စီစဉ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခင်က ထိုင်းအာဏာပိုင်များ၊ ယူအန်အိတ်ခ်ျစီအာ၊ တီဘီဘီစီ၊ ကေအာစီ၊ အိုင်အာစီနှင့် အခြား အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သဘောတူထားသည့် ထီးနိုခို့နေရာကို ထိုင်းအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ဖျက်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

မစ္စတာဘန်နှင့် တွေ့ဆုံမှုအပေါ် NLD ခေါင်းဆောင်များ အားမရ

နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၄ ဦးက ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည့်အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

ယခုလ ၃ ရက်နေ့က စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၄ ဦးနှင့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာတွင် အရေးကြီးသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးရန် အချိန်လုံလောက်မှု မရှိသည့်အပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) ၄ ယောက်စလုံးက လုံးဝ ကျေနပ်အားရမှု မရှိဘူးလို့ ပြန်ပြောကြတယ်။ မစ္စတာ ဘန်ကီမွန်းကိုလည်း ဒီလိုအရေးကြီးတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ပြောဆိုဆွေးနွေးဖို့ အချိန်မလုံလောက်ဘူးလို့ သူတို့ ပြောခဲ့တယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “ဟဲလို၊ ဘိုင့်ဘိုင် ပြောတာနဲ့တင် ၃-၄ မိနစ် ပြည့်သွားပြီလေ” ဟု ပြောသည်။

CEC အဖွဲ့ဝင်များထဲမှ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနှင့် ဦးလှဖေက မစ္စတာ ဘန်ကီမွန်းနှင့် ၁ဝ မိနစ်ကြာ သီးခြားပြောဆိုခွင့်ရရှိရာ NLD က အချက် ၄ ချက် တင်ပြခဲ့သည်။

၎င်းအချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၉ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ပထမဆုံး A (H1N1) တုပ်ကွေး တွေ့ရှိရသူ ဆေးရုံမှ ဆင်းပြီ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိရသူ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

လူနာနှင့် ဆက်စပ်ပတ်သက်မှု ရှိနေသူများသည်လည်း ရောဂါကူးစက်ခြင်း မရှိသဖြင့် ၎င်းတို့အား “ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ” ရုတ်သိမ်းခဲ့ကြောင်းလည်း သတင်းစာ၌ ဖော်ပြထားသည်။

မိန်းကလေးငယ်၏ မိသားစုဝင်များ၊ စာဖတ်ဝိုင်းမှ သူငယ်ချင်းများ၊ ဆရာမ စုစုပေါင်း ၁၃ ဦး၊ စင်္ကာပူမှ သူမ လိုက်ပါလာသည့် လေယာဉ်မှ ဝန်ထမ်းများနှင့် ခရီးသည် စုစုပေါင်း ၉၁ ဦး၊ ရန်ကုန်လေဆိပ်မှ တာဝန်ကျဝန်ထမ်း ၁၅၉ ဦး တို့အား ရောဂါရှိမရှိ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခုအခါ ရောဂါကူးစက်နိုင်ခြေရှိသောကာလ ၁ဝ ရက်ကျော်လွန်ပြီဖြစ်၍ ယခုလ ၆ ရက်မှစ၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ရုတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သတင်းစာထဲတွင် ဖော်ပြထားသည်။

သို့သော် ရောဂါတွေ့ရှိရသည့် မိန်းကလေးငယ်အား ဓာတ်ပုံသွားရောက်ရိုက်ယူခဲ့သူ Weekly Eleven ပြည်တွင်းဂျာနယ်မှ သတင်းထောက် ကိုဝင်းမြင့်ကျော်အား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ရုတ်သိမ်းမှု ရှိမရှိကိုမူ ရှင်းလင်းစွာ ဖော်ပြခြင်း မတွေ့ရပေ။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် အပြင်ထွက်ခွင့်ရ

တပ်မတော်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မကြာမီရက်ပိုင်းက အပြင်ထွက်ခွင့်ရသည်ကို တွေ့ခဲ့ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇူလိုင် (၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ်တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီးဟောင်း၏ဇနီး ဒေါ်ခင်စန်း၏ ဈာပနသို့ လာရောက် နာရေးမေးမြန်းခဲ့စဉ် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေးခရီးစဉ်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စီစဉ်ပေးခြင်းဖြစ်ကာ နာရေးအိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးအပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်ရန် ကမ်းလှမ်း

နယူးဒေလီ ။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက မြန်မာနိုင်ငံသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်လည်ပတ်ရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျ သဘာပတိသည့် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံသို့ လည်ပတ်လိုသည်ဟု ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦး၏ အဆိုအရ သိရသည်။
သို့သော်လည်း ထိုင်းဝန်ကြီးချုပ်မှ ကမ်းလှမ်းထားသည့် ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသေးစိတ် မှတ်ချက်ပေးရန် သူက ငြင်းဆိုသည်။ ဤခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်အသစ်၏ သံခင်းတမန်ခင်း ခရီးစဉ်တခုသာဖြစ်ကြောင်း ထိုင်းအစိုးရ သတင်းရပ်ကွက်က ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည်

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရုံးများတွင် e- Telegram ခေါ် အင်တာနက်သုံးပြီး ကြေးနန်းပို့နိုင်သည့်စနစ် စတင်ကျင့်သုံး တော့မည်ဖြစ်သည်။

ယခု ကျင့်သုံးမည့် e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်ကြောင်း ကမ်းနားလမ်း စာတိုက်ကြီးရုံးမှ အကြီးတန်းအရာရှိတဦးက ပြောသည်။ ယခု e- Telegram စနစ်တွင် ကိုယ့်ဘာသာကိုယ် အင်တာနက်အီးမေးလ် အသုံးပြုနိုင်သူများအနေဖြင့် ကြေးနန်းရုံး သွားစရာမလိုဘဲ မြန်မာ့ဆက်သွယ်ရေးက ထုတ်ရောင်းသည့် Pre-paid Card Account ကတ်ကိုသုံးပြီး www.etelegram.net.mm ဝက်ဘ်ဆိုက်သို့ဝင်ကာ user name နှင့် password ဖြည့်ပြီး ကိုယ်ပို့ချင်သည့် လိပ်စာကို ကိုယ်ရေးချင်သည့် စာရိုက်ထည့်ပေးပို့နိုင်ကြောင်းလည်း သိရသည်။

ထိုသို့ပေးပို့လိုက်သည့် မေးလ်သည် သက်ဆိုင်ရာ မြို့နယ် စာတိုက်ကြေးနန်းရုံးသို့ ရောက်သွားပြီး ပရင့်အောက်ထုတ်ကာ လိပ်စာရှင်ထံ စာပို့သမားက စာရွက်နှင့် ပို့ပေးမည့် စနစ်ဖြစ်သည်။

သို့သော် မြန်မာတနိုင်ငံလုံး ကြေးနန်းရုံးပေါင်း (၇ဝဝ) ကျော်ရှိသည့်အနက် ကွန်ပျူတာအင်တာနက် သုံး၍ရသည့် ရုံး (၇ဝ) ခန့် တွင်သာ ယခုစနစ် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မူလ ကြေးနန်းရုံးရှိရာ ဒေသ (၁ဝ) ရာခိုင်နှုန်းခန့်တွင်သာ e- Telegram စနစ်ကို အသုံးပြုနိုင်မည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

လက်ဖက်အချို့ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့်ပြု

ချင်းမိုင်(မဇ္ဈိမ)။ ။ ဓာတုဆိုးဆေးပါဝင်၍ ပိတ်ပင်ထားခံခဲ့ရသည့် လက်ဖက် အမျိုးအစား အချို့အား ဆိုးဆေး ကင်းရှင်းကြောင်း ထောက်ခံချက်များ ထုတ်ပေးကာ ရောင်းချခွင့် ပေးလိုက်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ကပြောကြားလိုက်သည်။
မန္တလေးမြို့အခြေစိုက် နာမည်ကြီး အရီးတောင်း၊ ရွှေတုပ်၊ ရည်မွန်တို့နှင့် ရန်ကုန်မှ ယုဇန၊ ပင်ပျိုရွက်နု တို့ အပါအဝင် စုစုပေါင်း အမှတ်တံဆိပ် (၁၀) မျိုးခန့်အား ထောက်ခံချက်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ဖက် အမှတ်တံဆိပ် ၁၀၀ ကျော်၌ အဝါရောင်ဆိုးဆေး Auramine O ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ၂ လ ခန့်အကြာတွင် ယခုကဲ့သို့ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ထောက်ခံချက်ပေးနိုင်ရန် စစ်ဆေးရာတွင် လက်ဖက်အတွင်း၌ ဓါတ်တုဗေဒပစ္စည်းပါဝင်မှု ရှိမရှိ သာမက ဆိုင်ခန်းသန့်ရှင်းရေး၊ လုပ်ငန်းလုပ်နေသူများ၏ ကျန်းမာရေး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ အလုပ်ရုံအနေအထား စသည်တို့ကိုလည်း ထဲ့သွင်းစဉ်းစားသည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ပန်ဆိုင်းရဲများ ပစ်ခတ်၍ ကယ်ရီသမားလူငယ် ၂ ဦး သေဆုံး

ဇူလိုင် (၇) ရက် ညပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအတွင်းရှိ အိမ်တအိမ်တွင် ပန်ဆိုင်းမြို့မှ ရဲများရောက်ရှိနေစဉ် ဆိုင်ကယ် ကယ်ရီသမားများက ဝင်ရောက်တိုက်ခိုက်ရာ ရဲများကပြန်လည်ပစ်ခတ်ခဲ့သဖြင့် လူငယ်နှစ်ဦးပွဲချင်းပြီး သေဆုံးသွားသည်။

မူဆယ်မြို့နယ်အတွင်းရှိ (၁ဝ၅) မိုင်နှင့် ပန်ဆိုင်းအကြား နမ့်တောင်းကျေးရွာရှိ အိမ်တအိမ်တွင် စခန်းချပြီး ဖြတ်သန်း သွားလာနေကြသည့် မှောင်ခိုကယ်ရီသမားများထံမှ ငွေတောင်းခံနေကြသည့် ရဲသား (၅) ဦးခန့် ရောက်ရှိနေစဉ်အတွင်း ဆိုင်ကယ် ကယ်ရီသမားအချို့က အိမ်အတွင်းသို့ဝင်ရောက်ပြီး ဓားဖြင့်ခုတ်ရန်ကြိုးစားသဖြင့် ရဲများက သေနတ်ဖြင့် ဝိုင်းပစ်၍ ဆိုင်ကယ် ကယ်ရီသမား တရုတ်လူငယ် (၂) ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မူဆယ်ဒေသခံတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘင်္ဂလားနယ်စပ်တွင် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိ

ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသည်ဟု ယုံကြည်ရသော ဘိန်းဖြူ ၂ ကီလိုဂရမ်ခန့်ကို နှစ်နိုင်ငံ နယ်စပ်ဒေသ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ယခုတပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်လုံခြုံရေးတပ် သတင်းရပ်ကွက်နှင့် မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။

ယခုလ ၄ ရက်နှင့် ၇ ရက်နေ့တွင် ဘင်္ဂလား-မြန်မာ နယ်စပ်မြို့ တက္ကနာနှင့် ကော့စ်ဘဇာမြို့သို့ သွားရောက်ရာ ကားလမ်းပေါ်ရှိ နယ်စပ် လုံခြုံရေးတပ် BDR စစ်ဆေးရေး ဂိတ်များက တကြိမ်လျှင် တကီလိုခန့် ဝင်ဆန့်သည့် ဘိန်းထုပ်တထုပ်စီကို မော်တော်များပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

၎ ရက်နေ့တွင် 'ဒုံးဒုံးများ' အမည်ရှိ BDR နယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်၌ ရှာဖွေရရှိကြောင်း ဂိတ်တာဝန်ကျ BDR တပ်သားတဦးက မဇ္ဈိမကို ပြောဆိုသလို၊ ၇ ရက်နေ့တွင် ဝိုက်ကျောင်းအမည်ရှိ BDR ဂိတ်၌ သိမ်းဆည်းရမိကြောင်း မျက်မြင်သက်သေ ဝိုက်ကျောင်းရွာသားတဦးကလည်း ပြောသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများမှာ မြန်မာဘက်မှ ဝင်ရောက်သော ဘိန်းဖြူများဖြစ်ကြောင်း တက္ကနာမြို့မှ ထောက်လှမ်းရေး တဦးက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ရန်ကုန်တွင် မိုးရာသီ၌လည်း လျှပ်စစ်အပြည့်အ၀မရ

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သည့် မိုးတွင်းကာလရောက်နေသော်လည်း ရန်ကုန်မြို့တွင် နွေရာသီကဲ့သို့ပင် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ပေးဝေနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးအဖွဲ့ အကြီးတန်းအရာရှိကြီးတဦးက ဇူလိုင်လတွင် လျှပ်စစ်မီးအပြည့်အ၀ရရှိမည်ဟု ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် ပြီးခဲ့သည့်မေလကုန်တွင် ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ယခင်အတိုင်း လျှစ်စစ်မီးကို အချိန်ပိုင်းဖြင့် ပေးနေသည့်အပြင် မီးအားအပြည့်မရဘဲ မီးပျက်သည်ကများနေကြောင်း မြို့ခံများက ပြောသည်။

ရေအားလျှပ်စစ်ဖြင့် ရန်ကုန်မြို့တွင် မီးပေးဝေရန် အဆင်သင့်ဖြစ်နေကြောင်း၊ သို့သော် အမှတ် (၂ ) လျှပ်စစ်ဝန်ကြီးက မပေးဝေရဟု အမိန့်ထုတ်ပြန်ထားကြောင်း၊ မည်သည့်အကြောင်းကြောင့် တိတိကျကျ မပြောနိုင်သော်လည်း အထက်မှ အမိန့်ကြောင့်ဟု ခန့်မှန်းနိုင်ကြောင်း ရန်ကုန်မြို့လျှပ်စစ်ပေးဝေရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက် ပမာဏမှာ မြန်မာတနိုင်ငံလုံးသုံးစွဲမှု၏ ထက်ဝက်ကျော်ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့၏ တရားဝင်စာရင်းများအရ သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်းသွားချင်သူများ ကော့သောင်းတွင် ဘတ် ၃ ထောင်ထိ ပေးရ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများက ကော့သောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူပွဲစားများအား ဘက်ငွေ ၃၀၀၀ ထိ ပေးနေရသည်။

ကော့သောင်း တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်ခြင်း မပြုနိုင်ရန် အာဏာ ပိုင်များက ဖွဲ့ထားသော တားဆီးရေးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း မခံရစေရန် ပွဲစားများမှ တဆင့် လဝက၊ ရဲတို့ကို ငွေပေးနေရခြင်းဖြစ်သည်။
ပွဲစားနှင့် ကြိုတင်အချိတ်ဆက် မရှိသူများသည် ဖမ်းဆီးခြင်းခံရပြီး နေရပ်ရင်းသို့ လာလမ်း အတိုင်း ပြန်ပို့လျက်ရှိသည်။

ကော့သောင်းမှတဆင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ မသွားရောက်နိုင်ရန် တားဆီးရ မည်ဟု အမိန့်ထုတ်ထားသော်လည်း လာဘ်ငွေယူ၍ လွှတ်ပေးနေမှုများကို အထက်အရာ ရှိများ သိရှိသွားသဖြင့် ဝန်ထမ်းများကို နေရာရွှေ့ပြောင်းမှုများ မကြာခဏ ပြုလုပ်လေ့ ရှိနေသည်။
ကော့သောင်းမြို့သို့လာရာ လမ်းတလျှောက်တွင်လည်း လုံခြုံရေးဂိတ်များ အဆင့်ဆင့် ဖြတ်သန်းရပြီး ဂိတ်ကြေးများအဖြစ် ဂိတ်အသေးဖြတ်လျှင် ကျပ် ၁၀၀၀-၂၀၀၀ ပေးရပြီး၊ ဂိတ်ကြီးများတွင်မူ အနည်းဆုံး ကျပ် (၁-၂) သောင်း တောင်းကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇူလိုင်လ ၁၀ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရုံးချိန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် သောကြာနေ့က ပြုလုပ်သော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားခွင်က နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့သို့ သတ်မှတ်လိုက်သည်။

သူမကို ထောက်ခံသူ အများအပြား အင်းစိန်ထောင်ရှေ့သို့ သွားရောက် စောင့်ဆိုင်းနေခဲ့ကြပြီး လုံထိန်းရဲများနှင် လက်နက်ကိုင် စစ်သားများကလည်း အဆင်သင့်ရှိနေချိန် တရားခွင်ကို ပြုလုပ်ခဲ့သည်။

ခေတ္တခဏသာ ကြာမြင်သည့် တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဒုတိယမြောက် သက်သေ ဒေါ်ခင်မိုးမိုးကို ရုံးထုတ်ခဲ့သော်လည်း ထွက်ဆိုခွင့်မရဘဲ ရုံးချိန်းရက်သာ ပေးလိုက်ခြင်း ဖြစ်သည်။

အစောပိုင်းကတော့ တရားဆိုင်ဘက်က တင်ပြထားသော အခြားသော သက်သေ နှစ်ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒုဥက္ကဌ ဦးတင်ဦးတို့ကို ဗဟိုတရားရုံးကလည်း ပယ်ချလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒုတိယမြောက် A( H1N1 ) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားသူ နောက်ထပ်တဦး ထပ်မံတွေ့ရှိကြောင်း စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ကြေညာသည်။

အဆိုပါရောဂါတွေ့ရှိသူမှာအသက် (၂၀) အရွယ် အမျိုးသားဖြစ်ကြောင်းနှင့် ၎င်းသည် ဇူလိုင် (၆) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ်အမှတ် FD 3770 ဖြင့် ပြန်လာခဲ့ကြောင်း ယမန်နေ့ ညနေသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်တွင် အဆိုပါအမျိုးသားမှာ ဇူလိုင် (၇) ရက် မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက်တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေအိမ်ကိုသွားရောက်ကြည့်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဆေးရုံ၏ သီးသန့်လူနာခန်းတွင် ထားရှိကာ ပြည်သူ့ကျန်းမာရေးဌာနက စမ်းသပ်စစ်ဆေးချက်အရ New Influenza A(H1N1) ရောဂါရှိသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

ရောဂါတွေ့ရှိသောသူနှင့် အတူလေယာဉ်စီးလိုက်ပါလာသော ခရီးသည် (၁၀၄) ဦး၊ လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို လိုက်လံရှာဖွေလျက် စောင့်ကြပ်ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို

ချင်းမိုင်(မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ် ကရင်အဖွဲ့တခုဖြစ်သော ဟောင်သရောအဖွဲ့ (KPF) မှ တပ်ရင်း (၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်များ အား ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒအရ လာရောက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ငြင်းဆိုလိုက်သည်။

“ဒု ဗိုလ်မှူးကြီး မန်းလေးဝါး” နှင့် အဖွဲ့ဝင်တချို့ကို KNLA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ် (မြိုင်သာယာ) တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီး လိုက်သည်ဟု KPF နှင့် နီးစပ်သူများကို ကိုးကား၍ ထိုင်းနယ်စပ်အခြေစိုက် ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း “တပ်ရင်းမှူးစောလေးဝါး” နှင့်အဖွဲ့အား KNLA တပ်ဖွဲ့ ဝင်များက ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းတွင် ဖမ်ဆီးလိုက်သည်ဟု KNU နှင့် နီးစပ်သူများ ကို ကိုးကား၍ ရေးသားထားသည်။

ဒုဗိုလ်မှူးကြီး မန်းလေးဝါး အဖွဲ့ထံမှ RPG (၁) လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂) လက်၊ ပစ်စတို (၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို KNLA က သိမ်းဆည်းသွားကြောင်း ကရင်သတင်းစဉ်တွင် ဖော်ပြထားသည်။

သို့သော် ဗိုလ်မှူးစောလှငွေကမူ လာပူးပေါင်းသည့် အင်အားမှာ (၃ဝ) ခန့်ရှိပြီး ၎င်းတို့နှင့်အတူ RPG၊ AK-47၊ M-16 အပါအဝင် လက်နက်စုံ (၂၁) လက်နှင့် စကားပြောစက် (၅) လုံးခန့် ပါလာ သည်ဟုဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မုံဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ကျောင်းတက်သူ ဦးရေ ထက်ဝက်ခန့်လျော့ကျ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ကျောင်းသားအချို့ သေဆုံးခဲ့သောကြောင့် ယခုသီတင်းပတ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ လျော့ကျသွားကြောင်း မြို့ခံများက ပြောသည်။

ဇွန်လကုန်ပိုင်းမှစ၍ မော်လမြိုင်ဆေးရုံကြီး၌ တုပ်ကွေးရောဂါဖြစ်ပွားနေသည့်ကလေးငယ် အများအပြားရှိနေပြီး အများစုမှာ ကော့ကရိတ်၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့မှဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ယခုနှစ်တွင် မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူများ ယမန်နှစ်ကထက် များပြားပြီး သွေးလွန်တုပ်ကွေးကြောင့် ကျောင်းသားအချို့ သေဆုံးမှုများဖြစ်ပွားနေချိန်သည် မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါစွဲကပ်သူတဦး တွေ့ရှိကြောင်း အစိုးရက တရားဝင်ကြေညာခဲ့ပြီးနောက်ပိုင်း ရောဂါကာကွယ်ရေး သတိပေးချက်များ အဆက်မပြတ်ထုတ်ပြန်နေချိန်ဖြစ်သည့် အတွက် မုဒုံမြို့တွင် ကျောင်းသားအချို့ A(H1N1) တုပ်ကွေးရောဂါဖြင့် သေဆုံးသွားသည်ဟူသော ကောလာဟလသတင်း များလည်း ထွက်ပေါ်နေသည်။

ထိုသို့သတင်းများထွက်ပေါ်နေသည့်အတွက် ကျောင်းသားမိဘများက စိုးရိမ်ကာ ကျောင်းသားများအား ကျောင်းသို့ စေလွှတ်ရန် ငြင်းဆန်နေခြင်းကြောင့် ယခုအခါ မုဒုံမြို့ အမှတ် (၁) နှင့် အမှတ် (၂) အ.ထ.က ကျောင်းများတွင် ကျောင်းသားဦးရေ (၅၀) ရာခိုင်နှုန်းခန့် လျော့ကျသွားကာ စာသင်ကြားရန် မဖြစ်နိုင်တော့ကြောင်း မုဒုံမြို့ အမှတ် (၂) အထက်တန်းကျောင်းမှ ကျောင်းဆရာက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပုစွန်လုပ်ငန်းမှ ဆားငန်ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး

ရန်ကုန်။ ။ ရေငန်ပုစွန်ဖမ်း လုပ်ငန်းများက အဆင်အခြင်မဲ့ ရေအထုတ်အသွင်း လုပ်သဖြင့် လယ်များအတွင်း ရေငန်ဝင်သောကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပြင်စလူကျွန်းပေါ်တွင် လယ်မြေအများအပြား စပါးစိုက်မရကြောင်း ဒေသခံများအဆိုအရ သိရသည်။

ယခုနှစ်တွင် လေလံပစ်၍ လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းရှင်များက ကျွန်းကို ဆားငန်ရေ ဝင်ရောက်မှုကို ဟန့်တားနိုင်ရန် ပြုလုပ်ထားသည့် ပတ်တာ (ကျွန်းကို ပတ်ပတ်လည် ကာရံထားသည့်တာ) ကို ဖွင့်၍ ရေသွင်းရေထုတ် ပြုလုပ်ကာ ပုစွန်ဖမ်းသဖြင့် လယ်များအတွင်း ဆားငန်ရေဝင်ကာ ပျက်စီးကုန်ခြင်း ဖြစ်သည်။ အရာရှိ ရှင်းအီမှာအို Shin _mao က “အနည်းဆုံး ကီလိုမီတာ ၁၀၀၀ လောက် တာပေါင်ပြင်ဖို့ ဒါမှမဟုတ် ပင်လယ်ရေ မဝင်နိုင်အောင် ပိုပြီးမြင့်အောင်ဖို့ဘို့ လိုအပ်နေပါတယ်။ အခုကတော့ ကီလိုမီတာ ၁၀၀ လောက်ပဲ ကောင်းကောင်း ပြင်ရသေးတာပါ” ဟု ဆိုသည်။

လယ်မြေများအတွင်း ဆားငန်ရေ ထပ်မံ၍ မဝင်ရောက်နိုင်ရေးအတွက် ကြိုတင်လုပ်ဆောင်ထားရန် အရေးကြီးသလို၊ ကုန်ကျငွေအားဖြင့် အနည်းဆုံး ဒေါ်လာသန်း ၁၀၀ လိုအပ်နိုင်ကြောင်းနှင့် ဆားငန်ရေ ဝင်ရောက်မှုကြောင့် လယ်မြေများသာမက အရေးကြီးသည့် ရေအရင်းအမြစ်များပါ ပျက်စီးရကြောင်း သူက ဆက်ပြောသည်။

ဖျာပုံမြို့နယ်ရှိ လယ်သမားတဦးကမူ သူတို့၏ မြို့နယ်တဝိုက်တွင် ဆားငန်ရေ ဝင်ရောက်သည့် အန္တရာယ်ကို ကြိုတင် ကာကွယ်ထားသဖြင့် စပါးခင်းများ ပျက်စီးခြင်း မရှိကြောင်း ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာငွေဈေးကျသဖြင့် မြန်မာဆန် အ၀ယ်လိုက်

မြန်မာငွေဈေးကျသဖြင့် မြဝတီမှထိုင်းဘက်သို့ တရားမဝင် မြန်မာဆန်တင်သွင်းသူများ အကျိုးအမြတ်ပိုမိုရရှိလာသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နှစ် နှစ်လယ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ် (၃.၆၀) အထိ မြန်မာငွေ ဈေးမြင့်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာကုန်ပစ္စည်းများကို ပမာဏလျှော့၍ တင်သွင်းခဲ့ရာတွင် မြန်မာဆန်ကိုလည်း ဝယ်ယူ တင်သွင်းမှု လျှော့ချခဲ့သည်။

ယခုအခါ မြန်မာကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၂.၉၈) သာ ရှိတော့သဖြင့် ယခုလဆန်းမှစ၍ မြန်မာဘက်မှဆန်များကို ထိုင်းကုန်သည်များက နေ့စဉ် ဆန်အိတ်ရေ (၅,၀၀၀) ခန့် ပြန်လည်တင်သွင်းလျက်ရှိသည်။

ထိုင်းကုန်သည်ကြီးများက ထိုင်းဆန်နှင့်စာလျှင် ထက်ဝက်နီးပါးခန့်ဈေးချိုသည့် မြန်မာဆန်ကို တင်သွင်းပြီး ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာနိုင်ငံသားများနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများ၊ မုန့်တီစက်ရုံ၊ ဆန်ခေါက်ဆွဲနှင့် ဆန်ကြာဇံစက်ရုံများသို့ တဆင့်ပြန်လည်ရောင်းချကြသည်။

ကီလို (၅၀) ဝင်အိတ်ရေ မြန်မာဆန် အိတ်ပေါင်း (၁၀,၀၀၀) ခန့်ကို ထိုင်းဘက်သို့ ယမန်နှစ်၌ နေ့စဉ်တင်သွင်းခဲ့သော်လည်း မြန်မာငွေ တန်ဖိုးတက်သွားသဖြင့် ဆန်တင်သွင်းမှုကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီးနောက် မြန်မာငွေဈေး ပြန်ကျလာသည့် အတွက် ယခုလဆန်းမှစတင်ကာ မြန်မာဆန်များကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

တာ့ခ်ခရိုင် မဲဆောက်-မယ်လမ-ဖို့ဖ (၃) မြို့နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား (၃) သိန်းခန့်မှာ သုံးချိုးနှစ်ချိုးခန့် ဈေးချိုသည့် မြန်မာဆန်ကိုသာ ဝယ်စားကြကြောင်း မဲဆောက်မြို့မှ မြန်မာဆန် လက်လီလက်ကားရောင်းသူတဦးက ပြောသည်။
(ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက်)
+++++

ကျောက်ကုန်သည်များ ကူမင်းသို့ သွားရောင်း

ရွှေလီ (မဇ္ဈိမ) ။ ။ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ယနေ့မှစ၍ ကျင်းပသည့် ကျောက်မျက်ပွဲတော်သို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ကျောက်ကုန်သည်များ လာရောက်ပြသကြသည်။

၉ ရက်ကြာ ကျင်းပမည့် ကူမင်းမြို့ နိုင်ငံတကာ ကျောက်မျက်ပွဲတော်သို့ စီးပွားရေးလုပ်ငန်းရှင်နှင့် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးတေဇ ဦးဆောင်ကာ ကျောက်မျက် ကုမ္ပဏီများမှ ကုန်သည်ဦးရေ ၂၀ ခန့်လည်း လာရောက်ပြသခြင်း ဖြစ်သည်။
မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုနှင့် စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် ဦးတေဇက သူပိုင် Air Pagan လေယာဉ်ဖြင့် မြန်မာအသင်းဝင် အားလုံးကို အခမဲ့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ပြပွဲသို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကျောက်ကုန်သည်များကိုသာ အဓိက ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အသင်းဝင်နိုင်ငံ တချို့မှ ကျောက်ကုန်သည်များ လာရောက်ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ယခုနှစ်ပညာသင်နှစ် ၇ လသာရှိမည်ဟု ၀န်ကြီး ပြောကြား

၂၀၀၉-၂၀၁၀ အခြေခံပညာရေး စာသင်နှစ်ကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်ကာ စာမေးပွဲများကျင်းပရမည်ဟု နအဖစစ်အစိုးရ ၀န်ကြီးတဦး၏ပြောကြားချက်ကြောင့် ယခုနှစ်အတွက် စာသင်နှစ် (၇) လသာရှိနိုင်ကြောင်း မွန်ပြည်နယ် ပညာရေး အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်နေသည်။

သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်က ပြီးခဲ့သည့် ဇွန်လအတွင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ရေးမြို့နယ်၊ ခေါဇာမြို့ အထက်တန်းကျောင်း၌ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပညာရေးဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လပတ် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ အစည်းအဝေးပြုလုပ်ရာတွင် ယင်းသတင်း စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပညာရေးစနစ်သည် အဆိုးဘက်သို့သာ ဦးတည်စိုက်ကျနေသည်ဟု ကျိုက်မရောမြို့နယ်မှ အထက်တန်း ကျောင်းအုပ်ကြီးတဦးက မှတ်ချက်ပေးသည်။ မြန်မာနိုင်ငံတွင် မူလတန်းကျောင်းမှ အထက်တန်းကျောင်းများအပါအဝင် တနှစ်တာ ပညာသင်နှစ်အတွက် ပုံမှန်အားဖြင့် ဇွန်လမှ ဖေဖော်ဝါရီလအထိ (၉) လကျော် ကြာမြင့်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

Saturday, July 4, 2009

သတင်းမှတ်စု ( ၂၆ )

ဇွန်လ ၂၉ ရက်
ရက်သတ္တပတ် ၂၆ - ၂၇၊ ၂၀၀၉
မြန်မာသတင်း

သတင်းစာ ဆရာကြီး လူထုစိန်ဝင်းပြောဆိုချက် NLD တုံ့ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရပ်တည်လုပ်ဆောင်ချက်များကို ပြင်ပလူများ မသိရှိနိုင်ဟု သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ အန်အယ်လ်ဒီအပေါ် ဝေဖန် ပြောဆိုချက်များကို အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောကြားသည်။

ပြီးခဲ့သည့် စနေနေ့၌ အသံလွှင့်ဌာနတခု၏ မြန်မာပိုင်းအစီအစဉ်တွင် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားစဉ် ဆရာလူထုစိန်ဝင်းက အန်အယ်လ်ဒီသည် လေးစားဖွယ်ကောင်းသည့် အဖွဲ့အစည်းတရပ် မဟုတ်ဟု နအဖစစ်အစိုးရက ယူဆသဖြင့် တွေ့ဆုံဆွေးနွေးရေးကို ကျောခိုင်းနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်အယ်လ်ဒီပါတီ အနေဖြင့် အနှစ်နှစ်ဆယ်အတွင်း လှုပ်ရှားမှုမရှိဆိုသော ဆရာလူထုစိန်ဝင်း၏ ပြောဆိုချက်များကို သခင်ချန်ထွန်းက လက်မခံပေ။

အန်အယ်လ်ဒီပါတီအနေဖြင့် ခေါင်းဆောင်ပိုင်းနေရာများတွင် လူငယ်များနှင့် အစားထိုးကာ လူကြီးများက ၀န်းရံပေးသင့်သည်ဆိုသော လူထုစိန်ဝင်း၏ အမြင်သဘောထားကိုမူ ဦးအေးသာအောင်နှင့် ဦးချန်ထွန်းတို့ နှစ်ဦးစလုံးက သဘောတူလက်ခံကြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နောက်ဆုံးပေါ် H1N1 ဖြစ်ပွားသူ မြန်မာနိုင်ငံတွင် တွေ့ရှိ

ချင်းမိုင် (မဇ္ဈိမ)။ ။ H1N1 တုပ်ကွေးဖြစ်ပွားသူ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တွေ့ရှိရကြောင်း နိုင်ငံပိုင် ရေဒီယိုက ယနေ့ညနေက ကြေညာသွားသည်။

အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတဦးတွင် တုပ်ကွေး လက္ခဏာ တွေ့ရှိ၍ ဆေးရုံသို့ သောကြာနေ့က ပို့ဆောင်ခဲ့ရာက H1N1 ဟု သိရှိရခြင်း ဖြစ်သည်ဟု မြန်မာ့အသံက ကြေညာသွားသည်။
( 27 2009 )
-------------------------
A (H1N1) အတွက် ဆေးဝါးလုံလောက်ဟု ကျန်းမာရေး အရာရှိ ပြောဆို

နယူးဒေလီ (မဇ္စျိမ)။ ။ လူကို ကူးစက်စေသည့် A (H1N1) တုပ်ကွေးရောဂါပိုး ကာကွယ်ကုသရေးအတွက် ဆေးဝါး အလုံအလောက်ရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနမှ အကြီးတန်း အရာရှိကြီးတဦးက ယနေ့ ပြောဆိုသည်။

စင်္ကာပူနိုင်ငံမှ လေကြောင်းခရီးဖြင့် ယခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေးတွင် A (H1N1) ပထမဦးဆုံး ကူးစက်ခံနေရသည်ကို နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုနိုင်ခဲ့ပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကျန်းမာရေး ဝန်ထမ်းများက ရန်ကုန်လေဆိပ် ကျန်းမာရေး စစ်ဆေးခဲ့စဉ်က သူမ၌ အဖျားမရှိသော်လည်း စာဖတ်ဝိုင်း၌ ချောင်းဆိုးနေသည်ကို သတိပြုမိခဲ့ရာမှ ဆရာမက မိဘများနှင့် တိုင်ပင်ကာ ယခုလ ၂၆ ရက်နေ့ ည ၉ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ စတင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း မြန်မာစစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြား MRTV မှ ၂၇ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
---------------------

တုပ်ကွေးသတင်း လိုက်သူ သတင်းထောက် ထိန်းသိမ်းခံရ

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ပထမဆုံး A (H1N1) ရောဂါဖြစ်ပွားသူဟု တရားဝင် ထုတ်ပြန် ကြေညာခံရသည့် ၁၃ နှစ်အရွယ် ကျောင်းသူလေးအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့သော သတင်းထောက်တဦးကို ယမန်နေ့က တာဝန်ရှိသူများက ထိန်းသိမ်းထားလိုက်သည်။

သတင်းထောက်သည် တာဝန်ကျ အစောင့်အား လာဘ်ပေး၍ ရောဂါဖြစ်ပွားနေသူ ကျောင်းသူလေးအား ဓာတ်ပုံရိုက်ခဲ့သည်။ မည်သူဖြစ်သည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သတင်းထောက်မှာ ရောဂါကာကွယ်ရေး ကိရိယာများ သုံးစွဲခြင်းမရှိသဖြင့် ရောဂါကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူများက ပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဦးတင်ဦးနှင့် ဦးဝင်းတင်တို့အား သက်သေထွက်ခွင့်မပြု

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုပေးမည့် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့အား သက်သေထွက်ခွင့် မပြုနိုင်ကြောင်း ဗဟိုတရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

အစိုးရဘက်မှ တရားလိုပြသက်သေ (၁၄) ဦး ထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသော သက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တနေရာ၌ စစ်အစိုးရနှင့် ပြည်တွင်း-ပြည်ပ ကုမ္ပဏီများ ပူးပေါင်း၍ သံရိုင်းသတ္တု တူးဖော်မည့် စီမံကိန်းကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ်များ ထောင်ချီ၍ ပျက်စီးဆုံးရုံးမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်းလူငယ် အစည်းအရုံးက ပြောသည်။

တောင်ကြီးနှင့် ဟိုပုံးမြို့အနီး၌ “ပင်းပက်တောင် သံရိုင်းတူးဖော်ရေး စီမံကိန်း” သည် ဒေသတွင်းမှ ‘ပင်းပက်တောင်’ တခုလုံးကို တူးဖော်ထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်နေပြီ ဖြစ်သဖြင့် တောင်ခြေနေ ကျေးရွာ ၂၅ ရွာမှ လူထု ၇ ထောင်ကျော်၏ အိုးအိမ်များ ပျက်စီးမည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ် အကုန် ၂၀၀၄ ခုနှစ် အစပိုင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကာလတွင် စတင် တူးဖော်မည်ကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သတ္တုသန့်စင်ရန် ဂါလံ ၄ သိန်း ၈ သောင်းဆန့် ရေတွင်း ၂ တွင်း၊ မြေအောက် ဥမင်များနှင့် အရာရှိ အိမ်ယာများ၊ စွမ်းအင်ရရှိရေး သဘာဝဓာတ်ငွေ့လိုင်းများ တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် တောင်ထိပ်ရှိ သစ်ပင်၊ ခြုံပင်များလည်း ၂၀၀၈ ခုနှစ်မှ စတင်၍ မြေတူးစက်များဖြင့် ရှင်းထားပြီးဖြစ်ကြောင်း ခွန်ချန်ကီက ပြောသည်။

မြန်မာနိုင်ငံတွင် လူထုရွေးကောက်ထားသည့် အစိုးရ မရှိသေးသရွေ့ ယခု “ပင်းပက်တောင်သံရိုင်း တူးဖော်ရေးစီမံကိန်း” ကို ရပ်ထားသင့်ကြောင်း PYO က တောင်းဆိုလိုက်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြို့တော် စည်ပင်ကြောင့် ရန်ကုန်မြို့ ညစ်ညမ်းနံစော်နေ

ရန်ကုန်မြို့တွင်း ရေလျှံဧရိယာများတွင် မြို့တော်စည်ပင်သာယာရေးအဖွဲ့က လုပ်နေသော မြောင်းတူးမြောင်းဖော် လုပ်ငန်းများကြောင့် တမြို့လုံး ညစ်ညမ်းပြီး အနံ့အသက်များ ဆိုးရွားနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယခုကဲ့သို့ မိုးကျကာစတွင် မြောင်းများ ရေလျှံသည့်ကိစ္စကို မည်သို့ ဖြေရှင်းပေးမည် ဆိုသည်ကို မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းအား သတင်းထောက်များက မေးခဲ့ဖူးပြီး မြောင်းရေလျှံခြင်းသည် ထုံးစံပဲဟု မချေမငံ ဖြေခဲ့ကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခဲ့ဖူးသည်။

ယခုနောက်ပိုင်း အခြေအနေ ပိုဆိုးလာသောကြောင့် မြောင်းသန့်ရှင်းရေး စီမံချက် ရေးဆွဲပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ယခုကဲ့သို့ မြောင်းရေလျှံသည့် ကိစ္စ၊ မြောင်းရှင်းခြင်းနှင့် မြောင်းရေ စုပ်ထုတ်ခြင်းတို့ကို နေရာအနှံ့အပြားတွင် လူအင်အား (၁,ဝဝဝ) ကျော်ခန့်ဖြင့် အကောင်အထည်ဖော် လုပ်ကိုင်နေကြောင်း ကြေညာထားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနယ်မြေကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေ လက်နက်ကိုင်တပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့ မိနစ်အနည်းအငယ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက နှစ်နိုင်ငံ နယ်စပ်ရှိ Moei မြစ်တလျှောက် တပ်လှန့်ထားလိုက်သည်။

ယခုလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ မယ်ခူလွန်းကျေးရွာကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေနှင့် တပ်ခ်ဒေသ မဲဆောက်ခရိုင်မှ ထိုင်းစစ်တပ်အကြား ၁ဝ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မွန်ပြည်သစ် - နအဖ အပစ်ရပ်အခမ်းအနား နအဖအရာရှိများ တက်ရောက်ရန် ပျက်ကွက်

ယနေ့ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် နအဖစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ရာတွင် မွန်ပြည်နယ်ရှိ စစ်အစိုးရ ထိပ်ပိုင်းအရာရှိများ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်သည့် (၁၄) နှစ်မြောက် အပစ်အခတ်ရပ်စဲရေး အခမ်းအနားကို မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်က ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် စာကြည့်တိုက်တွင် ကျင်းပခဲ့ရာ မွန်သံဃာတော်များအပါအဝင် တက်ရောက်သူပေါင်း (၁၀၀) ခန့်ရှိသည်ဟု ၎င်းက ပြောသည်။

နှစ်စဉ်ကျင်းပခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်အခမ်းအနားကို အစောပိုင်းနှစ်များတွင် မော်လမြိုင်မြို့ပေါ် ဟိုတယ်ကြီးများ၌ အဆိုအက ဖျော်ဖြေရေးများအပါအဝင် အကြီးအကျယ် ကျင်းပခဲ့သော်လည်း လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နိုင်ရွှေကျင် စာကြည့်တိုက်တွင်သာ အကျဉ်းချုံးကျင်းပခဲ့ပြီး စစ်အစိုးရ ဘက်မှလည်း တိုင်းမှူးအဆင့် တက်ရောက်ခဲ့ရာမှ ဗိုလ်မှူးအဆင့်သာ တက်ရောက်ခဲ့သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
အပူလှိုင်းကြောင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွား

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ အပူရှိန် ပြင်းထန်သည့် အပူလှိုင်း ကျရောက်ခဲ့သဖြင့် မြန်မာဒုက္ခသည်များ ရောဂါဝေဒနာများ ဖြစ်ပွားခဲ့သည်။

အပူချိန် ၄၇-၄၈ ဒီဂရီ စင်တီဂရိတ်ထိ မြင့်မားသည့် အပူလှိုင်းကြောင့် မြန်မာဒုက္ခသည် ကလေး၊ လူကြီးများ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ အရေပြားယားယံခြင်း၊ အဖုအပိမ့်ပေါက်ခြင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီမြို့၌ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ၄ ရက်ခန့်အထိ ၄၇-၄၈ ဒီဂရီ စင်တီဂရိတ်ရှိသည့် အပူလှိုင်း ကျရောက်တွင် လျှပ်စစ်မီးများလည်း အကြိမ်ကြိမ် ပြတ်တောက်ခဲ့သဖြင့် အိန္ဒိယနိုင်ငံသားများနည်းတူ မြန်မာနိုင်ငံသား ဒုက္ခသည်များလည်း အပူဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရခြင်း ဖြစ်သည်။

ဒေလီပြည်နယ်အနီးတွင် တည်ရှိသည့် ရာဂျပ်စတန်နှင့် ဘီဟားပြည်နယ်တွင် လူဦးရေ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
နာဂစ်မုန်တိုင်းသင့် ကျေးလက်ဒေသများ နာလန်မထူနိုင်သေး

နာဂစ်မုန်တိုင်းဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ဘိုကလေးမြို့နယ်အတွင်းရှိ ပျဉ်ဘိုးကြီး ကျေးရွာအုပ်စုသည် ယခုအချိန် အထိ ပြန်လည် ထူထောင်ပေးမှု အားနည်းနေသောကြောင့် စပါးအထွက်နှုန်း ကျဆင်းနေဆဲဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

နာဂစ်မုန်တိုင်းကာလအတွင်း လယ်ယာမြေများသည် ရေငန်လွှမ်းခဲ့သောကြောင့် မြေသားပြောင်းလဲခဲ့ပြီး မူလအခြေအနေ ပြန်လည်ရရှိရန် နောက်ထပ် (၅) နှစ်မျှ ရုန်းကန်ရဦးမည်ဟု လယ်သမားအများစုက ပြောသည်။

အစိုးရမီဒီယာများတွင် ကြိမ်ချောင်းကြီးကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုသည် စီမံကိန်း (က) အဆင့်ဟု ဖော်ပြပြောဆို နေသော်လည်း တကယ်လက်တွေ့တွင် လယ်သမားများအပါအ၀င် ဒေသခံများမှာ စိုက်ပျိုးရေးမှအစ နေရေးထိုင်ရေးအထိ အဆင်မပြေကြသေးကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆၀) ကျော်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုမှာ ဆိုးဝါးသောအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ပျဉ်ဘိုးကြီးကျေးရွာအုပ်စုတွင် ပါဝင်သောရွာများသည် နာဂစ်ဒဏ်ကို အပြင်းအထန်ခံခဲ့ရသော လူအသေအပျောက် အများဆုံး ကျေးရွာများဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ပဲခူးတွင် မိုးခေါင်သဖြင့် စပါးစိုက် နောက်ကျ


နယူးဒေလီ (မဇ္စျိမ)။ ။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း မိုးခေါင်သဖြင့် လယ်မြေအချို့တွင်သာ စပါး စိုက်ပျိုးနိုင်သေးကြောင်း လယ်သမားများ အပြောအရ သိရသည်။

ယခုလ ရက်သတ္တပတ်မှ စတင်ကာ မိုးစတင်ရွာသွန်းခဲ့သဖြင့် စိုက်ပျိုးမြေဧက အားလုံး၌ စပါးစိုက်ပျိုးနိုင်ခြင်း မရှိဘဲ လယ်ယာစိုက်ပျိုးမြေ ၅ ပုံ ၁ ပုံ၌သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများ အပြောအရ သိရခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်တွင် မိုးခေါင်သဖြင့် စပါးစိုက်ဧက ၁ သောင်းကျော်တွင် ၂၀၀၀ ၀န်းကျင်ခန့်သာ စိုက်ပျိုးနိုင်ကြောင်း လယ်သမားများက ဆိုသည်။

ယခုလို စပါးစိုက် နောက်ကျသဖြင့် စပါးအထွက်နှုန်းပါ ထိခိုက်မည့် အလားအလာရှိကြောင်း အခြား လယ်သမား တဦးက ဆိုသည်။
(မဇ္စျိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၃၀ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ကုလ- အတွင်းရေးမှူးချုပ် ဘန် မြန်မာနိုင်ငံသွားမည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့်ဇူလိုင် (၃) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအပါအ၀င် အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးတို့အတွက် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်မွန်တက်စ်က ပြောသည်။

ယခု သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌လည်း လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးသွားရန်ရှိသည်ဟု ကုလသမဂ္ဂမှ သတင်းထုတ်ပြန်သည်။ မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် (၄) ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဦးဂမ္ဘီရ အမှုများကို အယူခံဝင်ရာ တရားရုံးက ပလပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ သံဃာ့တပ်ပေါင်းစု ခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှုများကို ပြန်လည် စစ်ကြောရန် ရှေ့နေများက ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းခဲ့ရာ အမှုအားလုံးကို ယနေ့ နောက်ဆုံးထားကာ ပလပ်လိုက်ပြီ ဖြစ်သည်။

စွဲဆိုခံခဲ့ရသည့် အမှု ၁၆ မှုအတွက် အယူခံဝင်ခဲ့ရာ ယခုလ နောက်ဆုံးပတ်အတွင်း ၇ မှုကို ပလပ်၍ တမှုကို ပြစ်ဒဏ်လျှော့ချပေးခဲ့ပြီးနောက် ကျန်ရှိသည့် ၈ မှုအနက် ၄ မှုစီကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့နှင့် ယနေ့တွင် ထပ်မံ၍ ပလပ်လိုက်ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မယ်လဒုက္ခသည်စခန်း ပြာပုံဖြစ်ရမည်ဟု ဒီကေဘီအေတပ်ဖွဲ့ ကြိမ်းဝါး

ယခုလ (၂၆) ရက်တွင် ချုံခိုတိုက်ခိုက်ခံရသဖြင့် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဗိုလ်စံပြုံး (ဗိုလ်ဆန်ပြုတ်) အပါအ၀င် တပ်ဖွဲ့ဝင် (၁၀) ဦး အထိနာကျဆုံးခဲ့သဖြင့် လက်စားချေရန် မယ်လဒုက္ခသည် စခန်းကို ဖျက်ဆီးပစ်မည်ဟု ဒီကေဘီအေအဖွဲ့က ခြိမ်းခြောက် ကြိမ်းဝါးနေသည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုတွင် အသက်မသေဘဲ ဒဏ်ရာဖြင့် မဲဆောက်ဆေးရုံသို့ရောက်ရှိလာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက အဆိုပါ တိုက်ခိုက်မှုသည် ကေအန်ယူအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုသော်လည်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက အခင်းဖြစ်ပွားရာဒေသတွင် မိမိတို့တပ်ဖွဲ့ဝင်များမရှိကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

NDAA တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနား ကျင်းပ

ရွှေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - NDAA ဖွဲ့စည်းတည်ထောင်သည့် နှစ် ၂၀ ပြည့် အခမ်းအနားကို ရှမ်းပြည် (အရှေ့ပိုင်း) ရှိ ဌာနချုပ်၌ ယနေ့ ကျင်းပခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ အုပ်ချုပ်မှုအောက်မှ ခွဲထွက်ကာ လူမျိုးစု အဖွဲ့အစည်းတခုဖြစ်သည့် NDAA တည်ထောင်မှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဌာနချုပ် တည်ရှိရာ အထူးဒေသ ၄ မိုင်းလားမြို့၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

အပစ်ရပ်အဖွဲ့များထဲမှ ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ - UWSP မှ ဒုဥက္ကဋ္ဌ ကျောက်ယုံကွမ်း၊ ဝ'တောင်ပိုင်း ၁၇၁ စစ်ဒေသမှ နိုင်ငံရေးမှူး ပေါက်ယုံချိနှင့် စစ်ဦးစီးမှူး အပါအဝင် အင်အား ၅၀ ၀DAA မှ ဒုဥက္ကဋ္ဌ ဖုန်ကျားဖူး ဦးစီးသည့် အဖွဲ့ဝင်အင်အား ၂၀၀ ကျော်၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) - SSA (N) ဒုဥက္ကဋ္ဌ ဦးကိုင်ဖ ဦးစီးသည့် အင်အား ၂၀ ကျော်လည်း တက်ရောက်ခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးနှင့် အဆင့်နိမ့်အရာရှိအချို့သာ လာရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည် (အရှေ့ပိုင်း) မိုင်းလားဒေသရှိ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ လက်အောက်ခံ ဦးစိုင်းလင်း ခေါင်းဆောင်သည့် ရှမ်းနှင့် အခါ လူမျိုးစုလက်နက်ကိုင် အမှတ် ၈၁၅ စစ်ဒေသသည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဗကပ မှ ပုန်ကန်ခွဲထွက်ကာ NDAA တပ်မတော်ကို တည်ထောင်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လူရွှင်တော် ဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ရ

သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် လူရွှင်တော်ဇာဂနာကို ခယ်မဖြစ်သူ မငြိမ်းက မြစ်ကြီးနားထောင်တွင် ယမန်နေ့ နံနက်ပိုင်းတွင် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က ကိုသူရအား ထောင်ဝင်စာသွားတွေ့ရာတွင် မငြိမ်းသည် မိတ်ဆွေတဦးအိမ်တွင် တည်းခိုခဲ့သော်လည်း ယခုတခေါက်တွင် အာဏာပိုင်များ၏ နှောင့်ယှက်မှုကြောင့် တည်းခိုခန်းတွင် တည်းခိုနေရကြောင်း အဆိုပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသေးစိတ်မည်သို့ နှောင့်ယှက်သည်ကိုမူ မငြိမ်း ရန်ကုန် ပြန်မရောက် သေးသဖြင့် ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

A (H1N1) တုပ်ကွေး ကာကွယ်ရေး နှာခေါင်းစည်းများ ပြတ်လပ်

ရန်ကုန်။ ။ A (H1N1) လူတုပ်ကွေး ရောဂါပိုးရှိသူကို လွန်ခဲ့သည့် ၂ ရက်က မြန်မာနိုင်ငံ၌ တွေ့ရှိကြောင်း မြန်မာစစ်အစိုးရက ကြေညာပြီးနောက် ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် ရန်ကုန်ဒေသခံများသည် နှာခေါင်းစည်းများ အလုအယက် ဝယ်ယူကြရာ အရောင်းဆိုင်များ၌ ယနေ့ ပြတ်လပ်သွားသည်။

ရန်ကုန်မြို့ပေါ်ရှိ နာမည်ကြီး City mart အပါအဝင် ဆေးဝါး လက်လီအရောင်းဆိုင်များ၌ နှာခေါင်းစည်းများ ပြတ်လပ်ကုန်ပြီး၊ ဈေးကွက်အတွင်း တခုလျှင် ကျပ် ၁၅၀ ရှိရာမှ ယခု ၂ ရက်အတွင်း ကျပ် ၂၀၀ အထိ ဈေးတက်ခဲ့သလို၊ လမ်းဆုံများနှင့် ကားဂိတ်များ၌ လက်ကိုင်ရောင်းချများက တခုလျှင် ကျပ် ၄၀၀ အထိပင် ရောင်းချခဲ့ကြသည်။

မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးရောင်းချသော ဆိုင်များ၌လည်း လက်ကျန် နှာခေါင်းစည်းများ အဝယ်လိုက်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ပြတ်တောက်သွားဖွယ်ရှိကြောင်း မင်္ဂလာဈေး ၄ ထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
- - - - - - - - - - - - - - - - - - - - -
A (H1N1) တုပ်ကွေး ကျောင်းတွင်း ပညာပေးများ ရန်ကုန်မှာ ပြုလုပ်

နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်းရှိ အထက်တန်းကျောင်းများ၌ A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျောင်းတွင်း ပညာပေးအစီအစဉ်များ စတင် ပြုလုပ်နေပြီ ဖြစ်သည်။

ကမ္ဘာ့ လူတုပ်ကွေးကပ်ဟု ခေါ်ဆိုသည့် A (H1N1) တုပ်ကွေးရောဂါ ကာကွယ်ရေး ပညာပေး အစီအစဉ်များကို ရန်ကုန်တိုင်းရှိ ကမာရွတ် အထက်တန်းကျောင်း - အထက ၁ ၊ အင်းစိန် အထက ၁၊ မြောက်ဥက္ကလာ အထက ၅၊ အလုံ အထက ၂ တို့၌ ကျောင်းတွင်း ပညာပေးအစီအစဉ်များဖြင့် ပြုလုပ်လာကြခြင်း ဖြစ်သည်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် သတင်းဂျာနယ်တခု၏ ရုံးခန်းအတွင်း နှာခေါင်းစည်း ဝတ်ဆင်ရန်အတွက် ရုံးသူရုံးသားများကို အခမဲ့ ဝယ်ပေးကာ၊ တပ်ဆင်ရန်လည်း ဆော်သြထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

မြန်မာ သို့တင်ပို့မည့် တာဝေးပစ် ဒုံးကျည်သုံး ကရိယာ တရားမဝင် တင်ပို့မှုဖြင့် လူ ၃ ဦး အားဖမ်း

တာဝေးပစ် ဒုံးကျည်များ အကွာအဝေး တိုင်းထွာရာတွင် သုံးနိုင်သည့် အီလက်ထရောနစ် ကိရိယာ ပြည်ပ (မြန်မာ) သို့ တင်ပို့မှုဖြင့် ယမန်နေ့က ဂျပန်တွင် လူ ၃ဦး အား ဖမ်းဆီး လိုက်ရသည် ဟု ဂျပန် ရဲများ ပြောကြားချက် အရ ယနေ့ထုတ် ယူမီယူရီ သတင်းစာကြီး တွင် ဖေါ်ပြ ထားသည်။

လုပ်ငန်းသုံး ကုန်ပစ္စည်းများ ပြည်ပ တင်ပို့သည့် ကုမ္မဏီ မှတ်ပုံတင်ထားသော သူ တဦး၏ ကုမ္မဏီမှ ယခုနှစ် အစောပိုင်း ဇန္နဝါရီလ အတွင်းက ဂျပန်ယန်း ၇မီလျံ (အမေရိကန်ဒေါ်လာ ၇၃၀၀၀ ) တန်ကြေးရှိ လျှပ်စစ်သံလိုက် လှိုင်းသုံး အကွာအဝေး တိုင်းထွာသည့် အီလက်ထရောနစ် ကရိယာအား တရားမဝင် ကုန်သွယ်မှုပြုကာ ပြည်ပတင်ပို့ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရ မိခြင်း ဖြစ်သည်ဟု ဖေါ်ပြထားပြီး၊ ယင်းကုမ္မဏီမှာ ယမန်နှစ် စက်တင်ဘာလ လောက်ကလည်း ယခု ကရိယာနှင့် အလားတူ အမျိုးအစား တူညီသော အီလက်ထရောနစ် ဒဗိုက် အား မြန်မာနိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်း ခဲ့သေးသည်ဟု သတင်းထောက်များ က ဆိုသည်။

ယခုဖြစ်ရပ်ကို မြောက်ကိုရီးယားမှ အကူအညီပေးနေသော မြန်မာ စစ်အစိုးရ၏ ဒုံးကျည် နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် အသုံးချမည်ဟု ဂျပန်ရဲများက ယုံကြည် ထားကြသည်။ တဖန် ဂျပန် သတင်းထောက်များ၏ သုံးသပ်ချက်အရ ဟောင်ကောင်တွင် အခြေစိုက်ထားသော မြောက်ကိုရီးယား ကုန်သွယ်မှု ကုမ္မဏီ မှ နေ၍ အဆိုပါ ကိရိယာ ကို မြန်မာ နိုင်ငံ ဘက်မှ တဆင့် မြောက်ကိုရီးယား ပေးပို့ရန် ကြံစည် နိုင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆို လျှက်ရှိ ကြသည်။
( လူထအသံမှ ကောက်နှုတ်ချက် )
+++++

စံပြရွာသားများ နေအိမ်များကို စွန့်ခွာထွက်ပြေး

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး -နတလ အစီအစဉ်ဖြင့် တည်ဆောက်ထားသော စံပြကျေးရွာများရှိ ရွာသားများသည် စားဝတ်နေရေး ခက်ခဲသဖြင့် နေရပ်ရင်းသို့ ပြန်လည်ထွက်ပြေးမှုများ ရှိနေသည်။

ဘူးသီးတောင်နှင့် မောင်တောမြို.နယ်အတွင်း စံပြရွာများ တည်ဆောက်ထားသည့်အနက် မောင်တောမြို့နယ်ရှိ ခရေမြိုင်၊ ရွှေရင်အေး၊ တောင်ပြိုနှင့် လောင်ဒုံ ရွာများသို့ ယခုနှစ် ဧပြီလတွင် ရောက်ရှိလာသော မိသားစု ၁၅၀ အနက် ယခုအခါ ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၁ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

မြောက်ကိုးရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နိုင်ဟု သတင်းများထွက်ပေါ်

စ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ တရားမ၀င် တင်ဆောင် လာသည်ဟု သံသယဖြစ်ပွားခံရသည့် Kang Nam ကုန်တင် သင်္ဘောသည် မူလလာရင်းလမ်းကြောင်းပြောင်းပြီး မြောက်ကိုရီးယားနိုင်ငံဘက်သို့ ပြန်လည်ဦးတည် ခုတ်မောင်း နေပုံရကြောင်း သံတမန်သတင်းရပ်ကွက်များကို ကိုးကားပြီး ယနေ့ထုတ် တောင်ကိုရီးယားသတင်းစာ Korea Herald တွင် ဖော်ပြသည်။

ယင်းသို့ သင်္ဘော နောက်ကြောင်းပြန်လှည့်နေသည့်သတင်းကို အမေရိကန် ပင်တာဂွန်အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ပါရှိကြောင်းလည်း ဖော်ပြထားသည်။

အကယ်၍ Kang Nam သင်္ဘော နောက်ကြောင်းပြန်လှည့်သည် ဆိုသည့်အချက် မှန်ကန်ပါက မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တားမြစ်ချက်များ သက်ရောက်မှုရှိသည်ကို ပြသခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောသည်။

ယင်းသို့ မြောက်ကိုရီးယားသင်္ဘော နောက်ကြောင်းပြန်လှည့်နေသည်ဆိုပါက ကုလသမဂ္ဂ၏ တားမြစ်ပြဋ္ဌာန်းချက် ၁၈၇၄ သည် သက်ရောက်မှုရှိလာပြီဖြစ်ကြောင်း ကိုရီးယားသိပ္ပံ ကာကွယ်ရေးဆိုင်ရာသုံးသပ်မှုဌာနမှ ကျွမ်းကျင်သူ ကင်တေ၀ူးက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြည့်စွက်ပြဋ္ဌာန်းချက် ၁၈၇၄ တွင် တရားမ၀င်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည်ဟု သံသယရှိခြင်းခံရသည့် မြောက်ကိုရီးယားသင်္ဘောများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရှာဖွေခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ထိုပြဋ္ဌာန်းချက်ကို ပြီးခဲ့သည့်မေလတွင် မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက်အသစ်ချမှတ်လိုက်ပြီးသည့်နောက် Kang Nam မြောက်ကိုရီးယားသင်္ဘောသည် နိုင်ငံတကာ၏ စောင့်ကြည့်စိစစ်ခြင်းခံရသည့် ပထမဆုံးသင်္ဘောဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကရင်စစ်ပြေးဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွှေ့မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် ကရင် စစ်ပြေးဒုက္ခသည် ၃ဝဝဝ ကျော်အား ထိုင်း- မြန်မာနယ်စပ် ‘ထီးနူခို့’ ယာယီနေရာအသစ်သို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက စီစဉ်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ - KHRG က ပြောသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့က Black ranger ခေါ် အမဲရောင်ဝတ်စုံဝတ် ထိုင်း သစ်တော စောင့်ရှောက်ကာကွယ်ရေး အဖွဲ့၊ ကုလ ဒုက္ခသည် ကော်မတီ၊ အစိုးရမဟုတ်သော NGO အဖွဲ့များ၊ နယ်မြေခံ ထိုင်းစစ်တပ်နှင့် အရပ်ဘက် တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေး၌ ယင်းကိစ္စကို ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

နေရာအသစ်တွင် ၂-၃ လခန့်သာ နေထိုင်ခွင့်ပေးထားမည်ဖြစ်ပြီး အကယ်၍ ဒုက္ခသည်များအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ သူတို့၏ နေရပ်ရင်းသို့ ပြန်ရန် လုံခြုံရေးအရ မဖြစ်နိုင်ပါက ယခင်ရှိပြီးသား မယ်လဒုက္ခသည်စခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်စေမည်ဟု သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လမ်းပြင်ပေးမည်ပြောပြီး ကြံ့ဖွဲ့ထဲဝင်ခိုင်း

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် လမ်းပြင်ပေးမည်ဟု ပြောပြီး အဆိုပါလမ်းတွင် နေထိုင်သူများကို ကြံ့ဖွံ့အဖွဲ့ထဲဝင်ရန် ဖိအားပေးနေကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ပြင်ဆင်ပေးခြင်းမရှိသည့် ဆိုးဝါးနေသည့်လမ်းများကို ကြံ့ဖွံ့အဖွဲ့ဝင်များက ရပ်ကွက်လူကြီးများမှတဆင့် လမ်းပြင်ပေးမည်၊ ပြည်သူများက ငွေထည့်စရာမလိုကြောင်း၊ သို့သော် လမ်းတွင်းနေထိုင်သူများက ကြံ့ဖွံ့အဖွဲ့သို့ ၀င်ရမည်ဟု ပြောဆိုစည်းရုံးနေကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။

ငွေမထည့်ရဘဲ လမ်းပြင်ပေးမည်ဆိုခြင်းကြောင့် ရပ်ကွက်အတွင်းနေထိုင်သူအများစုက ကြံ့ဖွံ့အဖွဲ့ဝင်ရန် လျှောက်လွှာ ဖြည့်စွက်ကြကြောင်း သိရသည်။

အလားတူလုပ်ရပ်များကို ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ယခုတလော လုပ်ကိုင်နေပြီး အင်းစိန် တောင်သူကုန်း ရပ်ကွက်တွင်မူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကိုယ်တိုင် ဦးစီးကြောင်း ဒေသခံများက ပြောသည်။ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များ၌လည်း ကိုယ့်ငွေကိုယ် စိုက်ထုတ်ပြီး ရေပိုက်၊ ရေမြောင်း၊ ပလက်ဖောင်းပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးမှ ဦးစီးပြီး ပြုလုပ်နေပါသည်ဆိုသည့် ဆိုင်းဘုတ်ချိတ်ဆွဲပြီး လုပ်နေကြကြောင်း မြို့ခံများက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ကူမင်း ကျောက်မျက်ပွဲတွင် ရွှေလီရောက် မြန်မာများ ပြသခွင့်ရ

ရွှေလီ (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံ ကျောက်မျက်ရတနာ ပြပွဲသို့ တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီရှိ မြန်မာကျောက်ကုန်သည်များ တက်ရောက်ရန် အာဏာပိုင်များက ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်။

ဤသည်မှာ ၂၀၀၃ ခုနှစ် နောက်ပိုင်း နှစ်စဉ်ကျင်းပလာသည့် ယင်း ကျောက်မျက်ပွဲသို့ တရုတ်နိုင်ငံ နယ်စပ်မြို့နေ မြန်မာကျောက်ကုန်သည်များအား ပထမဆုံးအကြိမ် သွားရောက်ခွင့်ပြုခြင်းလည်း ဖြစ်သည်။

အစည်းအဝေးသို့ ရွှေလီအစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာများ တက်ရောက်ခဲ့ကာ ကုန်သည်များ လိုက်နာရမည့် စည်းကမ်းချက်များကိုပါ သတ်မှတ်ပေးလိုက်သည်။

ပြပွဲတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရန်၊ အတင်းအဓမ္မ ခေါ်ယူရောင်းချခြင်းနှင့် ကျောက်မျက် အတုများ သယ်ဆောင်ရောင်းချခြင်း မပြုရန်၊ ကျောက်အရည်အသွေးကို မှန်ကန်စွာ ပြောဆိုရောင်းချရန် ညွှန်ကြားခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ကျောင်းသားများ နှာခေါင်းစည်းမတတ်ရန် ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား

ကမ္ဘာ့လူတုပ်ကွေး ရောဂါကာကွယ်ရန်အတွက် ကျောင်းသားကျောင်းသူများအားလုံး အကာအကွယ် အဖြစ် နှာခေါင်းစည်း၊ ပါးစပ်စည်းများ တပ်ဆင်ကြသည် ကို ရန်ကုန်တိုင်းရုံးက မလိုလားကြောင်း ရန်ကုန်မြို့ခံများ က ပြောသည်။

ယင်းသို့ မလိုလားသည့်အတွက် ရန်ကုန်ရှိ နာမည်ကြီး စာသင်ကျောင်းများသို့ ဆက်သွယ်ကာ နှာခေါင်းစည်း၊ ပါးစပ်စည်းများ မတပ်ဆင်ရန် ကျောင်းအုပ်ကြီးများကို အကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

အလုံမြို့နယ်ရှိ ကျောင်းတကျောင်းမှ ပညာရေးဝန်ထမ်းတဦးကမူ နှာခေါင်းစည်းများ မတပ်ရဆိုသည့် ညွှန်ကြားချက်ကို ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့သားသမီးများ တုပ်ကွေးအန္တရာယ်က ကင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်လိမ့်မည်မထင်ကြောင်း ပြောသည်။

ရန်ကုန်ရှိ နာမည်ကြီးကျောင်းများတွင် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ ပါးစပ်စည်းများကို ဇွန်လ (၂၈) ရက်နေ့ကပင် တပ်ဆင်သူကျောင်းသားအချို့ရှိခဲ့ရာမှ ယခုနောက်ပိုင်း ကျောင်းသားတိုင်းလိုလို တပ်ဆင်လာကြကြောင်း အ.ထ.က (၁) ဒဂုံမှ ဆရာမတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်သူများ သတ်မှတ် ဆေးခန်းများတွင်သာ ဆေးစစ်ရန် ညွှန်ကြား

ရန်ကုန်မြို့ရှိ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီများအနေဖြင့် နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်မည့်သူများအား ဆေးစစ်မှုပြုလုပ်စေရာတွင် သတ်မှတ်ထားသည့် ဆေးခန်း၊ ဓာတ်ခွဲခန်းတွင်သာ ဆေးစစ်စေရန်နှင့် ယင်းဆေးစစ်ချက်များ ဖြင့်သာ လျှောက်လွှာလက်ခံတော့မည်ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံခြားသံရုံးအချို့က ထုတ်ပြန်လိုက်သည်။

မည်သည့်အကြောင်းကြောင့်ဟု နိုင်ငံခြားသံရုံးများက အကျယ်တ၀င့်ရှင်းပြခြင်းမရှိသော်လည်း အလုပ်သမားများ၏ ဆေးအောင်ချက် တိကျမှန်ကန်စေရန်ဟု ရေးသားထားကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီတခုမှ ဒါရိုက်တာတဦးက ပြောသည်။ ယခုအပတ်အတွင်း ဆေးစစ်ချက် ကန့်သတ်လိုက်သည့်သံရုံးများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံ တို့ဖြစ်ပြီး သက်ဆိုင်ရာသံရုံးများမှ သတ်မှတ်ထားသည့် ဓာတ်ခွဲခန်းများ၌ ဆေးစစ်ခမှာ (၅) သောင်းမှ (၆) သောင်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး သာမန်ဆေးစစ်ဌာနများတွင် (၁) သောင်းခွဲဝန်းကျင်သာ ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချနိုင်ရန် ကြံစည်သည်ဟု အေအေပီပီ ပြောကြား

ယနေ့ထုတ် ပြည်တွင်းအပတ်စဉ် ဂျာနယ်ဖြစ်သည့် နံနက်ခင်းသတင်း ဂျာနယ်တွင် ပါရှိသည့် သတင်းစာ ရှင်းလင်းပွဲ သတင်းတွင် အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလီယံယက်တော မဲဆောက်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ရုံးသို့ သွားရောက်ခဲ့သည့် ဓာတ်ပုံများအား အသားပေးဖော်ပြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့်အမှု အမြန်ပြီးဆုံးရန် မတရားကြံစည်ခြင်းဖြစ်သည်ဟု အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

အေအေပီပီရုံးတွင် ဆိုးဝါးလှသည့် မြန်မာနိုင်ငံမှ အကျဉ်းထောင်များ၏ အခြေအနေများနှင့် ပတ်သက်၍ ပြခန်းထားရှိသဖြင့် နေ့စဉ်နီးပါး နိုင်ငံခြားသားများနှင့် အခြားဧည့်သည်များ လာရောက်လေ့ရှိသည်။

နအဖစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးထောင်သွင်း အကျဉ်းချနိုင်ရန်အတွက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများကို ခုတုံးလုပ်၍ မတရားသည့် သက်သေအထောက်အထားများ ရရှိရန် ကြံစည်နေသည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) အေအေပီပီက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++
ဇွန်လ ၂ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

ဘန်ကီမွန်း ခရီးစဉ်အတွင်း NLD ဗဟိုအမှုဆောင်များနှင့် တွေ့ဆုံမည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ဆုံမည်ဟု အန်အယ်လ်ဒီက ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံမည်ဖြစ်ကြောင်း အာဏာပိုင်များဘက်မှ ယနေ့အကြောင်း ကြားခဲ့သည်ဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဘက်မှ တွေ့ဆုံမည့် (၄) ဦးမှာ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးစိုးမြင့်တို့ ဖြစ်သည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိမ့်မည်ဟု သတင်းများပေါ်ထွက်နေသော်လည်း ယခုအချိန်ထိ အကြောင်းကြားခြင်းမရှိသေးဟု ဦးဉာဏ်ဝင်းက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မနက်ဖြန် မြန်မာနိုင်ငံသို့ ရောက်ရှိမည့်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်မှလာသော ဒီပီအေသတင်းတွင် ဖော်ပြသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဗကသ အထက်ဗမာပြည် တိုးချဲ့ဖွဲ့စည်း


ချင်းမိုင် (မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အထက်ဗမာပြည် (ယာယီ) ကို မန္တလေးမြို့၌ ဇွန်လ ၃၀ ရက်နေ့က လျှို့ဝှက်ကျင်းပသည့် အစည်းအဝေးတရပ်တွင် တိုးချဲ့ ဖွဲ့စည်းလိုက်သည်။

စစ်အစိုးရအဆက်ဆက်ကို မြေအောက်သဏ္ဍာန်ဖြင့် ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဗကသ၏ အထက်ဗမာပြည် စည်းရုံးရေးကော်မတီ (ယာယီ) ကို လူမျိုးပေါင်းစုံ ၇ ဦးဖြင့် ထပ်မံ၍ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားခြင်း ဖြစ်သည်။
ကိုလိုနီနယ်ချဲ့ လက်အောက်၌ မြန်မာနိုင်ငံ ကျရောက်နေသည့် ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၁၉၅၁ ခုနှစ်တွင် နိုင်ငံတဝန်း ကျောင်းသားထုအား ကိုယ်စားပြုမည့် သမိုင်းဝင် ဗကသ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒီဂျင်တယ်ဖိုင်စနစ် စာပေစိစစ်ရေးအကျိုးအတွက်သာဖြစ်

လာမည့် သြဂုတ်လ (၁) ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိကဂျာနယ်၊ မဂ္ဂဇင်းများသည် စာပေစိစစ်ရေးသို့ တင်ပြမည့် ၎င်းတို့ ပုံနှိပ်ထုတ်ဝေမည့် စာမူများကို စက္ကူပေါ်တွင် မိတ္တူကူးပြီး တင်ပြရမည့်စနစ်အစား ဒီဂျစ်တယ်ဖိုင် (PDF File) အဖြစ် စီဒီနှင့် ပြောင်းလဲတင်ပြရတော့မည်ဖြစ်သည်။

ဒီဂျစ်တယ်ဖိုင်ရှိထားခြင်းအားဖြင့် စာပေစိစစ်ရေးအနေဖြင့် ၎င်းတို့လိုရာသို့ ချက်ချင်းသတင်းပေးပို့ရန် လွယ်ကူသွားသည့်အပြင် နေပြည်တော်တွင်ရှိသည့် စာပေစိစစ်ရေး၏ အထက်ဗိုလ်ချုပ်များကိုလည်း သတင်း၊ ဆောင်းပါးများနှင့်ပတ်သက်ပြီး ချက်ချင်းအစီရင်ခံနိုင်မည်ဖြစ်သည်ဟု အဆိုပါ သတင်းအယ်ဒီတာက ပြောသည်။

စာပေစိစစ်အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ရကိုင်ရ လွယ်ကူသွားမည်ဖြစ်သော်လည်း လက်ရှိကျင့်သုံးနေသည့် စာပေစိစစ်ရေးဆိုင်ရာမူနှင့် လုပ်ထုံးလုပ်နည်းများကိုမူ လုံးဝ အလျော့ပေးမည်မဟုတ်သည့်အတွက် စိစစ်ဖြတ်တောက်မှု လျော့ကျသွားမည်မဟုတ်ကြောင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ဘားအံတွင် တုပ်ကွေးဖြစ်သူ များနေ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ်ဆေးရုံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် လူနာ အများအပြား ရှိနေကြောင်း မြို့ခံများက ပြောသည်။

ဖြစ်ပွားသူများထဲတွင် ကလေးငယ်များနှင့် အသက် ၁၇ နှစ်ထိ ပါဝင်ကြောင်း ဘားအံမြို့နယ်ဆေးရုံတွင် တုပ်ကွေးဖြစ်၍ ဆေးရုံတက် ကုသခဲ့ရသည့် ကလေးငယ်တဦး၏ မိခင်က ပြောသည်။

ရောဂါ ဖြစ်ပွားသူများတွင် ကိုယ်ပူချိန်မြင့်ခြင်း၊ မျက်စေ့နီခြင်း၊ အဖျားကြာခြင်း၊ အနီဖုများထွက်ခြင်း စသည့် လက္ခာဏာများ တွေ့ရသည်ဟု သိရသည်။

ဘားအံဆေးရုံရှိ ကုတင် ၂၀ ရှိ အခန်းတွင် ကုတင်မဆန့်သဖြင့် ကြမ်းပြင်ပေါ်၌ပင် ဖြစ်သလိုနေ၍ ကုသမှုခံနေရသည့် လူနာများလည်းရှိကြောင်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

နအဖ တပ်ရင်းမှူးအမိန် အပစ်ရပ်အဖွဲ့များ မလိုက်နာ

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ် နှစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နယ်မြေခံ နအဖ တပ်ရင်းမှူး ချမှတ်ထားသည့် ကန့်သတ်မှုများအား ယင်းဒေသအခြေစိုက် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများက လိုက်နာခြင်း မရှိဘဲ ငြင်းဆန်နေကြကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး နောက်တရက် ဇွန် (၂၉) ၌ ခလရ (၃၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခင်ဇော်က အပစ်ရပ်အဖွဲ့များ အား ခေါ်တွေ့ကာ မည်သည့်အဖွဲ့အစည်းဟု ခွဲခြားရန် လွယ်ကူစေရေး အကြောင်းပြကာ အလံ (သို့မဟုတ်) အရောင်များဖြင့် ခွဲခြား၍ သေနတ်တိုင်းတွင် တပ်ဆင်ထားကြရန် အမိန့်ပေးခဲ့သည်။

အပစ်ရပ်အဖွဲ့အစည်းများကမူ ဇူလိုင် (၂) ရက် ယနေ့အထိ ယင်းအမိန့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိကြချေ။

အလံအရောင်များအနေဖြင့် မွန်ပြည်သစ်ပါတီအား အနီရောင်၊ ဒီကေဘီအေအား အဝါရောင်နှင့် ကေပီအက်ဖ်အဖွဲ့အား အပြာရောင်အလံများ (သို့မဟုတ်) သေနတ်ဒင်များတွင် အရောင်ခြယ်ထားရန် အဆိုပါနယ်မြေခံ နအဖတပ်ရင်းမှူးက အမိန့်ပေးထားကြောင်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်ဖြစ်သူက ဆက်လက်ပြောကြားသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ချင်းပြည်နယ် မိုးခေါင်သဖြင့် စပါး မစိုက်နိုင်သေး

နယူးဒေလီ (မဇ္ဈိမ)။ ။ မိုးရွာသွန်းမှု နောက်ကျသဖြင့် ချင်းပြည်နယ်တွင် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံများနှင့် ဒေသတွင်း အခြေစိုက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။

နှစ်စဉ် မေလအတွင်း မိုးဦးကျတတ်သော်လည်း ယခုအချိန်ထိ ချင်းပြည်နယ် တခုလုံးနီးပါး၌ မိုးရွာသွန်းမှု မရှိသေးသောကြောင့် မြို့နယ် ၉ မြို့နယ်စလုံးရှိ တပိုင်တနိုင် ဝမ်းစာစပါး စိုက်ပျိုးရေး လုပ်ငန်းများ စတင်ရန် အခက်ကြုံနေရကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်း ဝါးသီး သီးပြီးနောက် ကြွက်များသည် ဝါးအပွင့်များကို စားသုံး၍ ပိုမို၍ မျိုးပွားမှုနှုန်း မြင့်တက်လာကာ အစားအစာအဖြစ် လယ်ယာစိုက်ခင်းများကို စားသောက်ဖျက်ဆီးသဖြင့် ဟားခါး၊ ထန်ထလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်ရှိ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများသည် မျိုးစပါးနှင့် စိုက်ပျိုးစရိတ် ပိုမိုခက်ခဲနေကြောင်းလည်း သိရသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++
ဇွန်လ ၃ ရက်
ရက်သတ္တပတ် ၂၇၊ ၂၀၀၉
မြန်မာသတင်း

မစ္စတာဘန်၏ မြန်မာ့အရေး အစီအစဉ်ကို ဒေါ်စု ထောက်ခံ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အဓိက ဆွေးနွေးမည့် အကြောင်းကိစ္စ ၃ ရပ် အပေါ် အထိန်းသိမ်းခံ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူသည်။

မြန်မာစစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာနှင့် ပတ်သက်၍ အဖြေရာရန် ဘန်ကီမွန်း၏ အဓိက အစီအစဉ် ၃ ရပ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ခေါင်းငြှိမ့်ပြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ကြာသပတေးနေ့တွင် မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများအရေး ဖြေရှင်းရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးရေး ပြန်လည်ဖော်ဆောင်ရန်နှင့် ၂၀၁၀ တွင် ပြုလုပ်ရန် လျာထားသည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ဖြစ်စေရန်သော စသည်တို့ကို ဆွေးနွေးရန်အတွက် ရည်ရွယ်သည့် မစ္စတာ ဘန်၏ အစီအစဉ်ကို သိရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ယခုလို ပေါ်ထွက်လာခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံ ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီးနောက် ဇူလိုင် (၁၀) ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ (၄) ဦးနက် (၃) ဦးကို အင်းစိန်ထောင်အထူးတရားရုံးက ပယ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြင်ဆင်ခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ဇွန် (၂) ရက်တွင် အယူခံတင်သွင်း ခဲ့ရာမှစ၍ အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းများကို တလလုံးလုံး ရွှေ့ဆိုင်းပေးနေခဲ့ရခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

Weekly Eleven က RFA နှင့် မဇ္ဈိမကို တိုက်ခိုက်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ပအခြေစိုက် လွတ်လပ်သည့်အာရှအသံ RFA နှင့် မဇ္ဈိမသတင်းဌာနသည် ပြည်တွင်း အပတ်စဉ်ဂျာနယ်တခုဖြစ်သော Weekly Eleven မှ သတင်းထောက်တဦးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ ကျင့်ဝတ်နှင့် လျော်ညီခြင်း မရှိကြောင်း Weekly Eleven က တိုက်ခိုက်ပြောဆိုလိုက်သည်။

Weekly Eleven မှ သတင်းထောက် ကိုဝင်းမြင့်ကျော်သည် A (H1N1) တုပ်ကွေးရောဂါပိုး ကူးစက်ခံထားရသော မိန်းကလေး ငယ်တဦးနှင့် ပတ်သက်၍ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်သတင်းယူခဲ့ရာမှ ဆေးစစ်ခံခဲ့ရသည့် အဖြစ်အပျက်အား ရည်ရွယ်စွပ်စွဲခြင်း ဖြစ်သည်။

ကိုဝင်းမြင့်ကျော်သည် လုံခြုံရေးဝန်ထမ်းများအား လာဘ်ထိုး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ A (H1N1) လူနာအား ဓာတ်ပုံရိုက်ရန်ကြိုးစားစဉ် အာဏာပိုင်များ၏ ‘ဖမ်းဆီးထိန်းသိမ်း’ ခြင်းခံခဲ့ရသည်ဟု ယခုလ ၁ ရက်နေ့ RFA သတင်း တပုဒ်တွင် ပြည်တွင်းသတင်းထောက်တဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။

Weekly Eleven ကမူ ဖမ်းဆီးထိန်းသိမ်းခြင်း မဟုတ်ဘဲ “တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကြောင့်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်နုနုသာ၏ စီစဉ်မှုဖြင့် ဝေဘာဂီကူးစက်ဆေးရုံသို့ A (H1N1) ပိုး ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ပို့ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ရေးသားထားသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေး ထူထပ်စွာ ချထား

အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ယနေ့ရုံးချိန်းထုတ်သည့်အတွက် ထောင်ရှေ့နှင့် ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးများ ထူထပ်စွာချထားကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။

ထို့ပြင် မီးသတ်စခန်းတွင် လုံထိန်းရဲကား (၆) စီး အသင့်ရပ်ထားကာ အင်းစိန်ဈေးရှေ့မှ ထောင်ဘူးဝဘက် သွားသည့်လမ်းကို သံဆူးကြိုးများဖြင့် ပိတ်ကာထားပြီး လုံထိန်းရဲကား (၄) စီးက လူများစုနေသည့်နေရာအနီးတွင် ကပ်လျက်ရပ်ထားသည်ဟု မျက်မြင်ဖြစ်သူက ပြောသည်။

လမ်းသွယ်များထိပ်၌လည်း သံဆူးကြိုးခုံများနှင့် ရဲများကို ခပ်စိပ်စိပ်ချထားပြီး ထောင်ဘူးဝ၏ အခြားတဖက် ပေါက်တောဝဘက် ၌လည်း လုံထိန်းရဲကားများ ချထားကြောင်း သိရသည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ပဲခူးမှာ ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွား

နယူးဒေလီ။ ။ ပဲခူးတိုင်း၏ မြို့တော် ပဲခူးမြို့ရှိ ကလေးသူငယ် အများအပြားသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေကြောင်း သိရသည်။

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ သွေးလွန်းတုပ်ကွေး ဖြစ်ပွားနေသဖြင့် တက်ရောက်ကုသနေသည့် ကလေးသူငယ်များ ပြည့်နှက်နေပြီး၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းများ၌လည်း လာရောက်ကုသသူ အများအပြားရှိကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။
သွေးလွန်တုပ်ကွေးသည် မိုးရာသီအတွင်း ဖြစ်လေ့ရှိသော်လည်း ပဲခူးမြို့၌ ယခုနှစ် နွေရာသီအတွင်း ဖြစ်ပွားမှု အနည်းငယ် စတင်ခဲ့ရာမှ ယခု မိုးဦးကျချိန်၌ပင် ဖြစ်ပွားမှု ဆိုးရွားနေခြင်း ဖြစ်သည်။

ရိုးရိုးတုပ်ကွေး (သို့) ရာသီတုပ်ကွေးသည် အအေးပတ်သည့် လက္ခဏာဖြစ်သည့် နှာစေးခေါင်းဆိုးနှင့် လည်ပင်းနာခြင်း၊ တကိုယ်လုံး ကိုက်ခဲခြင်းမျိုး ပြသ၍ အဖျားတက်လေ့ရှိသော်လည်း ယခု တုပ်ကွေးမှာမူ အဆိုပါ လက္ခဏာများ မပြသဘဲ ရုတ်တရက် ကိုယ်အပူချိန် မြင့်တက်လာကာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်သည်။

သာမန်အဖျားအနာ တခုအဖြစ် ထင်မှတ်ကာ ကုသမှု နောက်ကျသဖြင့် အသက်ဆုံးရှုံးရသည့် ကလေးငယ်တချို့ပင် ပဲခူးတွင် ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)
+++++

လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို

ငြိမ်းချမ်းရေးအဖွဲ့များအတွင်းမှ သင့်တော်သူတိုင်းရင်းသားခေါင်းဆောင်များကို ရွေးချယ်ကာ တပ်မတော်အကြီးအကဲက လွှတ်တော်အမတ်အဖြစ် ခန့်အပ်ပေးရန် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့က တောင်းဆိုထားသည်။

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေးတွင် (NDA-K) ဥက္ကဋ္ဌ ဇခုံတိန့်ယိန်းက တင်ပြခြင်းဖြစ်သည်။

ဇွန် (၂၄) ရက်တွင် တရုတ်-မြန်မာနယ်စပ် NDA-K ဗဟိုဌာနချုပ်ရှိရာ ပန်ဝါမြို့၌ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးသည့် အစည်းအဝေး ကျင်းပစဉ် ဥက္ကဋ္ဌ ဦးဇခုံတိန့်ယိန်း ပြောကြားချက်အပါအဝင် အဆိုပါ အစည်းဝေးမှတ်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စုစုပေါင်း လွှတ်တော်အမတ်၏ (၂၅) ရာနှုန်းကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ် ခန့်အပ်ထားမည်ဖြစ်ပြီး ငြိမ်းအဖွဲ့မှ ခေါင်းဆောင်များကိုလည်း အလားတူ ရွေးချယ်ခန့်အပ်ရန် တောင်းဆို လိုက်ခြင်းဖြစ်သည်။
( ခေတ်ပြိုင်သတင်းမှ ကောက်နှုတ်ချက် )
+++++

ရွှေဝါရောင် ပါဝင်သူများ မဲလ ဒုက္ခသည်စခန်း ရောက်ရှိ

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းသို့ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသူ ၉၈ ဦး ယခင်လ (၃၀) ရက်နေ့က ရောက်ရှိလာကြောင်း စခန်းတာဝန်ရှိသူတဦး အပြောအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကို ကူညီနေသည့် Thailand-Burma Border Consortium-TBBC နှင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ရောက်ရှိလာကြခြင်းဖြစ်ပြီး သံဃာတော် (၈) ပါး လည်းပါဝင်ကြောင်းသိရသည်။

အဆိုပါ ဒုက္ခသည်များသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ်ဆိုလမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြပြီး ဖမ်းဆီးခံရမည့်ဘေးမှ လွတ်မြောက်ရန် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာကြသူများဖြစ်သည်။

စခန်းထဲသို့ရောက်ရှိလာသူ ကိုမြင့်လွင်က “ဘုန်းကြီးတွေနဲ့အတူ မြို့ထဲမှာလမ်းလျှောက်တယ်။ ဝတ်ပြု ဆုတောင်းပွဲတွေလုပ်တယ်။ ဘုန်းကြီးတွေကို အကာကွယ်ပေးရင်းနဲ့ အခွေတွေဖြန့်တယ်။ ကျနော်တို့က ပြည်တွင်းမှာနေလို့မရတော့လို့ အသိမိတ်ဆွေတွေ ညွန်ကြားတာနဲ့ ဒီဘက်ကို ထွက်ပြေးလာကြရင်းနဲ့ အဆင့်ဆင့် ဒီကိုရောက်လာတာပါ” ဟု မဇ္ဈိမသို့ပြောသည်။

ဒုက္ခသည်များအား ယခုလ (၆-၁၀) ရက်အတွင်း အမေရိကန်နိုင်ငံသို့ အခြေချရန် ထွက်ခွာကြရ မည်ဖြစ်ကြောင်း၊ အမေရိကန်သံရုံး၏ စာရင်းများအရ သိရသည်ဟု သူကပြောသည်။
(မဇ္ဈိမသတင်းမှ ကောက်နှုတ်ချက်)